မောင်ဦး - ၈/၈၂ အင်းလျားကို ကြိုဆိုခြင်း


မောင်ဦး - ၈/၈၂ အင်းလျားကို ကြိုဆိုခြင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၅

လွန်ခဲ့တဲ့ ၂ ရက် (၂၉ ဇန္နဝါရီ ၂၀၁၅)က အဆိုတော် ‘မွန်းအောင်’တစ်ယောက် မြန်မာပြည်ကို ပြန်လာတယ်။ ဖေဖေါ်ဝါရီလထဲမှာ ဖျော်ဖြေပွဲတစ်ခု စီစဉ်မယ်လို့ ကြားရတဲ့အခါ သူ့ပရိသတ်တွေအားလုံးက ဝမ်းသာကြတယ်။ မွန်းအောင်ရဲ့ပွဲအတွက် စိတ်လှုပ်ရှားနေကြတယ်။ ဒီလိုအချိန်မှာ ကျွန်တော် ရေးခဲ့ဖူးတဲ့ စာတစ်ပုဒ်ကို သတိရမိတယ်။ ‘လွမ်း … ဝတ်မှုန်’ တဲ့။ အဲဒီ့စာထဲက တစ်ချို့တစ်ဝက်ကို ဖော်ပြပေးချင်ပါတယ်။

“မနေ့က (၁၁ ဇူလိုင် ၂၀၁၂) သူငယ်ချင်းတွေက ‘မွန်းအောင်နဲ့ တွေ့ဆုံခြင်း’ ဆိုတဲ့ ဧရာဝတီက သတင်းကိုမျှကြတယ်။ အဲဒီတုန်းက ‘မွန်းအောင်’ အကြောင်းရေးဖို့ စိတ်မကူးမိဘူး။ဒီနေ့မနက် အလုပ်သွားတော့ မန္တလေး FM က တိုက်တိုက်ဆိုင်ဆိုင် မွန်းအောင်ရဲ့ သီချင်း ‘ဝတ်မှုန်’ ကို လွှင့်တယ်။ ‘ခင်မောင်တိုး’ ပြန်ဆိုထားတာပေါ့။ သီချင်းနားထောင်နေရင်းနဲ့ ကျွန်တော်တို့ကျောင်းသားဘဝကို ချက်ချင်းပြန် အမှတ်ရသွားမိတယ်။ ပတ်သက်မှုတွေရှိတာလည်း ပါတာပေါ့လေ။ ဝတ်မှုန် သီချင်းက ဇာတ်လမ်းရှိတယ်ဗျ။ ညောင်မြစ်တူးတာမဟုတ်ဘဲနဲ့ ပုတ်သင်ဥတွေပေါ်ကုန်ရင်တော့ မတတ်နိုင်ဘူးနော်။(ဟဲဟဲ)

