ဒေါက်တာမောင်မောင်ကြီး - ပြည်တော်သာခေတ်ဟောင်းကပြည်မြန်မာ (အပိုင်း ၂၊ ဇာတ်သိမ်း)

 ဒေါက်တာမောင်မောင်ကြီး - ပြည်တော်သာခေတ်ဟောင်းကပြည်မြန်မာ (အပိုင်း ၂၊ ဇာတ်သိမ်း)
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၄


ရန်ကုန်သင်္ကြန်

လွတ်လပ်ရေးရပြီး ပြည်တော်သာခေတ်မှာလွတ်လပ်စွာရေးသားပြောဆိုပုံနှိပ်ခွင့်အနည်းဆုံး ၉၅% လောက်ပေးထားတဲ့အချိန်မို့ ရန်ကုန်သင်္ကြံမှာ မီးသတ်ပိုက်များသုံးပြီး အကြမ်းပတမ်း ရေပက်ခြင်း၊ နိုင်ငံရေးမကျေနပ်မှုများ ကို သရုပ်ဖေါ်ပြခြင်း၊ သံချပ်ထိုးခြင်းစတာတွေ ခေတ်စားလာပါတယ်။ ရေပက်အကြမ်း ဆုံးနေရာများကတော့ စမ်းချောင်း၊   ရှမ်းလမ်း (ယခုအခေါ် ဗဟိုလမ်း) ရှိ  “နေဗီကွာတား” ခေါ်  ရေတပ် အရာရှိများရိပ်သာ၊ ဦးဝိစာရလမ်းနဲ့ ပြည်လမ်းကြားရှိ ယခုခေတ် ပြည်သူ့ဥယျာဉ်ဖြစ်နေတဲ့ ပြည်ထောင်စု စစ်ရဲတပ်ဌာနချုပ်၊ ၀င်ဆာလမ်း ယခုယုဇနပလာဇာ နေရာမှာရှိခဲ့တဲ့ နေပြည်တော်စစ်ဌာနချုပ်တို့ ဖြစ်ပါ တယ်။

“မီးသတ်ပိုက်ကြီးစက်ကုန်တင် လူသတ်ပွဲပင်ထင်လောက် ပါရဲ့”ဆိုတဲ့သံချပ်တွေ ခေတ်စားလာပါ တယ်။  စစ်ဌာနချုပ်တွေရှေ့မှာ ၀န်ကြီးချုပ်ဦးနုရဲ့ “လူထုအောင်သံပြဇာတ်”ကို ရုပ်ရှင်ရိုက်ရာမှ ခေတ်စား သွားတဲ့ “ဗိုလ်ကြီးရယ် ကျွန်မနွားကလေးကိုတော့ ပြန်ပေးခဲ့ပါရှင့်”ဆိုတဲ့စကားနဲ့သရော်လေ့ရှိကြပါတယ်။ “ပုလိပ် တစ်မတ်၊ ပြူစောထီး ငါးမူး၊ ယူအမ်ပီ သုံးမတ်၊ အာမီ တစ်ကျပ်၊ ဂိတ်ကြေးသတ်” ဆိုတဲ့သံချပ်နဲ့ လဲ အော်ကြ သရော်ကြပါတယ်။  ရေတပ်အရာရှိများရိပ်သာရှေ့မှာ  "အမဲသားနဲ့အာလူး၊ အာလူးနဲ့အမဲ သား နေ့တိုင်းစားရတဲ့ စံပန်ဝါလား (သမ္ဗာန်သမား)တွေ” ဆိုတဲ့သံချပ်ဟာ ရေတပ်သားများ အထိအနာ ဆုံးသံချပ် ဖြစ်ပါတယ်။  ရန်ကုန် တရုတ်တန်းနဲ့ဘင်္ဂါလီစုတို့မှာ  ညစ်ပတ်သူများက မြောင်းပုတ်ရေနဲ့ပက် လေ့ရှိလို့  “တစ်ကိုယ်လုံးနံစော်ချင်ရင် ဘင်္ဂါလီစုကိုသွားကြစို့ရဲ့၊ ရေပုပ်နဲ့အပက်ခံချင်ရင် တရုတ်တန်း ကို သွားလိုက်ကြဟဲ့” ဟု သံချပ်ထိုးကြပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မြို့တော်ဝန်မဏ္ဍပ်မှာ ၀န်ကြီးချုပ်ဦးနုနဲ့ ၀န်ကြီးများ တစ်ခါတစ်ရံ နိုင်ငံတော် သမ္မတကြီး  ဒေါက်တာဘဦးပါ ပါဝင်ရေကစားပြီး သပြေခက်ဖြင့် ရေပက်ခြင်း၊ အလွန်ဆုံး ငွေဖလားဖြင့် ရေပက်ခြင်းတို့သာရှိပါတယ်။ ပိုက်ဖြင့်ပက်လေ့မရှိပါဘူး။

