မောင်ဦး - (untitled) (ခေါင်းမပါတဲ့စာ)


မောင်ဦး - (untitled) (ခေါင်းမပါတဲ့စာ)
(သူ့ဖေ့စ်ဘွတ်) ဒီဇင်ဘာ ၁၉ ၊ ၂၀၁၄

“မဆီမဆိုင်ကွာ၊ ကိုယ်နဲ့ရလို့ ကိုယ့်မယားဖြစ်လာတဲ့ မိန်းမတစ်ယောက်ကို ရှာဖွေကျွေးရတယ်ဆိုတာ တကယ်တွေးကြည့်တော့ တော်တော်ရယ်စရာကောင်းတာပဲ”

အဲဒါ ကျွန်တော် ပြောတာ မဟုတ်ဘူး။ ကိုသန်း ပြောတာ။ (မရှင်းလို့ မဖြစ်ဘူး။ တော်ကြာ ဒီကောင် သူ မရလို့ ပြောတာ ဘာညာနဲ့ ဝိုင်းသမမယ့်သူတွေရှိတယ်။ ဟဲဟဲ) ကိုသန်းက ဆရာမြသန်းတင့်ရဲ့မိတ်ဆွေ။ ဆရာက သူ့ကို ‘အော်သရူး’ လို့ ခေါ်တယ်။ မနက်စောစော ဆရာမြသန်းတင့်ရဲ့ ‘ပုံတောင်ပုံညာသွား တောလား’ ကို ဖတ်ရင်းနဲ့ ကိုသန်း အကြောင်းကို ဖတ်မိတာ။ ဒါပေမဲ့ အခု ပြောမှာက ကိုသန်း အကြောင်း မဟုတ်ဘူး။

ဆရာက အညာပြန်တဲ့အကြောင်းကို ခရီးသွားဆောင်းပါး ရေးထားတာ။ ကျွန်တော်က အညာတော့ ရောက်ဖူးတယ်။ အခု ဆရာ့စာကို ဖတ်ရင်း အညာကို သွားချင်စိတ် ပေါ်မလာဘူး။ ဘယ်နေရာကို သွားချင်လဲဆိုတော့ ‘ပူတာအို’ကို သွားချင်တာ။ စပ်မိလို့ ပြောရဦးမယ်။ ပူတာအိုလို့ ခေါ်ရင် မှားသတဲ့။ ‘ပူတောင်း’က အမှန်။ ပူတောင်းက ရှမ်းစကား။ အင်္ဂလိပ်က ပူတောင်းကို Putao လို့ ပေါင်းခဲ့တာ။ အဲဒါကို ပူတာအို လို့ မှားပြီး ခေါ်နေကြတာတဲ့။ ဆရာ နတ်နွယ်က သူ့ရဲ့ ‘မိမိနှင့် စာပေလှိုင်းဂယက်များ’ မှာ ရေးခဲ့ဖူးတယ်။ နောက်ပြီး ရှိသေးတယ်။ ‘မေလိခ’ မဟုတ်၊ မလိခ။ ‘မေခ’ မဟုတ်၊ အင်မိုင်ခ။ ထားတော့။ 

စပ်မိလို့ ပြောပြတာ။ ခုနက စကားတောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ သြော် … သိပြီ၊ သိပြီ။ ပူတာအို (အဲ) ပူတောင်းကို သွားလည်ချင်တယ်လို့ ပြောခဲ့တာ။ စာရင်းတို့ထားတာပေါ့။ သွားလည်ဖို့။ နောက်ထပ် သွားလည်ဖို့ စာရင်းတို့ထားတာတွေ ရှိသေးတယ်။ စာရှည်မှာစိုးလို့ မပြောတော့ဘူး။ 

သိတဲ့အတိုင်းပဲလေ။ ခရီးတစ်ခုထွက်တယ်ဆိုတာကလည်း အကျိုးအကြောင်းလေးတွေ ဆီလျော်မှသာ သွားဖြစ်တာကိုး။ အခုတော့ ခရီးသွားစာပေတွေ ဖတ်ရင်း စိတ်ကူးနဲ့ပဲ သွားဖြစ်နေတာပေါ့လေ။