ဒီလိုဗျ။ ကျွန်တော်တို့သူငယ်ချင်းတွေထဲမှာ ဝတ်မှုန် သီချင်းကို စွဲစွဲလန်းလန်းကြိုက်တဲ့သူတစ်ယောက်ရှိတယ်ဗျ။ သူ့ကောင်မလေးကို ကျွန်တော်တို့က ‘ပန်းကလေး’ လို့ နာမည်ဝှက်ပေးထားကြတယ်။ ‘ဝတ်မှုန်’ သီချင်းကလည်း ‘ပန်းကလေးရယ်…၊ ဘာညာ …’ ဆိုတော့ ဒီသီချင်းဟာ ကျွန်တော်တို့ဂစ်တာစုပြီးတီးကြရင် မပါမဖြစ်ပေါ့ဗျာ။ ဒါပေမယ့် အဲဒီသီချင်းကို ကျွန်တော်တို့ မဆိုကြဘူး။ ပန်းကလေးနဲ့သက်ဆိုင်တဲ့သူ (သူ့ဘာသာဆိုင်နေတာ။ ဟိုက သိတောင်မသိဘူး။) ကသာ ဆိုနေကျ။ ခံစားမှုအပြည့်နဲ့ ဆိုတော့ နားထောင်ရတာ အတော်ကောင်းတယ်။ (နည်းနည်းလောက်တော့ မြှောက်ပင့်ပေးထားမှ အဆဲအဆိုလေး လွတ်မှာ။) သဇင်ဆောင်ရှေ့ သီချင်းသွားဆိုရင်လည်း အဲဒါ သူ့သီချင်း။ တစ်ယောက်ကလည်း ဂစ်တာတီးတာ တော်တော်ကောင်းတော့ အတီးကလည်းကောင်း၊ အဆိုကလည်း ခံစားမှုတွေပြည့်နေတဲ့အခါမှာ သဇင်ညဟာ ကျွန်တော်တို့ငယ်ဘဝတွေထဲမှာ အမှတ်ရစရာတစ်ခုပေါ့လေ။ ပြောချင်တာက ‘ဝတ်မှုန်’ ဟာ ကျွန်တော်တို့သူငယ်ချင်းတွေရဲ့ ဖြတ်သန်းမှုတွေထဲမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့တာဆိုတော့ ‘ဝတ်မှုန်’ သီချင်းကို နားထောင်မိတိုင်း ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ဇာတ်ဆောင်တွေ၊ ဇာတ်လမ်း အဖြစ်အပျက်တွေပေါ်လာတယ်။ ‘ဝတ်မှုန်’ ဟာ သီချင်းသက်သက်အနေနဲ့သာ မဟုတ်တော့ဘဲ ဘဝတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကျွန်တော်တို့ကြားမှာရှိနေခဲ့တယ်။

ဒါကြောင့် ဒီနေ့ FM က ဝတ်မှုန်သီချင်းကို လွှင့်တာကို နားထောင်လိုက်ရတဲ့အခါမှာ ကျွန်တော်တို့ ပြန်မရနိုင်တော့တဲ့ ကျောင်းသားဘဝကို ချက်ချင်းပြန်သတိရသွားတယ်။ စိတ်ထဲမှာ မွန်းအောင်ကိုယ်တိုင်ဆိုထားတဲ့ ဝတ်မှုန် သီချင်းကို ပြန်နားထောင်ချင်မိလာတယ်။”
အခု ကျွန်တော်စိတ်ကူးယဉ်ခဲ့သလို မွန်းအောင်ကိုယ်တိုင်ဆိုပြတဲ့ မွန်းအောင်ရဲ့သီချင်းတွေကို ပြန်လည်နားထောင်ရဖို့ နီးစပ်လာပြီမို့ ဝမ်းသာမိတယ်။ ကျွန်တော်တို့ (အသက်လေးဆယ်ကျော် ငါးဆယ်တန်းတွေ)ရဲ့ လူငယ်ဘဝ ဖြတ်သန်းမှုမှာ မွန်းအောင်ရဲ့ သီချင်းတွေ သူ့ရဲ့အနုပညာတွေက လွှမ်းမိုးခဲ့မှာ သေချာပါတယ်။ အကယ်၍ စီစဉ်ထားတဲ့အတိုင်းသာ ဖျော်ဖြေပွဲကို ကျင်းပဖြစ်မယ်ဆိုရင် သူကိုယ်တိုင် သီဆိုပြတဲ့ သူ့သီချင်းတွေကို နားထောင်ရင်း၊ သံစဉ်တွေကြားမှာ စီးမြောရင်းနဲ့ လွန်ခဲ့သော နှစ်ကာလများကို အလည်တစ်ခေါက် ပြန်လည်သွားရောက်နိုင်မှာ ဖြစ်ပါတယ်။ ဖြူစင်သန့်ရှင်းတဲ့ လူငယ်ဘဝကို ပြန်လည်တမ်းတနိုင်မှာ ဖြစ်ပါတယ်။

အခု ဒီစာကိုရေးနေရင်းနဲ့ ၈/၈၂ အင်းလျားထဲက စာသားတစ်ပိုင်းတစ်စကို ကြားယောင်နေမိတယ်။
“သီဆိုနေမယ် မင်းဖို့ သီချင်းတွေ တစ်ညလုံးပဲ အင်းလျားလမ်းမပေါ်မှာလေ”


ကြိုဆိုပါတယ် ကိုမွန်းအောင်။ ။