ရန်ကုန်လျှပ်စစ်ဓာတ်အား

အဲဒီအချိန်က ရန်ကုန်မြို့မှာ မီးပျက်တယ်ဆိုတာ ဘယ်လိုဟာလဲလို့ မေးယူရမည့်ခေတ်ပါ။ ညမှာ အိမ်  တွေဟာမီးချောင်းတွေနဲ့ ထိန်လင်းနေပြီး လမ်းတွေကလည်း မာကျူရီမီးတွေ ထိန်ထိန်ညီးပြီး အပ်ကျ ရင်တောင် ကောက်လို့ရတယ်လို့ပြောနိုင်တဲ့ခေတ်ပါ။ သူခိုးဓားပြကလည်းနည်းပါတယ်။ တခါတလေ အဖော်တွေနဲ့ ည ၉ နာရီခွဲပွဲ ရုပ်ရှင်ဝင်ကြည့်ပြီး သန်းခေါင်ကျော်မှာ အိမ်ကို ညလေတဖြူးဖြူး နဲ့လမ်း  လျှောက်ပြန်ရတာ အရသာတမျိုးပါဘဲ။

ရန်ကုန်မှာ ညကျောင်းတွေလည်း အများကြီးပါ။ နေ့မှာအလုပ်လုပ်နေတဲ့သူတွေဟာ မီးချောင်းတွေနဲ့ ထိန်လင်းနေတဲ့ညကျောင်းတွေမှာ ကျောင်းတက်နိုင်ပါတယ်။ ရန်ကုန်မှာ ညဈေးတန်းလဲ ရှိပါတယ်။ ည ၆ နာရီမှ ၁၀ နာရီအထိဖွင့်ပါတယ်။ အစားအစာ က အစ အဝတ်အထည်အလယ် ကားနဲ့ လျှပ်စစ်ပစ္စည်း အဆုံးအားလုံးကို ညဈေးတန်းမှာ ဈေးချို ချို နဲ့ရနိုင်ပါတယ်။

ရန်ကုန်ရေပေးစံနစ်

ရန်ကုန်မှာရေတော့ မကြာမကြာပျက်တတ်ပါတယ်။ ရန်ကုန်ကို လှော်ကားကန်၊ သာဓုကန် နဲ့ဂျိုးဖြူကန် တို့က သောက်သုံးရေပို့ပေးပါတယ်။ ဂျိုးဖြူ ကန်ဟာ ရန်ကုန်နဲ့ မိုင် ၅၀ လောက်ဝေးတော့ လူတစ်ရပ် အမြင့်ကျော် အချင်း ၇ ပေလောက်ရှိတဲ့ရေပိုက်လုံးကြီးတွေနဲ့ရေပို့ ပါတယ်။ အဲဒီပိုက်လုံးကို သောင်းကျန်း သူတွေက မကြာခဏမိုင်းခွဲဖျက်ဆီးတတ်ပါတယ်။ မိုင်းခွဲလိုက်ရင် ရန်ကုန်မှာ ရေမလောက်တော့ဘဲ အင်မတန်ဒုက္ခရောက်ကြပါတယ်။ အစိုးရဝန်ကြီးများနေတဲ့ဝင်ဒါမီယာ၊ အရာရှိကြီးများနေတဲ့ပြည်ထောင် စုရိပ်သာနဲ့ အခြားအစိုးရဌာနများ ဖြစ်တဲ့ မီးရထား ၊ စစ်တပ်၊ စစ်ရဲ ၊ ရဲ ၊ အကျဉ်းထောင် စတဲ့ဌာနတွေမှာ တော့ ကိုယ်ပိုင်အဝီစိတွင်းတွေနဲ့ရေစုပ်စက်၊ ရေပေးစက်တွေရှိလို့ ဂျိုးဖြူရေကိုမသုံးတာကြောင့် သူတို့ တော့ ဒုက္ခမရောက်ဘဲ သာမာန်ပြည်သူပြည်သားတွေဘဲ ဒုက္ခရောက်ပါတယ်။ အဲဒါကြောင့်လည်း သောင်းကျန်းသူတွေဆန့်ကျင်ရေးအစိုးရရဲ့ဝါဒဖြန့်မှုဟာ ပိုပြီးအောင်မြင်သွားပါတယ်။ လူစီးရထားတွေကို မိုင်းဗုံးခွဲတာ၊ ခရီးသည်တင်ကားတွေကို ဓားပြတိုက်တာ၊ လူသတ်တာ စတဲ့လုပ်ရပ်တွေဟာ သောင်းကျန်းသူတွေကို အကြီးအကျယ် နံမည်ပျက်စေခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာဆက်ဆံရေး

