အမေရိကန်သမ္မတ အိုဘားမားက တရားမ၀င်တပြည်သားများအတွက် သက်သာခွင့် အမိန့်ထုတ်

အမေရိကန်သမ္မတ အိုဘားမားက တရားမ၀င်တပြည်သားများအတွက် သက်သာခွင့် အမိန့်ထုတ်
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၄
၂၀၀၈ ခုနှစ် သမ္မတအဖြစ် အရွေးခံခဲ့ရသည့်အချိန်မှစ၍ အိုဘားမားက ၎င်းတို့၏ လူဝင်မှုကြည့်ကြပ်ရေးဥပဒေ ပြုပြင်မည်ဟု ကတိပေးခဲ့ပြီး ၆နှစ်အကြာ ၂၀၁၄ နှစ်ကုန်ပိုင်းကျမှ ခြေလှမ်းတခုအဖြစ် သမ္မတအမိန့်ထုတ်နိုင်ခဲ့သည်။ လွှတ်တော် ၂ရပ်၏ အတည်ပြုချက်ဖြင့် ဥပဒေပြင်ဆင်ခြင်း မဟုတ်ဘဲ အစိုးရတရပ်၏ ခေါင်းဆောင် သမ္မတအာဏာဖြင့် လက်ရှိအမေရိကန်ပြည်တွင်းရှိ တရားမ၀င်ရောက်ရှိနေသူများအနက် လူဦးရေ ၅ သန်းကို ပြည်နှင်ခွင့်က သက်သာစေသည့် အမိန့်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။ 
တရားမ၀င် တပြည်သားများအနက် ၅ နှစ်နဲ့ အထက် ရောက်ရှိနေပြီး ၊ အမေရိကန်နိုင်ငံသား သို့မဟုတ် ဂရင်းကဒ်ရထားသူ ကလေးများ၏ မိဘများသည်  ရာဇ၀တ်မှု ကင်းရှင်းကြောင်း စစ်ဆေးပြီးနောက် အမေရိကန်ပြည်တွင် ၃ နှစ် အလုပ်လုပ်ပြီး နေထိုင်ခွင့် ရရှိမည် ဖြစ်သည်။ နိုင်ငံသားဖြစ်ခွင့်၊ ဂရင်ကဒ် ရခွင့်တို့မှာ လူဝင်မှုဥပဒေနဲ့ သက်ဆိုင်ပြီး သမ္မတ၏ အာဏာနဲ့ ထုတ်ပြန်ခွင့် မရှိဟု ဆိုသည်။
အမေရိကန်ပြည်တွင်း တရားမ၀င်ရောက်ရှိနေသူ ၁၀ သန်းကျော် ရှိသည်။ ထိုအရေးအခင်းကို အစိုးရနဲ့ လွှတ်တော်တို့က လူဝင်မှုကြည့်ကြပ်ရေး ဥပဒေပြင်ဆင်ပြီးမှသာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ လူဖြူများ ကြီးစိုးသော ရီပတ်ဘလစ်ကန်ပါတီက အဆိုပါ လူဝင်မှုဥပဒေပြင်ဆင်ရေးကို အားမပေးပေ။ တရားမ၀င်ရောက်ရှိနေသူများကို အရေးယူပြီး ပြည်နှင်ရေးကို အားသာကြသဖြင့် ယခုအိုဘားမား၏ အမိန့်ထုတ်ပြန်ခြင်းကို ကန့်ကွက် ရှုတ်ချလိုက်ကြသည်။ အိုဘားမား၏ ဒီမိုကရက်ပါတီကမူ တပြည်သားများဖြင့် စတင်ထူထောင်ခဲ့သော အမေရိကန်ပြည်ထောင်စု၏ သမိုင်းအစဉ်အလာအတိုင်း တရားဥပဒေနှင့် အညီ တပြည်သားများကို တရားဝင်လက်ခံရေးကို အားပေးကြသည်ဖြစ်ရာ အိုဘားမား၏ အမိန့်ကို ထောက်ခံကြသည်ဟု ဆို၏။ 
လက်ရှိ ၂၀၁၄ အထွေထွေရွေးကောက်ပွဲရလဒ်အရ အမေရိကန်လွှတ်တော် ၂ ရပ်တွင် ရီပတ်ဘလစ်ကန်ပါတီမှ အမတ်အများစု အနိုင်ရရှိထားသည်ဖြစ်ရာ ဒီမိုကရက်ပါတီ၏ သမ္မတ အိုဘားမားမှာ ၎င်း၏ လက်ကျန်သမ္မတ သက်တမ်း ၂ နှစ် အတွင်း သဘောထားချင်း မတူညီသော အတိုက်အခံများကို ရင်ဆိုင်ဖြတ်သန်းရမည်ဟု အကဲခတ်တို့က မှတ်ချက်ပေးကြသည်။