အဲ … စိတ်ကူးဆိုလို့ ပြောရဦးမယ်။ ကျွန်တော်က တော်တော် စိတ်ကူးယဉ်တတ်တယ်။ ဒေါက်တာသန်းထွန်း စာအုပ်တွေ တောက်လျှောက်ဖတ်ခဲ့တဲ့ ကာလတုန်းက တကယ့်ကို ပြောင်မြောက်တဲ့ ဝတ္ထုရှည်ကြီးတစ်ပုဒ် ရေးဖို့ ကြံစည်ခဲ့ဖူးတယ်။ ‘မြန်မာအစ ကျောက်ဆည်က’ ဆိုတဲ့ အယူအဆကို ဖတ်ပြီးတဲ့ နောက်ပိုင်းမှာပေါ့။ နန်ကျောင်တွေရဲ့ရန်ကနေ ရှောင်ရှားဖို့ မြန်မာပြည်ထဲကို ဝင်လာ၊ နတ်ထိပ်တောင်ကြားကနေ ဆင်းပြီး ကျောက်ဆည်ကို ဝင်သိမ်းတဲ့အကြောင်းကို ဖတ်ရတော့ တော်တော်ကြိုက်သွားတယ်။ တကယ့်မဟာစွန့်စားခန်းကြီးပဲ လို့ တွေးမိတယ်။ အဲဒါနဲ့ ဇာတ်လမ်းဆင်ပြီး ရေးမယ်လို့ ကြံစည်ဖူးတယ်။ ဆရာနတ်နွယ်ရဲ့ ‘မြန်မာပြည်မြောက်ပိုင်း’ ကိုလည်း ဖတ်ဖူးထားတော့ ရေးမယ်ဟဲ့ဆိုပြီး မြေပုံတွေ ဘာတွေရှာ။ ပြီးလည်းပြီးရော စ, ရေးရော ဆိုပါတော့။ 

ဇာတ်အဖွင့်မှာ အဝေးတစ်နေရာကနေ ရွာကို ပြန်လာနေတဲ့သူတစ်ယောက်ရဲ့ စိတ်ကူးနဲ့ ပျော်ရွှင်နေပုံတွေနဲ့ စ, လိုက်ပြီး ရွာကို ပြန်ရောက်တဲ့အချိန် နန်ကျောင်တွေရဲ့ လက်ချက်နဲ့ တစ်ရွာလုံး ပြာကျနေတာကို တွေ့လိုက်ရတဲ့အခါမှာ ဝမ်းနည်းပူဆွေးနေတဲ့ စိတ်ခံစားမှုတွေကို ပေါ်လွင်အောင် သေသေချာချာ ရေးလိုက်တယ်။ ပြီးတော့ ဇာတ်ဆောင်ကို စာဖတ်သူနဲ့ မိတ်ဆက်ပေးတော့မယ်လည်း လုပ်ရော ပြ ဿ နာတက်တော့တာပဲ။ ဘာက ပြ ဿ နာတက်သလဲ ဆိုတော့။ နာမည်၊ နာမည်။ ဘယ်လို နာမည်ပေးရမလဲ။ ထတဲ့ပြီး ကုန်းဘောင်ခေတ်က နာမည်တွေ ပေးလိုက်လို့လည်း မရဘူးလေ။ အမှန်က သုတေသန မလုပ်ဘဲနဲ့ စိတ်ကူးယဉ်ပြီး ထ, လုပ်တာ။ စာက တစ်ပိုဒ်လား ပြီးသေးတယ်။ ဆက်ကို ရေးလို့ မရတော့ဘူး။

 ကံကောင်းတယ်။ ကျွန်တော် မဟုတ်ဘူး။ စာဖတ်သူတွေ ကံကောင်းသွားတာ။

 ရေးသာ ရေးဖြစ်လို့ကတော့ အကုသိုလ် များလိုက်မယ့် ဖြစ်ခြင်း။ နောက်တော့ ‘မြန်မာအစ တကောင်းက’ ဆိုတဲ့ ယူဆချက်ကို သက်သေပြနိုင်ဖို့ ပညာရှင်များက ကြိုးပမ်းလာတယ်။ အဲဒါနဲ့ ကျွန်တော်လည်း အဲ့ဒီ အယူအဆနှစ်ခုကြားမှာ တွေဝေသွားတယ်။

