အောင်သဇင် - ပြည်ထောင်စုဖြိုခွဲရေး - တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြိုခွဲရေး


အောင်သဇင်  - ပြည်ထောင်စုဖြိုခွဲရေး - တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြိုခွဲရေး
(မိုးမခပေးစာ) ဒီဇင်ဘာ ၂၀၊ ၂၀၁၄

ဒို့တာဝန်အရေးသုံးပါးကို ပါးစပ်ကအမြှုပ်ထွက်မတတ်အော်နေတဲ့ ကာချုပ်မင်းအောင်လှိုင်ဟာ တိုင်းရင်းသားတွေ UNFC ထဲမှာ၊ FUA ပြည်ထောင်စုတပ်မတော်ထဲမှာ၊ KAF ကော်သူးလေတပ်မတော်ထဲမှာ စည်းလုံးညီညွတ်မယ့်အရေး ကိုတော့ အပြင်းအထန်ဆန့်ကျင်နေပြီး ဖျက်ဆီးဖြိုခွဲဖို့ နည်းမျိုးစုံသုံးနေတာ တွေ့ရတယ်။

ဗိုလ်ချုပ်မှူးကြီးအဆင့်ရှိ မင်းအောင်လှိုင်ဟာ ၂၀၁၃ မေလ နဲ့ နိုဝင်ဘာလကတည်းက တပ်မတော်မူ ၆ ချက်တို့ ငြိမ်းချမ်းရေးမူ ၆ ချက်တို့ လုပ်လာပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်တိုက်နေတဲ့ တိုင်းရင်းသားတပ်တွေကို တည်ဆဲ ဥပဒေတွေလိုက်နာဖို့၊ ၂၀၀၈ အခြေခံဥပဒေလိုက်နာဖို့ဆိုတဲ့ မဖြစ်နိုင်တဲ့တောင်းဆိုချက်တွေ စ,လုပ်ခဲ့တယ်။ နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ် NDC လို့ ကြီးကြီးကျယ်ကျယ်နာမယ်ပေးထားတဲ့ စစ်ကျောင်းမှာ စက်တင်ဘာ ၁၉ ရက် က မင်းအောင်လှိုင် မိန့်ခွန်းပေးတော့ UNFC ကို ပြောင် အတိအလင်းတိုက်ခိုက်လာခဲ့တယ်။ လက်နက်ကိုင်တော်လှန် ရေးအဖွဲ့တွေကို "တိုက်ထုတ်ချေမှုန်း"တာမှန်တယ် ဆိုတဲ့သဘော ပြောလာခဲ့တယ်။ တိုင်းရင်းသားတပ်တွေကို သွား မတိုက်ဘူး၊ ဒါပေမဲ့ ခုခံပိုင်ခွင့်အရ မတွေ့ခင်မှာ တားရတယ်လို့ ပြောတာဟာ သူတို့တိုက်ချင်ရင် အမျိုးမျိုးအကြောင်းပြ တိုက်မယ်ဆိုတဲ့သဘော စိန်ခေါ်ခြိမ်းခြောက်တာဖြစ်တယ်။

VOA အင်တာဗျူးတွေကြည့်ရင် စစ်သားနဲ့မဆိုင်တာတွေ၊ သမတတို့ လွှတ်တော်တို့ပြောရမှာတွေကို လျှောက်ပြောနေ တာတွေ့ရတယ်။ ၂၀၀၈ အခြေခံဥပဒေကိုလဲ အကြီးအကျယ်အမွှန်းတင် ကာကွယ်နေပြီး ပြင်ဖို့ကိစ္စမှာ တိတ်နေတဲ့ အသံတွေနားထောင်ဖို့ ဘာညာလျှောက်ပြောနေတာဟာ နာဂစ်မိလို့သေသွားသူတွေ တမလွန်ကနေ ထောက်ခံမဲထည့် ခဲ့တာ၊ တချို့မြို့နယ်တွေမှာ ၁၀၀% ကျော်ထောက်ခံမဲပြခဲ့တာတွေကို တမ်းတနေပုံရတယ်။ 

