ဆိုနီရုပ်ရှင်က မြောက်ကိုရီးယားကို အညံ့ခံလိုက်ပြီ


ဆိုနီရုပ်ရှင်က မြောက်ကိုရီးယားကို အညံ့ခံလိုက်ပြီ
နိုင်ငံတကာသာဂိ၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၄

ဒီဇင်ဘာ ခရစ္စမတ်ကာလမှာ တင်ဆက်ဖို့ ပြင်ထားတဲ့ (The Interview) ဟာသဇာတ်ကားကို ရုံမတင်တော့ဘဲ ရုတ်သိမ်းကြောင်း ဆိုနီရုပ်ရှင်ကုမ္မဏီက ကြေညာလိုက်ပါတယ်။ အဲသည်ဇာတ်ကားက မြောက်ကိုရီးယား စစ်အာဏာရှင် ကန်ဂျုံအန်ကို သရော်လှောင်ပြောင်ထားတဲ့ ဟောလိဝုဒ်ရုပ်ရှင်ပါ။ အဲသည်ကားကို ရုံတင်တော့မယ်လို့ ဆိုနီက ပရိသတ်ကို အသိပေးကတည်းက မြောက်ကိုရီးယားက ဒါဟာနိုင်ငံတော်ကို စော်ကားတဲ့ စစ်ကြေညာမှုဖြစ်တယ်၊ သီးခံမှာ မဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။ 

ဒီဇင်ဘာ ဒုတိယပတ်မှာတင်ပဲ ဆိုနီကုမ္မဏီရဲ့ ကွန်ပျူတာနက်ဝပ်နဲ့ စနစ်တွေကို Guridan of Peace (GOP) လို့ အမည်ခံထားတဲ့ Hacker (ကွန်ပြူတာ ဖောက်ထွင်းရေးသမားတွေ)က ကျူးကျော်ဝင်ရောက်ပြီး ရုပ်ရှင်၊ အီးမေး၊ စာချုပ်၊ ငွေစာရင်း၊ ကိုယ်ရေးအချက်များစွာကို ခိုးယူသွားပါတယ်။ ဒါ့အပြင် ဆိုနီရဲ့ အချက်အလက်သိုမှီးထားတဲ့ စနစ်တွေကိုပါ ဖျက်ဆီးပစ်ခဲ့ပါသေးတယ်။ ပြီးတာနဲ့ အင်တာနက်ပေါ်မှာ ဆိုနီရုပ်ရှင်တွေ၊ ဇာတ်ညွှန်းတွေ၊  ဆိုနီရဲ့ လုပ်ငန်းအချက်အလက်တွေကို အများပြည်သူသိအောင် ထုတ်ပြန် ဖြန့်ချိလိုက်တဲ့အတွက် ဆိုနီနဲ့ ဟောလိဝုဒ်ရုပ်ရှင် အသိုင်းအ၀န်းများ အကြီးအကျယ် အရှက်ကွဲပါတော့တယ်။

 မြောက်ကိုရီးယားလက်ချက်လို့ တိုက်ရိုက်မထုတ်ပြန်ပေမယ့် နောက်ဆုံးမှာ Hacker အုပ်စုက မြောက်ကိုရီးယားကို သရော်တဲ့ ဇာတ်ကား မပြရဘူးလို့ ရာဇသံပေးပါတော့တယ်။ ပေးပုံကလည်း ရုပ်ရှင်ရုံတွေမှာ တင်ရင် 9/11 တုန်းကလိုမျိး ဒုက္ခပင်လယ်ဝေသွားစေရမယ်လို့ ခြိမ်းခြောက်တာပါ။ 9/11  ဆိုတာက အစွန်းရောက်အကြမ်းဖက်တွေက အမေရိကန်မြေမှာ လေယာဉ်တွေအပိုင်စီးပြီး လူအများအပြားသေကြေပျက်စီးအောင် တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ကို ညွှန်းတာဖြစ်ပါတယ်။