‘တကောင်း’ ဆိုလို့ သတိရသွားတာရှိတယ်။ ကျွန်တော် ‘ဟံလင်း’ ကို ရောက်ဖူးတယ်။ မနှစ်ကပါ။ ရွှေဘို၊ ဝက်လက်ဘက်ကိုရောက်တော့ မိတ်ဆွေတွေ လိုက်ပို့တာနဲ့။ ရောက်ဖူးရုံလောက်ပါ။ ဆရာမြသန်းတင့် ရေးခဲ့ဖူးသလို ပန်းခင်းကို မြင်းစီးပြီး ကြည့်ရုံလောက်ပေါ့။ ဒါပေမဲ့ မရောက်တာထက်စာရင်တော့ ပိုကောင်းတာတော့ အမှန်ပါပဲ။ မြို့ဟောင်းတွေထဲမယ် တကောင်းကို မရောက်ဖူးသေးဘူး၊ ဗိ ဿ နိုး မရောက်ဖူးသေးဘူး၊ သရေခေတ္တရာကို မရောက်ဖူးသေးဘူး။ ခုနက သွားဖို့ စာရင်းတို့ထားတဲ့အထဲမှာ ပါတာပေါ့။

အခု ကျွန်တော်ရေးလာတာတွေကို ဖတ်နေရင်းနဲ့ ဘာကို ပြောချင်နေပါလိမ့် လို့ မေးခွန်းထုတ်နေမိလိမ့်မယ်။ ကျွန်တော် ပြောပါ့မယ်။ ‘ချက်ကော့’ က ပြောခဲ့ဖူးတယ် မဟုတ်လား။ ‘ဇာတ်အဖွင့်မှာ နံရံပေါ် သေနတ်တစ်လက် ချိတ်ထားခဲ့ရင် ပစ်ကို ပစ်ရမယ်’ လို့။ ဒါပေမဲ့ ချက်ကော့ရဲ့စကားကို အခါခပ်သိမ်း လိုက်နာဖို့ စာရေးတိုင်း မသိစိတ်က ငြင်းဆန်နေတတ်တယ်။ ‘ပစ်ချင်မှ ပစ်မှာပေါ့’ ဆိုတဲ့ အယူအဆ ကျွန်တော့်မှာ ရှိတယ်။ ဒီနေ့တော့ ကျွန်တော် သူ့စကားကို နားထောင်ရလိမ့်မယ်။

ကျွန်တော် ဒီစာကို ‘အော်သရူး’ လို့ သူ့သူငယ်ချင်းတွေက ခေါ်တဲ့ ကိုသန်းရဲ့စကားနဲ့ စ,ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ပြောချင်တာက ကိုသန်းရဲ့အကြောင်း မဟုတ်ဘူး။ ခရီးသွားခြင်းအကြောင်း မဟုတ်ဘူး။ မြန်မာ ဘယ်ကစလဲ လို့ ပြောချင်တာလည်း မဟုတ်ဘူး။ မရေးဖြစ်ခဲ့တဲ့ ဝတ္ထုတစ်ပုဒ်အကြောင်း မဟုတ်ဘူး။ ပြီးတော့ ကိုသန်းရဲ့စကားဟာ ဒီစာရဲ့ နိဒါန်းလည်း မဟုတ်ဘူး။ သူ့စကားကို ထောက်ခံတာလည်း မဟုတ်ဘူး။ ကန့်ကွက်တာလည်း မဟုတ်ဘူး။ ဒါဆိုရင် ဒီစာကို သူ့စကားနဲ့ ဘာလို့ စ, ထားသလဲ။ ဒါကို ရှင်းပြဖို့ ကျွန်တော် ကြိုးစားကြည့်ပါ့မယ်။ သူ့စကားကို ဖတ်ပြီးတဲ့နောက် အတွေးလုံးတွေ ဆက်ခါ၊ ဆက်ခါ ပေါ်လာတယ်။ အဲဒီ့အတွေးတွေကို စာအဖြစ် ချရေးလိုက်တယ်။ အဲဒါကို ‘စေ့ဆော်မှု’ လို့ ခေါ်မယ်ဆိုရင် ကျွန်တော် ပြောချင်တာ စေ့ဆော်မှု အကြောင်းပါ။

ဟုတ်ပါတယ်။ စာတစ်ပုဒ်ကို ရေးဖြစ်ခဲ့တဲ့ စေ့ဆော်မှု အကြောင်းပါ။ ။