တိုင်းရင်းသားတွေဘက်ကကြည့်ရင် ၂၀၀၈ အခြေခံဥပဒေဟာ ညောင်နှစ်ပင်မှာ တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့ အဆိုပြုချက်၊ ဝ၊ ကိုးကန့်၊ မိုင်းလား ၃ ဖွဲ့တို့ရဲ့ အဆိုပြုချက်တွေကို လုံးဝပယ်ချပြီးဆွဲခဲ့တဲ့အတွက် ဘယ်လိုမှလက်မခံ နိုင်တဲ့အခြေခံဥပဒေဆိုတာ အားလုံးအသိဖြစ်တယ်။

 ညောင်နှစ်ပင်အမျိုးသားညီလာခံဆိုတာ အခြေခံဥပဒေဆွဲဖို့ အတွက် ဒီမိုကရေစီနည်းကျ ကိုယ်စားလှယ်ရွေးတာ၊ ဆွေးနွေးတာ၊ ဆုံးဖြတ်တာ လုံးဝမရှိတဲ့ ညီလာခံအတုကြီးဖြစ်ပြီး အဲ့ဒီဒီမိုကရေစီကင်းမဲ့လှတဲ့ ညီလာခံပြီးတော့မှ ပုဒ်မ ၄၄၅ ကို လူတယောက်တည်းရဲ့အမိန့်နဲ့ ထပ်ထည့်ခဲ့သေးတာ ဖြစ်နေတော့ ဒါကို အသေအလဲကာကွယ်နေတဲ့ မင်းအောင်လှိုင် ဘာလဲ ဘယ်လဲ ဆိုတာ ပြေးကြည့်စရာတောင် မလို ပါဘူး။

မင်းအောင်လှိုင် သိန်းစိန် ရွှေမန်း ခင်ညွန့်တို့ဟာ အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားလုံးကိုလဲ ရေလဲနဲ့သုံးနေပြီး ရှုပ်ထွေးအောင် လုပ်နေကြတာ ဖြစ်တယ်။ တကယ်တော့ ကွယ်လွန်သူဝန်ကြီးချုပ်ဟောင်းဦးနု အကောင်းဆုံး ရှင်းပြခဲ့ ဖူးသလို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အပါအဝင် နိုင်ငံရေးပါတီတိုင်း၊ နိုင်ငံရေးအဖွဲ့အစည်းတိုင်းဟာ အမျိုးသား နိုင်ငံရေးကို ကိုယ့်အမြင် ကိုယ့်ရှုဒေါင့် ကိုယ့်အယူအဆ ကိုယ့်ဝါဒသဘောတရားနဲ့ လုပ်နေကြတာချည်းဖြစ်တယ်။ အဲသလိုလုပ်နေရာက တချို့အခြေအနေတွေမှာ သွားတူကြလို့ ပေါင်းလုပ်ကြတာတွေ ဖြစ်တတ်တယ်၊ ဥပမာ- လွတ်လပ်ရေးအကြိုကာလ၊ ၈ လေးလုံးကာလတွေလိုမျိုး။ ဒါပေမဲ့ အဲ့လိုအချိန်တွေမှာတောင် အမြင်မတူလို့ကျန်ခဲ့တဲ့ အနည်းစုတွေ ရှိတတ်သေးတယ်။ ဒါမျိုးက အမြဲတမ်းမတူနိုင်တဲ့အတွက် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးကြရတာ ဖြစ်တယ်။ 

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းခေါက်ရွေးထားတဲ့ လက်ရွေးစင်တပည့်ချုပ်ပီပီ စစ်ဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို အစွမ်းကုန်ကာကွယ်စောင့်ရှောက်ဖို့ သစ္စာပြုထားတဲ့ မင်းအောင်လှိုင်ဟာ စစ်အုပ်စုကို အကာကွယ်ပေးမယ့် ဟန်ပြငြိမ်းချမ်းရေးလုပ်ဖို့ Plan A အဖြစ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အများစုကို တပြည်လုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးအောင် ဘယ်လိုမှခြိမ်းခြောက်လို့လဲမရ၊ စစ်ရေးနည်းနဲ့ချေမှုန်းလို့လဲမရ၊ လိမ်ညာလှည့် စားလို့လဲမရတာ လေးနှစ်ကြာလာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲက ခပ်ပျော့ပျော့တွေကိုသိမ်းသွင်းပြီး တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ဖြိုခွဲဖို့လုပ်နေပြီဖြစ်တယ်။

