နေ၀န်းနီ (မန္တလေး) - မန္တ​လေးရယ်​ ... ဆောင်းပြန်​​ခေါ်​ပေးပါ


နေ၀န်းနီ (မန္တလေး) - မန္တ​လေးရယ်​ ... ဆောင်းပြန်​​ခေါ်​ပေးပါ
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၄
 
photo : Christopher Martin Photography

မြူနှင်းတို့ တ​ဝေ့​ဝေ့  တဝဲဝဲ ကျဆင်းချိန်​တွင်​​ မြောက်​​လေချို​အေး​သည်​ ဝန်း​ဝေ့တိုက်​ခတ်​လျှက်​ရှိသည်​။ နှင်း​တွေက​တော့ ​ဝေမှိုင်းကျ​နေဆဲ ပါ။ ယဲ့ယဲ့က​လေးကျဆင်း​နေ​သော​ နေ​ရောင်​ခြည်​က ပိတ်​ဖုံးနေ​သောနှင်းထုကို အစွမ်းကုန်​ထိုး​ဖောက်​​နေဆဲ။ ​တောင်​ခိုးတ​ဝေ​ဝေ မြူ​ခြေက တစိုင်းစိုင်းနှင့်​ မန္တ​လေး​တောင်​ကြီးမှာ လွမ်းစရာမြင်​ကွင်းကို ဖန်​တီး​နေပါသည်​။ ဝန်းကျင်​တခိုကို သဲသဲကွဲကွဲ ပီပီပြင်​ပြင်​ မမြင်​ရ​ပေ။ မန္တ​လေး​ဟေမန်​​ဆောင်း၏ မှုန်​ပျပျ ပန်းချီကားမှာ ရှု့မငြီးဖွယ်​​ကောင်းလှပါဘိ....။

ဒါ ဟိုတစ်​ချိန်​တုန်းက မန္တ​လေးရဲ့ ​ဆောင်းရာသီ​ပေါ့။ အခုမန္တ​လေးက​တော့ နိုဝင်​ဘာလသာ​ရောက်​လာသည်​။ ဆောင်းက ