အေးတူပူမျှ ငြိမ်းချမ်းတဲ့ နိုင်ငံတော်ဖြစ်ရေး လိုလားမှုဖော်ပြခဲ့ကြတဲ့ နယူးဇီလန်က ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်အခမ်းအနား

 အေးတူပူမျှ ငြိမ်းချမ်းတဲ့ နိုင်ငံတော်ဖြစ်ရေး လိုလားမှုဖော်ပြခဲ့ကြတဲ့ နယူးဇီလန်က ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်အခမ်းအနား
 
နယူးဇီလန် (ဇန်ဝါရီ ၂၄၊ ၂၀၁၅) ။ ။ ပြည်ပရောက် မြန်မာနိုင်ငံသား စာပေအနုပညာအင်အားစုများဖြစ်တဲ့ ကမ်းဝေးကြိုးကြာအဖွဲ့ရဲ့ အစီ အစဉ်နဲ့ နယူးဇီလန်နိုင်ငံ ဟယ်မင်တန်မြို့မှာ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့ ဇန်န၀ါရီ ၂၄ ရက်မှာ ကျင်းပခဲ့ကြပါတယ်။ ထို အခမ်း အနားမှာ တက်ရောက်လာကြသူများက ဗိုလ်ချုပ်လိုလားတဲ့ အေးတူပူမျှ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတနိုင်ငံဖြစ်ဖို့ ယနေ့တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့အနိဋ္ဌာရုံများအပေါ် ကန့်ကွက်မှုများလည်း ပြု လုပ်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ အောက်မေ့သတိရစကားများနဲ့ မြန်မာ့လွတ်လပ် ရေးအတွက် ဘ၀တလျှောက်လုံး အသက်ဆုံးခန်းတိုင်သည်ထိ စူးစူးနစ်နစ် မြှုပ်နှံပေးဆပ်ခဲ့တဲ့ ကျေးဇူးတရားများကို မျိုးဆက်သစ်လူငယ်များသိရှိနိုင်ဖို့ တက်ရောက်လာကြသူများက လက်ဆင့် ကမ်းပြောဆိုသွားခဲ့ကြပါတယ်။

ထို့အတူ ဗိုလ်ချုပ်လိုလားတဲ့ အေးတူပူမျှ ငြိမ်းချမ်းသာတဲ့နိုင်ငံအဖြစ်က လမ်းလွဲတိမ်းချော်သွားခဲ့တဲ့ စစ်အာဏာရှင် လက် အောက်က မြန်မာ့နိုင်ငံရေးအခြေအနေများကိုလည်း သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။ ထိုသို့ဆွေးနွေးကြပြီးနောက် တက် ရောက် လာသူများက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ၀မ်ပေါင်ကုမ္ပဏီဘက်ကရပ်တည်ပြီး ဒေသခံများသေ ကြေပျက်စီးသည့်တိုင် နှိမ်နင်းအကြမ်းဖက်နေတဲ့ အာဏာပိုင်များရဲ့လုပ်ရပ်များ၊  ကုလသမဂ္ဂသံတမန်တဦးဖြစ်သူ မစ္စ ယန်ဟီလီကို စင်ပေါ်မှ ရုန့်ရင်းကြမ်းတမ်းတဲ့စကားလုံးတွေသုံးစွဲပြီး လူအများကိုဟောပြောခဲ့တဲ့ဘာသာရေး အရေခြုံအရှင်ဝီရသရဲ့လုပ်ရပ်အပါအ၀င် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းမှာ အုပ်စုဖွဲ့ အဓမ္မကျင့်ပြီးနောက် သတ်ဖြတ်ခြင်း ခံရတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC က စေတနာဝန်ထမ်း ဆရာမနှစ်ယောက်အပေါ် ကျူးလွန်ခဲ့ကြတဲ့ဖြစ်ရပ်တို့ကို ကန့်ကွက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ကြပြီး တာဝန်ရှိတဲ့အာဏာပိုင်များက ထိုဖြစ်ရပ်များအပေါ် အမြန်ဆုံးအဖြစ်မှန် ဖော် ထုတ်အရေးယူပေးဖို့ ထိရောက်စွာတောင်းဆိုနိုင်မယ့် နည်းလမ်းများကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြ ပါတယ်။

အခမ်းအနားမှာ ပါဝင်တက်ရောက်ခဲ့တဲ့ မြန်မာမိသားစုများရဲ့သားသမီးငယ်များကလည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပန်းချီကားများကို စိတ်ပါဝင်စားစွာ ရေးဆွဲခဲ့ကြပါတယ်။