တိုင်းရင်းသားအများစုကို ကိုယ်စားပြုထားတဲ့ NCCT နဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးနေရာမှာ တိုင်းရင်းသားတွေ ဘက်က ဖက်ဒရယ်စနစ်ကို ကြံ့ကြံ့ခိုင်ဆုပ်ကိုင်ထားတဲ့အတွက် လက်ရှိဆွေးနွေးပွဲတွေဟာ အခု သိန်းစိန်အစိုးရသက်တမ်းအတွင်း မအောင်မြင်နိုင်ဘဲ ၂၀၂၀-၂၀၃၀ အထိရောက်နိုင်တယ်၊ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ဖွတ် အစိုးရဘဲ တက်မယ်၊ ကြံ့ဖွတ်အစိုးရသစ်ဟာ ဖက်ဒရယ်ကို လက်မခံ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်မလုပ်တော့ဘဲ သီရိလင်္ကာပုံစံ ချေမှုန်းရေးဘဲလုပ်မယ်လို့ စစ်အုပ်စုထိပ်သီးတွေက မူချထားပြီးဖြစ်တယ် (NLD အစိုးရဖြစ်မှာကို သူတို့ ခေါင်းထဲ ထည့်တွက်မထားပါ)။ ဒါက Plan C ဖြစ်ပါတယ်။ 

ဒါပေမဲ့ ဒီကနေ့ကာလမှာ တပ်ရင်းတရင်းကို စစ်ထွက်အင်အား ၁၀၀ ပြည့်အောင် မနည်းတွန်းနေရလို့ တပ်မတခုလုံး ပေါင်းမှ ရှေးတုံးကတပ်ရင်းနှစ်ရင်းစာဘဲရှိတော့ အရင်ကလို ၇ ရင်းရှေ့တန်းထွက် ၃ ရင်းနောက်တန်းနားစနစ် မလုပ် နိုင်တော့ဘဲ ၁၀ ရင်းစလုံး ရှေ့တန်းထွက်နေရတဲ့အခြေအနေမှာ ဒီ plan ဟာ နေ့ခင်းကြောင်တောင်စိတ်ကူးယဉ် အိမ်မက်အဆင့်ထက် မပိုနိုင်ဖြစ်နေရှာတယ်။

ဒါကြောင့် မင်းအောင်လှိုင်နဲ့ အောင်မင်း၊ သိန်းဇော်တို့ဟာ Plan B အဖြစ် သိမ်းသွင်းလို့ရတဲ့ တိုင်းရင်းသားခေါင်း ဆောင်ဆိုသူတချို့ကို UNFC နဲ့စင်ပြိုင်သွားဖို့ လှုပ်ရှားနေတယ်။ သူတို့က ဘယ်သူထိုးထိုး မထိုးထိုး တပြည်လုံးအပစ် ရပ်စာချုပ် NCA ကို ကိုယ်ကစပြီးလုပ်သွားဖို့၊ တခြားအဖွဲ့တွေလဲ နောက်ပိုင်းမှာ စိတ်ပြောင်းလာရင် တဖွဲ့ချင်းလာ ဒူးထောက်ထိုးစေဖို့ ရည်ရွယ်စည်းရုံးနေတယ်။ မထိုးဘဲကျန်တဲ့အဖွဲ့ကို စစ်ရေးအရချေမှုန်းပစ်ဖို့ ဦးတည်နေတယ်။ အဲဒီ စင်ပြိုင်အဖွဲ့ကိုလဲ တရုတ် အမေရိကန် EU တို့ကအသိအမှတ်ပြုဖို့ လော်ဘီလုပ်မယ်၊ ၆၇ ပါတီနဲ့ပါဆွေးနွေးပြီး သဘော ထားယူမယ်လို့ လက်တွေ့မကျ ရွှီးပြလိုက်သေးတယ်။ (အရင်ကလဲ WGEC ဆိုပြီး လှုပ်ရှားလှည့်စားခဲ့ပေမဲ့ ခဏနဲ့ပွင့် ကျသွားလို့ မအောင်မြင်ခဲ့ရှာဘူး။) 