ဦးနုအစိုးရဟာ တိကျတဲ့ကြားနေရေးဝါဒကိုကျင့်သုံးခဲ့ပြီး ဦးနုဟာ အင်ဒိုနီးရှားသမ္မတ ဆူကာနို၊ အိန္ဒိယ ဝန်ကြီးချုပ် နေရူး၊ အီဂျစ်သမ္မတ နာဆာ၊ ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုး တို့နဲ့အတူ ဘန်းဒွန်း ကွန်ဖရင့် နဲ့ ဘက်မလိုက်နိုင်ငံများအဖွဲ့တို့ကို ဦးဆောင်သူဖြစ်ခဲ့လို့ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးမှာ နာမည်ကောင်းခဲ့ပါတယ်။ ဒါကြောင့်လဲ မြန်မာနိုင်ငံသားဦးသန့်ကို ၁၉၆၁ မှာ နိုင်ငံတကာ က ယုံယုံကြည်ကြည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ်ရွေးချယ်ခန့်အပ်ကြတာပါ။

၁၉၅၄ မှာ ဦးနုဟာ သူ့အတွင်းဝန် ဦးသန့် (နောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်) နဲ့အတူ အိမ်နီးချင်း ယိုးဒယားနိုင်ငံကို ချစ်ကြည်ရေးခရီးသွားပြီး ဗမာဘုရင်တွေ ယိုးဒယားပြည်ကိုတိုက်ခဲ့မိတာတွေအတွက် ခွင့်လွှတ်စေလိုကြောင်းတောင်းပန်ပြီးအယုဒ္ဓယမြို့ဟောင်းပြင်ဆင်ဖို့ အဲဒီခေတ်ကကျပ်ငွေနှစ်သန်း (အမေရိကန်ဒေါ်လာ လေးသိန်း) လက်ဆောင်ပေးပါတယ်။  အတိတ်ကိုအတိတ်မှာဘဲထားခဲ့ကြဖို့ ပန် ကြားပြီး အနာဂတ်ချစ်ကြည်ရေးအတွက် ယိုးဒယားဘက်ကလဲ ရွှေတိဂုံစေတီရဲ့ထီးတော်ကို ယိုးဒယားက လုသွားတဲ့ရွှေတွေနဲ့လုပ်ထားတယ်ဆိုတဲ့ ကောလဟာလမျိးတွေ ရပ်ကြရန်ပန်ကြားခဲ့ပါတယ်။  နောက် ပိုင်းမှာ တစ်နှစ်တစ်ကြိမ် ယိုးဒယား -  မြန်မာ ချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေ သူတစ်လှည့်ကိုယ်တစ် လှည့် အိမ်ရှင်အဖြစ်လက်ခံကျင်းပလာနိုင်ပါတယ်။ ဒီ ချစ်ကြည်ရေးအားကစားပြိုင်ပွဲတွေဟာ ၁၉၅၉ ခု ကစပြီးကျင်းပလာနိုင်တဲ့ ကျွန်းဆွယ်အားကစားပြိုင်ပွဲ တွေရဲ့အုတ်မြစ်ပါဘဲ။  ၁၉၅၉ ခုမှာတော့ ယိုးဒယား ဘုရင်နဲ့မိဖုယား  မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး အဖြစ်လာပါတယ်။  ရွှေတိဂုံစေတီတော်ကို ဖူးမြော် တဲ့နေ့မှာ ဘုရင်နဲ့မိဖုယားနှစ်ပါးလုံး ယိုးဒယားရိုးရာ ဝတ်စုံဝတ်ထားပြီး  ရွှေတိဂုံစေတီတော်ကို အဲဒီခတ် ကကျပ်ငွေငါးသောင်း (အမေရိကန်ဒေါ်လာ တစ်သောင်း) လှူဒါန်းခဲ့ပါတယ်။

