ဆောင်းယွန်းလ "ဒီကဗျာကို အချိန်နဲ့ရေးခဲ့တယ်"


ဆောင်းယွန်းလ  "ဒီကဗျာကို အချိန်နဲ့ရေးခဲ့တယ်"
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၄


ဆက်သွယ်မှုဧရိယာတွေရဲ့ ပြင်ပမှာ
တယောက်တည်း ဆက်လိုက် ပြတ်လိုက်နဲ့
တကိုယ်တည်း ငြီးတွားလိုက် ရေရွတ်လိုက်နဲ့
တည့်တည့်တိုးမိတဲ့ အလုပ်နဲ့မိုးတွေကတော့
မှတ်မှတ်ရရ ရပ်တယ်လို့ကိုမရှိခဲ့ဘူး.....

ဝတ်ထားတဲ့ဘောင်းဘီက ပါးပါးလာတယ်
လုပ်လက်စအလုပ်တွေက ပါးလာတယ်လို့ကိုမရှိခဲ့ဘူး
စစ်ပွဲကြီးတွေ တပွဲပြီးတပွဲပြီးသွားခဲ့ပေမယ့်
စစ်မီးတွေ တမီးမှမငြိမ်းခဲ့သလိုမျိုးပေါ့...

မငြိမ်းနိုင်တဲ့မီးကိုပဲ
ထပ်ထပ်ပြီး ရဲရဲတောက်အောင်လောင်နေခဲ့ရတော့
အရိုးနဲ့အသားဟာ တသားတည်းကျခဲ့ရသလို
ကိုယ့်အချိန်နဲ့ကိုယ်
ကိုယ့်ရေတိမ်မှာ ကိုယ်နစ်နေခဲ့ရပေါ့....

တိမ်တွေပေါ်မှာ အိမ်ဖွဲ့ခဲ့ချင်သူဆိုတော့
တိမ်တွေပေါ်မှာ တိမ်တွေညိုတိုင်း အိမ်ပြိုခဲ့ရ
တိမ်တွေပေါ်မှာ တိမ်တွေမှောက်တိုင်း အိမ်ပျောက်ခဲ့ရ
တိမ်တွေပေါ်မှာ တိမ်တွေမဲတိုင်း အိမ်နဲ့လွဲခဲ့ရ
တိမ်တွေပေါ်မှာ တိမ်တွေလျှပ်ပြေးတိုင်း အိမ်နဲ့ဝေးခဲ့ရပေါ့...

တနှစ်မှာ ၃၆၆ရက်၊ တလမှာ ၃၂ရက်
တလမှာ ရက်သတ္တ၅ပါတ်၊ တပါတ်မှာ ၈ရက်
တရက်မှာ ၄၈နာရီ၊ တနာရီမှာ မိနစ်၁၂၀
တမိနစ်မှာ ၃၆၀၀စက္ကန့်ရှိခဲ့သလား....

တနေ့တာဟာ တနေ့စာအတွက်မလောက်
တရက်စာဟာ တနပ်စာအတွက်မလောက်နဲ့...

လောက်လောက်လားလားပြောစရာမရှိတာကိုပဲ
စကားလုပ်ပြောတတ်ကြတဲ့ လူအုပ်ထဲမှာ
ဖတ်/၊မှတ်စရာ စာတမျက်နှာမှမရှိတော့
ဖတ်လက်စ စာအုပ်ထဲမှာပဲ
လုပ်လက်စအလုပ်တွေကို ထည့်ဖတ်လိုက်မိတယ်......

တိုင်မှာကပ်ထားတဲ့ နာရီက
သံပါတ်ကုန်ပြီးရပ်သွားခဲ့တယ်
နှိုးစက်ပေးထားတဲ့နာရီကတော့ တစက္ကန့်မှမရပ်ခဲ့ဘူး....

ရပ်နေမိတဲ့ မဟာပထ၀ီမြေကြီးပေါ်က
လျှောက်နေတဲ့ခြေထောက်နဲ့
ရောက်နေတဲ့ခရီးကို ပြန်ရုတ်သိမ်းဖို့
နေမတိမ်းခဲ့ဘူး...

လက်နဲ့အလုပ်ကလည်း
အလုပ်နဲ့လက်ပြတ်တယ်ရယ်လို့ကို မရှိခဲ့ဘူး...

လက်မဲ့အဖြစ် ပြက်သွားတဲ့ လက်တွေကို
လက်ရှိရှိနေတဲ့ လက်နှစ်ချောင်းနဲ့
ပြန်ဆက်ကြည့်ရရင် ကောင်းမလား...

အကောင်းစားကားတွေပေါ်က
အပေါစားမျက်နှာတွေကိုကြည့်ဖို့ အချိန်မရှိခဲ့ဘူး....

အချိန်၊အချိန်နဲ့
အချိန်စက်သီးပေါ်မှာ အချိန်တွေကို တင်ချိန်ရင်း
နှစ်သက္ကရာဇ်စက်ဝိုင်းထဲမှာ အချိန်တွေကို တင်ပစ်ရင်း
အနှစ်လေးဆယ်တင်းတင်းပြည့်ခဲ့ပြီး
လေး ငါးနှစ် တော်တော်ကျော်ခဲ့တယ်....

အကြည့်၊အကြားနဲ့ သတိတရားတွေကို
ကြည့်မှန်ပေါ်မှာတင်ပြီး အကြည့်ခံဖို့အတွက်တော့
ကိုယ့်မျက်နှာကိုကိုယ် ကြက်ခြေခတ်ထားမိခဲ့ပေါ့....။ ။

(ဒီဇင်ဘာ ၁၉ရက်၊ ၂၀၁၄)

(Photo Copyright - Aung Htet)