ဒီလိုစီမံချက်တွေဆွဲထားပြီးဖြစ်တဲ့အတွက် ၄ ပွင့်ဆိုင်တို့ ၆ ပွင့်ဆိုင်တို့ဟာ ကျဉ်းမြောင်းတယ်ဆိုပြီး ဒေါ်စုနဲ့ NLD ဆန့် ကျင်ရေးလမ်းစဉ်ကို ဆက်လက်စွဲကိုင်နေတာဖြစ်တယ်။ အောက်တိုဘာလကုန်က ဒေါ်စုအပါ ထိပ်သီး ၁၄ ယောက် တွေ့ဆုံပွဲကိုတောင် အမျိုးသားနိုင်ငံရေးအင်အားစု ၅ စုရဲ့တွေ့ဆုံပွဲအဖြစ် သရုပ်ဖျက်နေတာ ဒီအခြေခံပေါ်ကဖြစ်တယ်။ တိုင်းရင်းသားတွေကိုလဲ ကိုယ့်အကျိုးစီးပွားပါမှာမဟုတ်လို့ ဒီလိုအပွင့်ဆိုင်တွေလက်မခံဖို့၊ တနည်းအားဖြင့် ဒေါ်စုတို့၊ ခွန်ထွန်းဦးတို့ကိုဆန့်ကျင်ဖို့ လှုံ့ဆော်တွန်းအားပေးနေတယ်။

မင်းအောင်လှိုင်ရဲ့ စီမံချက်ထဲမှာ မူလက KNU စောမူတူး နဲ့ RCSS ရွက်စစ်တို့ကို အပိုင်ထည့်ထားပြီး CNF ရွှေခါးနဲ့ လျံမှုန်းကိုလဲ လျာထားခဲ့ပေမဲ့ တခြားအင်အားကြီးအဖွဲ့တွေမပါရင် NCA ဆိုတာ စက္ကူစုတ်ဘဲဖြစ်မှာမို့ KIA မပါလဲ UWSA ဝ ကို ဆွဲခေါ်ဖို့ အဓိကကျနေတယ်။ မင်းအောင်လှိုင်ရဲ့ Plan B အရ KNU ဝ ရှမ်း-တောင်တို့က အရင် လက်မှတ်ထိုးကြမယ်၊ သမတသိန်းစိန်ဆန္ဒကို ဖြည့်မယ်၊ NCCT ဖျက်ရေး သို့မဟုတ် ဂျောင်ထိုးပစ်ရေးလုပ်မယ်လို့ ခင်း ထားတယ်။ အဲဒါဆိုရင် ၂၀၁၅ နှစ်ကုန်မှာလုပ်မယ့် ရွေးကောက်ပွဲအတွက် လမ်းရှင်းသွားမယ်လို့ ကာချုပ် မင်းအောင် လှိုင်နဲ့ သမတသိန်းစိန်တို့က ယူဆထားတယ်။ 

မင်းအောင်လှိုင်ဟာ KNU ခေါင်းဆောင် စောမူတူးနဲ့အဖွဲ့ကို ၇ ခါတွေ့ခဲ့ပြီး သမတသိန်းစိန်က ၅ ခါတွေ့ခဲ့ပြီးဖြစ်တယ်။ တိုင်းရင်းသားစည်းလုံးရေး အော်နေပြီး ၄ ပွင့်ဆိုင် ၆ ပွင့်ဆိုင်ဆိုတာ မကျယ်ပြန့်လို့မကြိုက်ဘူး ပြောနေပေမဲ့ လက် နက်ကိုင်အဖွဲ့ ၂၀ လောက်ထဲမှာ တဖွဲ့တည်းကိုဘဲ ၅ ခါတွေ ၇ ခါတွေ တွေ့နေခဲ့တာ ဘာရည်ရွယ်ချက်လဲ တိုင်းရင်း သားအားလုံး သဘောပေါက်ပြီးသားပါ။ 

မင်းအောင်လှိုင်၊ သမတသိန်းစိန်နဲ့ အောင်မင်းတို့ရဲ့ပံ့ပိုးမှု အပြည့်အဝရထားတဲ့ မူတူးတို့အဖွဲ့ဟာ UWSA ဝ အဖွဲ့ကို သွားစည်းရုံးတာ ၃ ခေါက်ရှိသွားပြီဖြစ်တယ်။ တိုင်းရင်းသားအကြိုက်စကားလေးတွေ၊ သံတမန်စကားလုံးတွေနဲ့ တဖက်က အယုံသွင်း၊ တဖက်မှာတော့ UNFC-NCCT အပုပ်ချရေး၊ ဝ နဲ့ UNFC သွေးခွဲရေး၊ ဒေါ်စုဆန့်ကျင်ရေး၊ အထူး သဖြင့် NCCT နဲ့ သီးခြားစီ အပစ်ရပ်စာချုပ်လက်မှတ်ထိုးရေးအတွက် ဝ မိုင်းလား ရှမ်း-တောင်တို့ကို MPC ဆီက ဘဏ္ဍာငွေကြေး အထောက်အပံ့အပြည့်နဲ့ လိုက်စည်းရုံးနေတယ်။ ကျန်းမာရေးမကောင်းတဲ့ ဝ ခေါင်းဆောင်တွေ လက် မှတ်ထိုးနိုင်ဖို့အတွက် လိုအပ်ရင် တပ်မတော်(လေ) ရဟတ်ယာဉ်နဲ့လာခေါ်ပေးမယ်လို့တောင် မူတူးတို့က မင်းအောင် လှိုင်ကိုယ်စား ရဲရဲကြီးအာမခံခဲ့သေးတယ်။

