တူမောင်ညို - စစ် + ခရိုနီခေတ်မှာ ဗိုလ်ကြီး “ကယ်ရီ” ဖြစ်ပြီ

တူမောင်ညို - စစ် + ခရိုနီခေတ်မှာ  ဗိုလ်ကြီး “ကယ်ရီ” ဖြစ်ပြီ
(မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၅

ဗိုလ်ကြီးဟိန်းသီဟဇော် နဲ့ တပ်ကြပ်ကြီးသူရအောင် တို့လိုက်ပါလာသည့်     အမိုနီယမ်နိုက်ထရိတ် ၉၈၈၁ အိတ်နှင့်အခြား ပစ္စည်းများ တရားမဝင်သယ်ဆောင်ခဲ့သော (၂၂ ဘီးနောက်တွဲယာဉ် ၁၄ စီး + ၁၂ ဘီး ယာဉ် ၃ စီး) စုစုပေါင်း ယာဉ် ၁၇ စီး ကို Mobile Team က ရှောင်တခင်ဖမ်းဆီးရမိတဲ့သတင်းကို နေ့စဉ်သတင်းစာများမှာ ဖတ်ရပါတယ်။

ဒီသတင်းဖတ်ရတော့ ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဘာကြောင့်ဖြုတ်ရတဲ့အကြောင်း ဗိုလ်ချုပ်ကြီးသူရရွှေမန်းရဲ့ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့၊ ရှင်းလင်းချက်ကို ချက်ချင်းသတိရမိတယ်။

“ မူဆယ် ၁၀၅ မိုင်အမှု” လို့ လွယ်လွယ်ပြောကြပါစို့။ ဗိုလ်ရွှေမန်း ရှင်းလင်းချက်ထဲမှာ ဘယ်လိုပါသလဲဆိုတော့ လာဘ်စားမှု ရဲ့အတိုင်းအတာကြီးမားမှုက တိုင်းအဆင့် ကိုင်တွယ်ဖြေရှင်းလို့မရဘူးတဲ့။  အဆင့်မြင့်အဖွဲ့စေလွှတ်တယ်၊ မလုံလောက်ဘူး တဲ့။ ဒါကြောင့် နိုင်ငံတော်စာရင်းစစ်ချုပ်ရုံးနဲ့ နိုင်ငံတော်စာရင်းစစ်ချုပ်ကိုပါ စေလွှတ်ရတဲ့အထိ ဖြစ်ရတဲ့ အကြီးစားခိုးမှုကြီး ဖြစ်ပါသတဲ့။ ဗိုလ်ရွှေမန်းသုံးတဲ့စကားလုံးက “လွန်စွာကြီးမားသော ကြောက်မက်ဖွယ်ကောင်းသော လာဘ်ယူမှု” တဲ့။

လာဘ်စားမှုက အနိမ့်ဆုံးဈေးနှုန်းနဲ့တွက်ချက်ပြတာတောင် စုစုပေါင်းကျပ်သိန်းပေါင်း (၃ သောင်း) ရှိသတဲ့။ ဒီအထဲမှာ ကျောက်စိမ်း (၄၂) တန်နဲ့ ပုလဲအလုံး (၁၃၀၀) ရဲ့ တန်ဖိုးမပါသေးဘူးတဲ့။ အခုတွက်ချက်ပြတဲ့ပမာဏကလည်း လွန်ခဲ့သည့် နှစ်လသုံးလအတွင်းဖြစ်ပွားခဲ့သည့် ပမာဏသာဖြစ်သတဲ့၊ အရိုးလောက်၊ အကင်းလောက်ပဲရှိသေးတယ်လို့ပြောတာပါ။

နှစ်လသုံးလအတွင်းက ပမာဏက ကျပ်သိန်းပေါင်း (၃ သောင်း)  တဲ့။  ဗိုလ်ခင်ညွန့်မိုးကောင်းတဲ့ကာလက (၁၉၈၈ စက်တင် ဘာ ၁၈ မှ  အဖြုတ်ခံရတဲ့ ၂၀၁၄ အောက်တိုဘာ၁၉ အထိ) ၁၆ နှစ်ရှိပါတယ်။ နှစ်လသုံးလအတွင်းမှာတောင် လျှော့ပေါ့ တွက်ချက်မှုအရ ကျပ်သိန်းပေါင်း (၃ သောင်း) ကျော် ခိုးကြဝှက်ကြတယ်ဆိုတော့ ၁၆ နှစ်အတွင်း ဘယ်လောက်ခိုးကြမလဲ စဉ်းစားတွက်ချက်ကြည့် ကြပါတော့။