အမေရိကန်ဒုတိယသမ္မတ ရစ်ချတ်နစ်ဆင်လည်း  မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ်လာပါတယ်။
ဆိုဗီယက်ဝန်ကြီးချုပ် ဘူဂါနင် နဲ့ ပါတီအတွင်းရေးမှူးချုပ် ကရူးရော့ဗ် တို့လဲ ချစ်ကြည်ရေးခရီး အဖြစ်  နှစ်ခေါက်လာပါတယ်။ အပြန်မှာ လေယာဉ်ပျံတစ်စီးနဲ့ ကျည်ဆံမပေါက်တဲ့ကားနှစ်စီး  လက်ဆောင်ပေးပြီး တောင်ကြီှးမှာခေတ်မီဆေးရုံတစ်လုံးနဲ့ကြို့ကုန်းမှာ စက်မှုတက္ကသိုလ်ဆောက်ပေးမဲ့ ကတိတွေပေးသွား ပါတယ်။ အင်္ဂလန်ကဘုရင်မကြင်ယာတော် အီဒင်ဘာရာမြို့စား ဖီလစ် မင်းသားကြီးလည်း ချစ်ကြည်ရေး ခရီးအဖြစ်လာပါတယ်။  မြန်မာပြည်ရဲ့နောက်ဆုံးအင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်ကိုလည်း  ဦးနု အစိုးရကဖိတ်လို့ လာပါတယ်။

ပြည်တွင်းနိုင်ငံရေး

နိုင်ငံရေး ခေါင်းဆောင်တွေ ရွေးကောက်ပွဲအတွက် မဲဆွယ်ရင် ငါဘယ်လောက်အနစ်နာခံပြီး ဆင်းဆင်း ရဲရဲနဲ့ နိုင်ငံရေးလုပ်ဖို့ ကြိုးစားရ တယ်ဆိုတာမျိုး မပြောကြဘူး။ ငါရွေးကောက်တင်မြှောက်ခံရရင် ဘယ်လို ရလဒ်ထွက်အောင်လုပ်မယ်ဆိုတဲ့ အချက်တွေနဲ့ မဲဆွယ်တာပါ။

မဲလိမ်မဲခိုးမှုတွေရှိခဲ့ပါတယ်။ အရပ်မဲနဲ့တပ်မဲကလဲခွဲထားတဲ့အပြင် ရွေးကောက်ပွဲကျင်းပရက်ကလဲ အရပ်နဲ့ တပ် တစ်ရက်စီဆိုတော့ ဖဆပလ အမတ်လောင်းနိုင်ဖို့မသေချာတဲ့ မဲဆန္ဒနယ်တွေကို ရွေးကောက်ပွဲကျင်းပရက် ကပ်လာမှ အစိုးရတပ်ရင်းလိုက် ပြောင်းပို့တတ်ပါတယ်။ တပ်သားတွေ၊ ဗိုလ်တွေနဲ့မိသားစုတွေ  ပေါင်းလိုက်ရင် မဲ ၁၅၀၀ က ၂၀၀၀ လောက်ရှိပြီး အားလုံးကလဲ အထက်အမိန့်အရ ဖဆပလအမတ် လောင်းကို မဲပေးရတာကြောင့် အရပ်မဲမှာနိုင်ပြီး တပ်မဲနဲ့ကပ်ရှုံးခဲ့ရတဲ့ အတိုက်အခံနဲ့တစ်သီးပုဂ္ဂလအမတ် လောင်းတွေရှိခဲ့ပါတယ်။  အစိုးရတပ်ချမထားနိုင်တဲ့နယ်တွေမှာ သောင်းကျန်းသူတွေက အတိုက်အခံ ပမညတ အမတ်လောင်းကိုမဲပေးရမယ်။  ပမညတ အမတ်လောင်း မနိုင်ရင် မဲဆန္ဒနယ်ကရွာတွေကို ဝင် ရောက်တိုက်ခိုက်ပြီးမီးရှို့မယ်လို့ခြိမ်းခြောက်ထားလို့ အတိုက်အခံ ပမညတ နိုင်တဲ့နယ်တွေလဲ ရှိပါတယ်။