UNFC-NCCT ဟာ အပစ်ရပ်ပြီးရင် နိုင်ငံရေးဆွေးနွေးမယ်၊ နိုင်ငံရေးဆွေးနွေးဆုံးဖြတ်ပြီးမှ SSR/DDR လို့ခေါ်တဲ့ တပ် ဖျက် လက်နက်စွန့်တဲ့လုပ်ငန်းတွေလုပ်မယ်လို့ ဒီနှစ်သြဂုတ်လတုံးက အပစ်ရပ်စာချုပ်တတိယမူကြမ်းမှာ သဘောတူ ခဲ့ပြီးဖြစ်တယ်။ ဒါပေမဲ့ မင်းအောင်လှိုင်နဲ့ သူ့လက်အောက်ခံ KNU ကိုယ်စားလှယ်တို့က ပြောင်းပြန်လှန်ပြောနေပြီး UNFC ဟာ နိုင်ငံရေးဆွေးနွေးပြီးမှ အပစ်ရပ်စာချုပ်လက်မှတ်ထိုးဖို့ အဓိပ္ပါယ်မရှိ တောင်းဆိုနေတယ်လို့ စွပ်စွဲနေတယ်။ UNFC တို့ ကချင်တို့က ခေါင်းမာနေသလိုလို ဝါဒဖြန့်နေကြတယ်။ 

အများသိကြတဲ့အတိုင်း တတိယမူကြမ်းမှာသဘောတူခဲ့တဲ့ SSR ကိစ္စကို မင်းအောင်လှိုင့်တပည့် ဗိုလ်ချုပ်သုံးယောက် က သဘောမတူတော့ဘူးဆိုပြီး ထွက်ပြီးသားတံတွေးပြန်ကောက်မျိုလို့ စက်တင်ဘာလ စတုတ္ထမူကြမ်းမှာ ပြဿနာ တက်ပြီး အပစ်ရပ်ဆွေးနွေးပွဲတွေ အကန့်အသတ်မရှိ ရပ်ဆိုင်းသွားခဲ့တာကို UNFC အပေါ် အပြစ်ပုံချနေတယ်။ UNFC က ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် FUA လုပ်လို့ အပစ်ရပ်စာချုပ်မှာ အနှောင့်အယှက်ဖြစ်ရတာဆိုပြီး ငဖယ်က ပြောင်းပြန်လုပ်နေပြန်တယ်။
တကယ်တော့ FUA ကိုကြံစည်ခဲ့ အကောင်ထည်ဖော်ခဲ့တာ ကြာပါပြီ။ UNFC မပေါ်ခင် ၂၀၁၀ ခုနှစ် CEFU (ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးကော်မတီ) ကာလကတည်းက စပြီးအဆိုပြုခဲ့ကြ စဉ်းစားဆွေးနွေးခဲ့ကြတာဖြစ်ပြီး ၂၀၁၁ ဒီဇင်ဘာကတည်းက စဖွဲ့ခဲ့တာဖြစ်တယ်။ ဒါဟာ ဘာမှ ငြိမ်းချမ်းရေးကိုစိန်ခေါ်တာမဟုတ်ပါဘူး။ ခင်ဗျားတို့ တိုင်းရင်း သားချင်းဘဲ အရင်ညီအောင်လုပ်စမ်းပါအုံး ဆိုလို့ ပေါင်းစည်းနိုင်အောင် ကြိုးပမ်းတာဖြစ်တယ်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို လက်တွေ့အကောင်အထည်ဖော်တာဘဲဖြစ်တယ်။ 