 ဒါက ဗိုလ်ခင်ညွန့်တို့အုပ်စု ခိုးမှုကိုသာ ကွက်ပြီးစဉ်းစားကြည်တာပါ။

၁၉၆၂ ကနေ ၂၀၁၁ ခု မတ်အထိ နှစ်ပေါင်း ၅၀ အတွင်း စစ်အုပ်စုအဆက်ဆက်ခိုးခဲ့၊ ဝှက်ခဲ့တာဘယ်လောက်ရှိမလဲ တွက် ကြည့်ကြစမ်းပါ။ တိုင်းပြည်နဲ့လူထု (LDC) ဖြစ်ရတာ ဒီလိုခိုးမှုကြောင့်ဖြစ်ပါတယ်။ အဆက်ဆက်သော စစ်အုပ်စုဝင်တွေကြွယ်ဝ ချမ်း သာနေတာဒီလိုခိုးခဲ့ကြလို့ဖြစ်တယ်ဆိုတာသိပ်ရှင်းပါတယ်။ စစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်ဟာ တိုင်းပြည်နဲ့လူထုဆင်းရဲမွဲတေမှုရဲ့အဓိက ပင်မအကြောင်းတရားဖြစ်ပါတယ်။

“မူဆယ်၁ ၀၅ မိုင်အမှု” နဲ့ပတ်သက်ဆက်နွှယ်ပြီး  ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ထောက်လှမ်းရေး စစ်ဗိုလ်ထိပ်သီးများ အပါအဝင် တပ်နဲ့ဌာန (၃) ခုမှ ဝန်ထမ်း (၁၈၆) ယောက်ကို အပြစ်ပေးအရေးယူခဲ့တယ်လို့ဆိုပါတယ်။ ထောက်လှမ်းရေးတချို့ အခုထိ ထောင်ထဲမှာရှိပါသေးတယ်။ တချို့လွတ်လာပြီ။ ဒီခိုးမှုကိစ္စ သူတို့ တခွန်းမှ မဟဝံ့ပါဘူး။ ဒီကိစ္စဟာ တကယ်တော့ စစ်အုပ်စုထိပ်သီးတွေအကြားက အာဏာနဲ့ဘဏ္ဍာစားခွက်လုမှုကြီးသာဖြစ်ပါတယ်။

ဗိုလ်ကြီးဟိန်းသီဟဇော်နဲ့ တပ်ကြပ်ကြီးသူရအောင်တို့ကို အမည်တပ်ထားတဲ့ ဒီအမှုကလည်း “တိုင်းဒေသကြီးအဆင့် မသ မာမှုလား”၊  နိုင်ငံတော်စာရင်းစစ်ချုပ်စေလွှတ်ရမယ့် “နိုင်ငံတော်အဆင့်မသာမာမှုလား”၊  “လွန်စွာကြီးမားသော ကြောက် မက်ဖွယ်ကောင်းသောမသမာမှု” ဖြစ်မည်လော။  အခုမှ ပဏာမဖော်ထုတ်မှုလို့ ဆိုတော့ အဓိကဇာတ်ဝင်ခန်းကိုစောင့်ကြည့်ရဦးမှာပါ။ “ မူဆယ်၁၀၅ မိုင်အမှု”လို ဘယ်လိုအကောင်ကြီးတွေ၊ ဘယ်လိုစစ်ဘက်၊ အရပ်ဘက်အရာရှိတွေဝန်ထမ်းတွေပါဝင်ပတ်သက်နေပြီး၊ ဘယ်လိုအကောင်ကြီးတွေ အဖြုတ်ခံကြရဦးမလဲ စိတ်ဝင်စားစရာပါ။

သတင်းစာပါ အချက်အလက်အချို့အရ ဆက်စပ်စဉ်းစားကြည့်ရင် ဒီလိုသယ်ဆောင်နေတာ  ပထမတစ်ခေါက်ဖြစ်ဟန်မတူပါ ဘူး။ ဒီအရင်က ဒီလိုတပ်မတော်တင်သွင်းခွင့်ကို မသမာတဲ့နည်းလမ်းသုံးပြီး လုပ်ငန်းနဲ့မသက်ဆိုင်တဲ့ ပစ္စည်းတွေသယ်နေတာ ဘယ်နှ ကြိမ်ရှိပြီလဲ။