ဆိုနီကုမ္မဏီရဲ့ လုပ်ငန်းအချက်အလက်တွေ ဖောက်ထွင်းခံရတဲ့ အကြီးမားဆုံးသော hacker တိုက်ခိုက်မှုကြောင့် လုပ်ငန်းရှင်တွေက သွေးပျက်နေချိန်မှာ အခုလို ခြိမ်းခြောက်မှုကြောင့် ရုပ်ရှင်ရုံလုပ်ငန်းတွေက The Interview ဇာတ်ကားကို သူတို့ရုံတွေမှာ မတင်နိုင်တော့ပါဘူးလို့ ငြင်းဆန်ကြပါတယ်။ ရုပ်ရှင်မိတ်ဆက်ပွဲလုပ်ဖို့ ပြင်ထားတဲ့ နယူးယောက်ရုံကြီးက ယမန်နေ့က ဆိုနီကို ငြင်းချက်ထုတ်လိုက်ပြီးနောက်မှာတော့ ဆိုနီလည်း အဆိုပါ The Interview ကို ရုံမတင်တော့ပါဘူး၊ ပရိသတ်ဆီ တင်ဆက်ပြသခြင်း မလုပ်တော့ပါဘူးလို့ မြောက်ကိုရီးယားကို ထောက်ခံတဲ့ အဆိုပါဟက်ကာအုပ်စုကို အညံ့ခံအရှုံးပေးလိုက်ပါတော့တယ်။

အကဲခတ်သူတွေကတော့ ၂၁ ရာစုမှာ ဟက်ကာအကြမ်းဖက်သမားတွေရဲ့ ပြန်ပေးဆွဲအကြပ်ကိုင်တိုက်ပွဲရဲ့ ပထမဦးဆုံး အောင်ပွဲလို့ သုံးသပ်ကြပါတယ်။ ကမ္ဘာအကြီးဆုံး ဟောလိဝုဒ် ရုပ်ရှင်ကုမ္မဏီကြီးက လုပ်ငန်းအတွင်းရေးတွေ ပေါက်ကြားပြီး အရှက်တကွဲ ဖြစ်ရတဲ့အပြင် နောက်ဆုံးမှာ ဟက်ကာသမားတို့ရဲ့ အကြပ်ကိုင်ပြန်ပေးဆွဲမှုကို လိုက်လျောအညံ့ခံပြီး အရှုံးပေးလိုက်ရတာကိုး။ ဒါ့အပြင် ကမ္ဘာနဲ့ အဆက်ဖြတ်ထားတဲ့ နယူကလီးယားလက်နက်ပိုင် အာဏာရှင် မြောက်ကိုရီးယားနိုင်ငံရဲ့ ထောက်ခံသူ ဟက်ကာအင်အားစုတွေဟာ ကမ္ဘာ့နေရာအနှံ့ကနေ ၀န်းရံပြီး စေလိုရာစေ အင်တာနက်တိုက်ပွဲတခုကို အပြုတ်တိုက်နိုင်လိုက်တယ်လို့ ဆိုနိုင်ပါတယ်။

 လွတ်လပ်စွာ ပြောရေးဆိုခွင့် ထုတ်ဖော်ခွင့်ကို အသက်နဲ့လဲပြီး တန်ဖိုးထား ကာကွယ်စောင့်ရှောက် တိုက်ခိုက်စွမ်းဆောင်သူ အမေရိကန်ပြည်ကြီးဆိုသည့် နိုင်ငံက အင်တာနက်ပေါ်က ဟက်ကာတိုက်ကွက်မှာ အသက်ကို အရှက်နဲ့လဲပြီး ဒူးထောက်လိုက်တာကလည်း ကမ္ဘာနဲ့ ချီပြီး အုတ်အော်သောင်းနင်းဖြစ်သွားရပါတယ်။ နောက်တခါကျရင် ဘာဖြစ်လာမလဲ။ ဆိုနီပြီးရင် နောက် ပစ်မှတ်တွေ ဘာဖြစ်လာမလဲ။ ဒါကလည်း မေးခွန်းဖြစ်ပါတယ်။ အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ လုပ်ငန်းကြီးတွေ  ဆိုင်ဘာစစ်ပွဲတွေအတွက် အဆင်သင့် ဖြစ်ကြပြီလား။