ဒါပေမဲ့ မင်းအောင်လှိုင်တို့စစ်အုပ်စုကတော့ တိုင်းရင်းသားတဖွဲ့ချင်း သူတို့ဆီလာဒူးထောက်မှ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးလို့ သတ်မှတ်နေပြီး တိုင်းရင်းသားတွေ အချင်းချင်းစုဖွဲ့ကြတာကိုတော့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ဖြိုခွဲတယ်လို့ သူခိုးကလူဟစ်နေတယ်။ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ဖို့ကြိုးစားတာကိုဘဲ ဗဟိုဦးစီးစနစ် ကျင့်သုံး တယ်လို့ စွပ်စွဲ ပြဿနာရှာနေတယ်။ စည်းလုံးညီညွတ်ရေးကို လက်တွေ့ကျင့်သုံးမှုအဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ လုပ်ငန်းကော်မတီတို့ကို တိုင်းရင်းသားတော်လှန်ရေးကိုယ်စားလှယ်တွေနဲ့ ပူးတွဲကော်မတီ ဖြစ်စေဖို့၊ ပြည်ထောင်စုညီလာခံကြီးကို ပူးတွဲကမကထပြုဖို့ အဆိုပြုတာတွေကိုလည်း မင်းအောင်လှိုင်-အောင်မင်း တို့က ခါးခါးသီးသီးငြင်းဆန်နေပြီး အပစ်ရပ်စောင့်ကြည့်ရေးပူးတွဲကော်မတီလောက်ဘဲလုပ်ဖို့ ဖိအားပေးနေတယ်။

၂၀၁၁ ခု FUA တည်ထောင်ပြီး နောက်မှလုပ်ခဲ့တဲ့ တပြည်လုံးအပစ်ရပ်ရေးဆွေးနွေးပွဲတွေမှာ ၂၀၁၄ ဧပြီမှာ ပထမ မူကြမ်း၊ မေလမှာ ဒုတိယမူကြမ်း၊ သြဂုတ်လမှာ တတိယမူကြမ်းအထိ အဆင်ပြေခဲ့ပြီး စက်တင်ဘာလ စတုတ္ထမူကြမ်း ကျမှ ထစ်သွားတာဟာ FUA နဲ့ မဆိုင်ကြောင်းထင်ရှားနေတယ်။ တိုင်းပြည်တပြည်မှာ တပ်မတော်တခုတည်းရှိရမယ် ဆိုတာကို ဘယ်တိုင်းရင်းသားကမှ အငြင်းပွားမနေပါဘူး။ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်တပ်မတော်ဆိုတာ နိုင်ငံရေးကင်းရှင်းပြီး အာဏာမရူးတဲ့ professional တပ်ဖြစ်ဖို့နဲ့ ဖက်ဒရယ်စနစ်အရ ဗဟိုချုပ်ကိုင်မှုလျှော့ချထားတဲ့ တိုင်းပြည်ရဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မူအရ လုံခြုံရေးကိစ္စ (ကာကွယ်ရေးကိစ္စမဟုတ်) ကို ကိုယ့်ဖာသာ တာဝန်ယူခွင့်ရှိဖို့ အဓိကလိုချင်တာဖြစ်တယ်။

စစ်အုပ်စုတွေ ပြောပြောနေတဲ့ လူမျိုး ၁၃၅ မျိုး ၁၃၅ သံ မဖြစ်ဖို့၊ လက်နက်ကိုင် ၁၆ ဖွဲ့ ၁၆ သံ တယောက်တပေါက် မဖြစ်ဖို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမပြိုကွဲဖို့ဆိုတာ စောခူဆဲရဲ့ စည်းလုံးခြင်းအတွက်သီချင်းကို တိုင်းရင်းသား အဝတ်အစားမျိုးစုံ လှလှဝတ်ပြီး စုပေါင်းကရုံနဲ့ မရနိုင်ပါဘူး။ လက်တွေ့အဓိပ္ပါယ်ရှိတဲ့နည်းကို FUA က ကျင့်သုံးနေတာ ဖြစ်တယ်။ KAF ဆိုတာလဲ ကရင်ပြည်အတိုင်းအတာအရ အလားတူဖြစ်တယ်။ 