ပြည်တော်သာခေတ်ကအမှားများ

ပြည်တော်သာခေတ်အရသာကို ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာစံစားနိုင်ပေမဲ့ နယ်တွေမှာတော့ နီးရာဓားကြောက်နေရပါတယ်။  ရောင်စုံသူပုန်ကတစ်မျိုး အစိုးရတပ်တွေကတစ်ဖုံပါ။ ရှမ်းပြည်မှာ တရုတ်  ဖြူကျူးကျော်မှုကို အကြောင်းပြကာ ဗမာစစ်သား များ တပ်စွဲပြီး ဗိုလ်ကျနေကြပါတယ်။ ဖဆပလ အစိုးရ အဖွဲ့ဝင်ဆိုရှယ်လစ်ပါတီရဲ့ ခါးပိုက်ဆောင်တပ်များ လို့ နာမည်ကြီးတဲ့ စစ်ရဲတပ်များနဲ့ပြူစောထီးတပ်တွေ ကလဲ နယ်တွေမှာထင်ရာစိုင်းကြတယ်။ နာမည်ကျော် သယာဝတီခရိုင် မင်းလှလူသတ်မူတို့ မြိတ်မပို ဘယ်ရောက်သွားမှန်းမသိပျောက်သွားတာတို့ဟာ ဂါတ်တဲနားမှာဖြစ်ခဲ့ပေမဲ့ ပုလိပ်တွေဘာမှမလုပ်ရဲကြ ဘူး။  နောက်ဆုံးသိပ်လွန်လာပြီး မြိတ်နားကပင်လယ်ပြင်ထဲမှာ "အောင်ကြီးသာ" ဆိုတဲ့စက်လှေကို ဓားပြတိုက်၊ ခရီးသည်တွေသတ်ပြီး စက်လှေကိုပင်လယ်ကြောမျှောထားတဲ့ကိစ္စကျမှ ပြူစောထီးတွေကို အရေးယူရပြီး တရားခံပြူစောထီးဗိုလ် ချစ်လှိုင်နဲ့ထွန်းဝိုင်းတို့ကို တရားရုံးက သေဒါဏ်ချမှတ်လိုက်တယ်။

နောက်အဆိုးတစ်ချက်က ဖဆပလခေတ်တရားရေးဝန်ကြီးဌာနကိုဦးစီးသူ ဝန်ကြီးဟာ ဦးခင်မောင်လတ် ခေါ် အဗ္ဗဒူလတစ်ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဌာနက တရားရေးဝန်ကြီးဌာနရဲ့အောက်မှာရှိတော့  ရခိုင်ပြည်မြောက်ပိုင်းမှာ ခိုးဝင်နေတဲ့ ခေါ်တောကုလားတစ်သိန်းကျော်ဟာ ဝန်ကြီး ဦးခင်မောင်လတ်ခေါ် အဗ္ဗဒူလတစ်ရဲ့ကောင်းမှုကြောင့် မြန်မာစကားရောစာပါတစ်လုံးမှမတတ်ဘဲ အမျိုးသားမှတ်ပုံတင်ကတ်  ပြားများရသွားကြပြီး မြန်မာနိုင်ငံသားဖြစ်သွားရာကတဆင့်သမိုင်းလိမ်ရိုဟင်ဂျာအမည်ခံပြီး တိုင်းရင်းသား  အတု၊ တိုင်းရင်းသားယောင်လုပ်ရန် ကြိုးစားလာကြခြင်းဖြစ်ပါတယ်။

