အရှင်စန္ဒိမာ (မွန်စိန်တောရ) - မောဟမှိုင်းကြားမှ မြေဇာပင်များ


အရှင်စန္ဒိမာ (မွန်စိန်တောရ) - မောဟမှိုင်းကြားမှ မြေဇာပင်များ
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၄
 
 p h o t o © a u n g h t e t

ဦးရွှေမန်းရဲ့  သားများ ကုမ္ဗဏီတွေထောင်ပြီး ကြီးပွါးချမ်းသာနေကြတယ်။ ဒါပေမယ့် သူကတော့ တကယ့်ကို ပြုပြင်ရေးသမားပုံမျိုးဖမ်းနေတယ်။ အရင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်း တဂိုဏ်းတည်းပုံမျိုး သတင်းထွက်ဖူးတယ်။ ဒါပေမယ့် နောက်ပိုင်း အစေးမကပ်တော့ဘူးလို့ ကြားခဲ့ရတယ်။ အခုတော့ အစေးကပ်သွားပြန်ပြီးလား မသိပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးမှာ “ထာဝရမိတ်ဆွေ ထာဝရရန်သူမရှိ” ဆိုတဲ့မူကို ကျင့်သုံးနေတာလား မပြောတတ်ပါဘူး။

ဦးသိန်းစိန်ကတော့ ဦးရွှေမန်းလို ကိုယ်ကျိုးစီးပွါးနဲ့ ပတ်သက်ရင် နာမည်ပျက်မရှိဘူးလို့ ပြောကြတယ်။ ဒါပေမယ့် သူ့ကြည့်ရတာ ဦးသန်းရွှေနဲ့ လက်ရှိကာချုပ်ကို လွန်ဆန်ရဲပုံမရပါဘူး။

သေချာတာတခုက စစ်အာဏာရှင်စနစ်ကို ဖယ်ရှားချင်သူ အင်အားစုများအကြား ညီညွတ်မှု အားနဲခဲ့တယ်။ ၈၈ အရေးတော်ပုံကာလက လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများနဲ့ ပြည်တွင်းအင်အားစုများအကြား အချိတ်အဆက် မရှိခဲ့သလောက်ပါ။

၉၀ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ပေါ်အောင် မလုပ်နိုင်ခဲ့တာကလည်း ပြည်တွင်းအတိုက်အခံအင်အားစုနဲ့ လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများအကြားမှာ ပေါင်းစည်းမှု မရှိခဲ့တာလည်း တကြောင်းပါလိမ့်မယ်။

ယခုအချိန်အထိလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ အင်အားစုများအကြား အားရလောက်စရာ ပေါင်းစည်းညီညွတ်မှု မတွေ့ရသေးပါ။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို မတည်ထောင်နိုင် ဖြစ်နေရခြင်းရဲ့ အဓိကအကြောင်းအရင်းများစွာထဲမှာ အာဏာရှင်တွေရဲ့ အတိုက်အခံအင်အားစုအတွင်းကို ဝင်ရောက်သပ်လျှိုသွေးခွဲဖြိုခွင်းမှုလည်း တခုအပါအဝင် ဖြစ်လိမ့်မယ်။

သပ်လျှိုသွေးခွဲမှိုင်းတိုက်မှုတွေထဲမှာ လူမျိုးရေးလည်း ပါဝင်တယ်။ တိုင်းရင်းသားများနဲ့ ဗမာလူမျိုးအကြား မယုံကြည်မှုတွေ မုန်းတီးမှုတွေ လုံးဝကင်းပျောက်မှု မရှိသေးတာဟာ ထိုသပ်လျှိုသွေးခွဲမှိုင်းတိုက်မှုရဲ့ ပယောဂပါ။

ဘာသာရေးမှိုင်းတိုက်မှုကတော့ ယခုအချိန်မှာ အမြင့်မားဆုံးလို့ ပြောရမယ်။

မမေ့သင့်တာက လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများနဲ့ နိုင်ငံရေးပါတီဒီမိုကရေစီအတိုက်အခံအင်အားစုများအကြား ပေါင်းစုညီညွတ်မှု အားနဲလေ စစ်ကျွန်သက်ဆိုး ရှည်လေပါပဲ။

 အာဏာချုပ်ကိုင်ထားသူများ သင်ခန်းစာယူသင့်တာက အမြင်ကျယ်မှုဆိုတာကို အပြောမဟုတ် အလုပ်နဲ့ သက်သေပြဖို့ပါ။ သို့မဟုတ်ပါက ဆိုးကျိုးတွေသာ အနာဂတ်မှာ ရင်ဆိုင်ကြုံတွေ့ရဖို့ ရှိပါတယ်။ ထိုအခါမှာ ဘယ်သူမှ သက်သာမှာတော့ မဟုတ်ပါ။

တကယ်တော့ အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းသလို မောဟအိုးမဲ အသုတ်ခံကြရပြီး သေမျိုးဖြစ်တဲ့ လူလူချင်း ခွပ်နေကြတာပါ။ မောဟအိုးမဲ မောဟမှိုင်းတွေကြားမှာ မြေဇာပင်ကတော့ ပြည်သူလူထုပါ။