ကာချုပ်ကိုယ်စားလှယ်တွေက NCCT ဟာ အပစ်ရပ်ဆွေးနွေးဖို့အတွက် ဝ၊ မိုင်းလား၊ RCSS တို့ကို မဖိတ်ခေါ်ဘူးလို့လဲ တလွဲပြော စွပ်စွဲသေးတယ်။ တကယ်တော့ ဟန်ညောင်ရွှေရဲ့လှည့်ကွက်အောက်မှာ RCSS က လိုင်ဇာ-လော်ခီးလာ ညီလာခံသဘောတူချက်တွေကို  လက်မှတ်မထိုးဘဲ သီးခြားရပ်တာ၊ ဝ ကတော့ အပစ်ရပ်ဆွေးနွေးစရာမလိုဘဲ ငြိမ်း ချမ်းရေးဆိုင်ရာနိုင်ငံရေးဆွေးနွေးဖို့ဘဲ လိုအပ်တော့တာဖြစ်လို့ မတက်တဲ့အကြောင်း အများသိကြေညာထားပြီးဖြစ် တယ်။ အပစ်ရပ်ဆွေးနွေးပွဲနဲ့ပတ်သက်လို့ သဘောထားတွေကို တရားဝင်ထုတ်ပြောခဲ့ကြပြီးဖြစ်တယ်။

အခုတော့ ဝ နဲ့ မိုင်းလားက တခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အားလုံးနဲ့ တစုတစည်းတည်း လက်မှတ်ထိုးမယ်၊ တသီးတခြားခွဲမထိုးနိုင်ဘူးလို့ အပြတ်ပြောလိုက်ပြီး ရှမ်း-တောင် RCSS ကလဲ ဗမာစစ်တပ်နဲ့ ကရင်ဥက္ကဌတို့လုပ်ပုံ တွေ၊ ဘတ်ကီးရိုက်ပုံတွေကို မယုံမကြည် မကျေမနပ်တွေဖြစ်နေပါတယ်။ CNF ရဲဘော်ထုကလဲ ဗမာစစ်တပ်ရဲ့ အဓိပ္ပါယ်မဲ့ ချုပ်ချယ်ဗိုလ်ကျမှုတွေကို မကျေမလည်ဖြစ်နေပြီး ခတ်ခွာခွာလုပ်နေတော့ မင်းအောင်လှိုင်ရဲ့ ကလိမ် ကကျစ် Plan B အခြေအနေမကောင်း ဖြစ်နေပါပြီ။

ဒါပေမဲ့ မင်းအောင်လှိုင်တို့ဟာ စောမူတူးကို ၂၀၁၅ မှာ ဒုသမတခန့်မလိုလို၊ ကရင်တပ်ကို လွှတ်တော်က ၂၅% ထဲ နေရာခွဲထည့်ပေးမလိုလိုလေသံလွှင့်ပြီး ဟိုအကောင်ဝမ်းသာအောင် လေလည်ပြတာမျိုးလဲ လုပ်နေတယ်။ (၂၀၀၉ ခု တုံးကလဲ ကချင်အထူးဒေသ-၁ စခုံတိန်ယိန်းက လွှတ်တော် ၂၅% ထဲ ပါမလိုလိုအသံထွက်ပြီး နောက်ဆုံးတော့ နယ် ခြားစောင့်တပ်ဘဲ ဖြစ်သွားခဲ့တယ်။)

မင်းအောင်လှိုင်ဟာ မူလက ၂၀၁၅ မှာ သမတလုပ်ဖို့ ရည်မှန်းခဲ့ပေမဲ့ တိုင်းပြည်အခြေအနေတွေက ယခုစာဖတ်နေသူ ကြီး နိုင်ငံတော်အကြီးအကဲလုပ်ခဲ့တဲ့ အနှစ် ၂၀ အပစ်ရပ်ကာလလို အေးဆေးမနေတဲ့အတွက် လူဝတ်လဲ သမတ အရွေးမခံတော့ဘဲ ပင်စင်သက်ထပ်တိုးပြီး ကာချုပ်ဆက်လုပ်ဖို့ သဘောတူလိုက်ရတယ်။ တဆက်တည်းမှာ ဂျူနီယာ တွေကို ချုပ်ကိုင်ရာမှာ ပိုမီးသေအောင် နယ်အဝန်းအဝိုင်းကျောထောက်နောက်ခံမရှိ ရန်ကုန်သားချင်းဖြစ်တဲ့ မြထွန်းဦး ကို အိမ်ရှေ့စံလျာထားပြီး အပတ်စဉ် ၂၅ အထက် ဗိုလ်ချုပ်တွေတသီကြီးကို အငြိမ်းစားပေး အရပ်ဖက်ရွှေ့ဖို့ စီစဉ်နေ တယ်။ ၂၀၁၅ သို့မဟုတ် ၂၀၁၆ မှာလုပ်မယ့် ရွေးကောက်ပွဲအခြေအနေမကောင်းရင် ၁၉၅၈ ခုတုံးကလို အိမ်စောင့် အစိုးရအဖြစ် မလိမ့်တပတ်လုပ်ဖို့လဲ စဉ်းစားပြင်ဆင်ထားတယ်။ ဒါလဲ Plan နံပတ် ဘယ်လောက်ဖြစ်မလဲ မသိသေးပါ။