ကွန်မြူနစ်တစ္ဆေနဲ့ ဖက်ဆစ်သရဲ

၁၉၅၇ ခုနှစ် အိမ်နီးချင်းယိုးဒယားနိုင်ငံမှာ ဖီးမာရှယ်ဆရစ်တာနာရပ်ခေါင်းဆောင်တဲ့စစ်တပ်က အာဏာ သိမ်းလိုက်လို့ ၀န်ကြီးချုပ် ပီဘူဆွန်ဂယမ်ဟာ ရန်သူ ကမ္ဘောဒီးယားနိုင်ငံကို မိုးကြိုးငှက် (Thunder Bird) အမည်ရှိကားနဲ့ထွက်ပြေးရတဲ့ဓာတ်ပုံ "မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်" ခေါင်းစဉ် နဲ့မြန်မာသတင်းစာ တွေမှာ ပါလာပါတယ်။  နောက်တစ်ရက်နှစ်ရက်အကြာမှာဝန်ကြီးချုပ်ဦးနုက "ကွန်မြူနစ်တစ္ဆေနဲ့ဖက်ဆစ် သရဲ"ဆိုတဲ့မိန့် ခွန်းပြောပါတယ်။ သူက ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ကိုလိုနီနိုင်ငံတွေ လွတ်လပ်ရေးရ လာကြောင်း၊ လွတ်လပ်ခါစနိုင်ငံ အများစု က လက်ဝဲ၀ါဒဘက်ကို ယိမ်းကြကြောင်း၊   ဒါပေမဲ့ လုံးဝ လက်ဝဲနိုင်ငံအဖြစ်မရောက်မခြင်း လက်ဝဲအုပ်စုကမကြေနပ်လို့ ကွန်မြူနစ်သူပုန်တွေပေါ်လာကြောင်း၊ အမေရိကန်ခေါင်းဆောင်တဲ့ အခြားအုပ်စုကလဲ ကွန်မြူနစ်မဖြစ်ပြီးရော လို့သဘောထားကာ ကွန်မြူနစ် ဆန့်ကျင်သူဆိုရင် ဘယ်သူ့ ကိုမဆိုထောက်ခံ အားပေးကြောင်း၊ ဒါကြောင့် အမေရိကန်အကူအညီယူတဲ့ ဖွံ့ ဖြိုးစနိုင်ငံတချို့မှာဒီမိုကရေစီ ဆိပ်သုဉ်းသွားပြီး စစ်အာဏာရှင်၊ ဖက်ဆစ် အာဏာရှင်စံနစ်များပေါ် လာကြောင်းကိုပြောပြီး တောင်အမေရိကနိုင်ငံများ၊ ယိုးဒယား၊ တောင်ကိုးရီးယား၊ ပါကစ္စတန်စတဲ့နိုင်ငံ တွေကိုဥပမာပေးသွားပါတယ်။  ဦးနုက တချို့ ဒီမို ကရေစီအစိုးရတွေဟာ ကွန်မြူနစ်ကို  အကြောက်လွန်  ပြီး စစ်တပ်ကိုချဲ့ထွင်ကြကြောင်း၊ ဒီကိစ္စဟာ တစ္ဆေကြောက်ပြီးသရဲမွေးတဲ့လူနဲ့တူကြောင်း၊ တစ်နေ့မှာ ယိုးဒယားပြည်ကပြသွားတဲ့ဥပမာအတိုင်း ကွန်မြူနစ်တစ္ဆေကိုဟန့်တားနိုင်ပေမဲ့ စစ်ဖက်ဆစ်သရဲက ဂုတ်ချိုးတာခံလိုက်ရမှာဖြစ်ကြောင်း စကားပြောတရားဟောကောင်းသူပြီပြီ၊ ဥပမာ၊ ဥပမေယျအစုံစုံ နဲ့ပြောသွားခဲ့ပါတယ်။

ဦးနုဟာ ဗေဒင်ယုံသူ၊ နတ်ယုံသူ၊ အယူသည်းသူအဖြစ်နာမည်ကြီးခဲ့ပေမဲ့ သူကိုယ်တိုင်နဲ့မြန်မာပြည်သူ   ပြည်သားတွေဟာ သူပေးတဲ့ဥပမာအတိုင်းမကြာခင် သရဲဂုတ်ချိုး ခံရတော့မယ်လို့ ဘယ်ဗေဒင်ဆရာ၊ဘယ်နတ်ကတော်၊ ဘယ်ပုဏ္ဏား ကမှ ကြိုတင်ဟောကိန်းထုတ်ခြင်း၊ နိမိတ်ဖတ်ခြင်းတို့မပြုခဲ့ကြတာ အံ့ဩစရာပါ။  တစ္ဆေကြောက်တဲ့ ဖဆပလအစိုးရဟာ သရဲမွေးမိလို့ဂုတ်ချိုးခံလိုက်ရတယ်။ သရဲကို ငယ်နိုင်လို့ ကိုယ့်ကိုယ်ကိုကိုယ်အထင်ရှိခဲ့ကြတဲ့ ဦးဗဆွေ (ကျားကြီး)၊ ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်က လေး၊ စတဲ့ဆိုရှယ်လစ်ခေါင်းဆောင်တွေဟာလဲ သရဲက ဆရာကိုကာပြန်ပြီး ဂုတ်ချိုးပြတော့မှ "ဆရာမနိုင်  နှစ်ဆောင်ပြိုင်" ဇာတ်ကနေရမှန်း သိသွားရပါတော့တယ်။    သူတို့ချည်းခံရရုံဆိုရင် တော်ပါသေးတယ်။   အခုတော့ မဆီမဆိုင်ပြည်သူကြီးခမျာမြေဇာပင်ဖြစ်ခဲ့ရတာ အနှစ်ငါးဆယ်ကျော်ခဲ့ပါပြီ။ ဦးနုကြီး ဒီမိန့်ခွန်း ကိုပြောခဲ့တဲ့အချိန်က မမွေးဖွားခဲ့သေးသူများရဲ့သားမြေးများတောင် အခုအထိ သရဲဂုတ်ချိုးခံနေရဆဲပါ။