ဒါတွေ ဖော်ထုတ်ဖို့လိုတယ်။
- အကောင်ကြီးထဲက (စစ်ဘက်၊ နယ်ဘက်အကောင်ကြီးတွေနဲ့ ခရိုနီ) ဘယ်သူတွေ ဆက်စပ်ပါဝင်နေသလဲ။
- တပ်မတော်တင်သွင်းခွင့်ကို မသမာတဲ့နည်းနဲ့အသုံးပြုတာ ဘယ်နှကြိမ်ရှိနေပြီလဲ။ ဘယ်သူတွေဆက်စပ်ပါဝင်နေသလဲ။
- ဒီဗိုလ်ကြီးဟိန်းသီဟဇော်နဲ့ တပ်ကြပ်ကြီးသူရအောင်တို့လို အခြားဘယ်သူတွေ ပါဝင်သယ်ဆောင်ခဲ့ကြသေးသလဲ။
- ဖမ်းမိတဲ့ထားတဲ့ တရားမဝင်ကုန်ပစ္စည်းတွေကို ဘယ်သူပိုင်ဆိုင်တာလဲ။ ကာလပေါက်ဈေးဘယ်လောက်တန်သလဲ။
- ဘယ်ထိသယ်ဆောင်သွားမှာလဲ။
- ဗိုလ်ကြီးဟိန်းသီဟဇော်နဲ့တပ်ကြပ်ကြီးသူရအောင်တို့ကတော့ ကိုင်းဖျားကိုင်းနားကယ်ရီ အဆင့်မျှသာဖြစ်တဲ့အတွက် ဒိ ထက်ကြီးတဲ့ စစ်ဘက်၊ အရပ်ဘက်အကောင်ကြီးတွေ ပါဝင်ပတ်သက်နေမှာသေချာပါတယ်။ အကောင်ကြီးတွေဖော်ထုတ် အရေးယူဖို့လိုပါတယ်။

ဗိုလ်ကြီးအဆင့်နဲ့တပ်ကြပ်ကြီးအဆင့်ဆိုတာ ရန်ကုန်မြို့အနှံ့တွေ့မြင်ရတဲ့ ကြွပ်ကြွပ်အိတ်ခွံများလိုပဲ စစ်တပ်ထဲမှာအင်မတန် ပေါများတဲ့အဆင့်အတန်းမျှသာဖြစ်ပါတယ်။  သူတို့ဟာ “ကယ်ရီဘဝ” သက်ဆင်းကျရောက်နေတာ ထင်ရှားပေါ်လွင်နေပါ တယ်။ သူတို့ထက်အဆင့်မြင့်တဲ့သူက တာဝန်ပေးခိုင်းစေလို့ လုပ်ကြရတာဖြစ်မှာပါ။

ဗိုလ်ချုပ်ထွန်းကြည်ရဲ့ (နှစ် ၅၀ အတွေ့အကြုံစာအုပ်) ထဲမှာလည်း ရှေ့တန်းပြန်ယာဉ်တန်းနဲ့ သယ်ဆောင်လာတဲ့ပစ္စည်းတွေ ကိစ္စကိုအကြောင်းပြုပြီးထောက်လှန်ရေးနဲ့ရှေ့တန်းပြန်တွေ ပစ်မလိုခတ်မလိုဖြစ်ကြတဲ့ကိစ္စ၊ တာချီလိတ်မှာ အချီကြီးဖမ်း ထားမိတဲ့ မှောင်ခိုကုန်တွေပြန်လွှတ်ပေးလိုက်ရတဲ့ကိစ္စတွေ ရေးထားပါတယ်။

(မဆလ) ခေတ်မှာ စစ်ဗိုလ်စစ်သားတွေဘဝက မှောင်ခိုကုန်ခိုးသယ်ရတဲ့ ဘဝ။ (နဝတ-နအဖ) စစ်အစိုးရခေတ်က “လွန်စွာ ကြီးမားသော ကြောက်မက်ဖွယ်ကောင်းသော လာဘ်ယူမှု” ခေတ်ဖြစ်ပါတယ်။

ယနေ့ စစ်+ ခရိုနီတခေတ်ဆန်းချိန်မှာတော့ စစ်ဗိုလ် စစ်သား ကယ်ရီဖြစ်ပြီပေါ့ဗျာ။

ညွန်း
- (၂၇ - ၁ - ၂၀၁၅ ) ရက်၊ ကြေးမုံသတင်းစာ ၊ စာမျက်နှာ (၉)
-၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ၂၄ ရက်၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်းရှင်းလင်းပြောကြားချက်အပြည့်အစုံ 


ဓာတ်ပုံ - BBC Burmese