မင်းအောင်လှိုင်နဲ့ DSA အပတ်စဉ် ၆ ခုကွာတဲ့ မြထွန်းဦးဟာ ဗိုလ်ချုပ်မြကို အဆိပ်နဲ့၊ ပဒိုမန်းရှာကို သေနတ်နဲ့ လုပ်ကြံ နိုင်ခဲ့လို့ တိုက်ပွဲကြီးတွေမတိုက်ဖူးတဲ့ အပစ်ရပ်ကာလဗိုလ်ချုပ်ဖြစ်လာသူတွေထဲကနေ တပ်ချုပ်ကြီးသန်းရွှေက တော် ကောက် မြှောက်စားခဲ့တာဖြစ်တယ်။ စီနီယာတွေကိုတရိပ်ရိပ်ကျော်တက်ပြီး တင်ဖို့လုပ်တာကို အပတ်စဉ် ၂၂ က ဗိုလ်ချုပ်ကျော်ဆွေက ကလန်ကဆန်လုပ်လို့ ဘရိတ်ပြန်အုပ်ပြီး ကျော်ဆွေကျေနပ်အောင် ချွေးသိပ်ရင်း တခြားစီနီယာ ဗိုလ်ချုပ်တွေကိုဖယ်ဖို့ အချိန်ယူအကြံအဖန်လုပ်နေရတယ်။ စစ်တပ်ထုံးစံအရ ကိုယ့်ကိုလှန်နိုင်မယ့် အပတ်စဉ်မတိမ်း မယိမ်းတွေနည်းလေ၊ စစ်အာဏာကျင့်သုံးလို့ကောင်းလေ ဖြစ်သလို အပတ်စဉ်ကွာလေ၊ ရာထူးတက်လာတဲ့ဂျူနီယာ တွေက ကျေးဇူးတင်လေ၊ ပိုချုပ်ကိုင်လို့ကောင်းလေဖြစ်လို့ ဂျူနီယာတွေကိုများများတင်ဖို့ စီစဉ်နေတာဖြစ်တယ်။ 

ဒီတော့ ဒို့တာဝန်အရေးသုံးပါးတွေ အမျိုးသားနိုင်ငံရေးတွေ လိပ်ခေါင်းထွက်အောင်အော်ရင်း တိုင်းရင်းသားအချောင် သမားတွေ တိုင်းရင်းသားသစ္စာဖောက်တွေကို နဖားကြိုးထိုးပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုဖြိုခွဲနေသူ၊ ပြည် ထောင်စုကိုဖြိုခွဲနေသူဟာ တိုင်းရင်းသားတွေဒူးထောက်အညံ့ခံရေးကိုသာမြင်ချင်တဲ့ ဗမာစစ်အုပ်စုဘဲဖြစ်နေတာ တွေ့ ရပါတယ်။ စစ်အုပ်စုဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ဖက်ဒရယ်စနစ်၊ စစ်မှန်တဲ့ဒီမိုကရေစီစနစ်တွေကို နည်းမျိုးစုံနဲ့ ဟန့်တားဖျက်ဆီးနေတဲ့အတွက် စားပွဲဝိုင်းတိုက်ပွဲကို လူထုတိုက်ပွဲဖိအား၊ နိုင်ငံတကာပြည်သူ့ဖိအားတွေနဲ့ဝန်းရံပြီး တရားမျှတတဲ့ငြိမ်းချမ်းရေး မရရအောင်လုပ်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိနေပါပြီ။


အောင်သဇင်