နိဂုံး
မြန်မာပြည်ဟာ စစ်အစိုးရအဆက်ဆက်အာဏာရူးပြီး အနှစ် ၅၀ လောက်နှိပ်စက်လိုက်လို့ ဗိုလ်ချုပ် အောင်ဆန်းနိမိတ်ဖတ်ခဲ့တဲ့ "ဟိုနိုင်ငံ"ဖြစ်လုနီးဘဝရောက်သွားရတာပါ။ ၁၉၆၂ ခု ဗိုလ်နေဝင်းတို့ အာ ဏာမသိမ်းခင် ဦးနုခေတ် မြန်မာပြည်အခြေအနေဟာ တောင်ကိုရီးယားအောက်မှာမရှိပါဘူး။ ကျွန်းဆွယ် ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပပေးနိုင်တာ ယိုးဒယားနဲ့မြန်မာဘဲရှိပါသေးတယ်။ ၁၉၆၃ ခု ကျွန်းဆွယ်ပွဲ ကိုအိမ်ရှင်လုပ်ရမဲ့ သီဟာနုခေတ်ကမ္ဘောဒီးယားက သပိတ်မှောက်လိုက်တော့ အခုချမ်းသာနေတဲ့ မလေးရှားကတောင် သူအိမ်ရှင်အဖြစ်လက်မခံနိုင်သေးပါဘူး၊ ၁၉၆၅ ခုနှစ်မှလက်ခံပါရစေ ၁၉၆၃ ခု ကျွန်းဆွယ် ပွဲကို ယိုးဒယားနဲ့မြန်မာတစ်ပြည်ပြည်က အိမ်ရှင်ပြန်လုပ်ပေးပါလို့ပြောနေရတဲ့အချိန်ပါ။ အဲဒီအချိန်က တရုတ်ကျွန်းလို့အခေါ်ခံခဲ့ရတဲ့စင်္ကာပူဟာ မလေးရှားပြည်ထောင်စုထဲက ခွဲမထွက်ရသေးပါဘူး။ ယိုးဒယားကပြည်တွင်းရေးကိစ္စကြောင့်လက်မခံနိုင်၊  မြန်မာပြည်ကဗိုလ်နေဝင်းကလည်းအာဏာသိမ်းအပြီး ဂျူလိုင် လ ၇ ရက်မှာကျောင်းသားတွေပစ်သတ်ခဲ့တဲ့ကိစ္စကစလို့နိုင်ငံရေးမတည်ငြိမ်တော့ လက်မခံနိုင်ဘူး။ ဒီလို နဲ့တတိယအကြိမ်ကျွန်းဆွယ်ပွဲကို ၁၉၆၅ ခုနှစ်မှာမှ မလေးရှားမှာကျင်းပပေးနိုင်ပါတယ်။

"မြန်မာပြည်ခုလိုဒုက္ခရောက်ရတာ ကျွန်တော်တို့တော်လှန်ရေးကောင်စီဝင်တွေရဲ့အပြစ်ပါ"လို့ ဗိုလ် အောင်ကြီးက ၁၉၈၈ မှာ ဝန်ခံခဲ့ပါတယ်။ ဗိုလ်နေဝင်းနဲ့မဆလ ဗဟိုကော်မတီဝင်တွေဆီပို့တဲ့  ဗိုလ်အောင် ကြီးရဲ့အိတ်ဖွင့်ပေးစာမှာ အကြောင်းစုံပါပါတယ်။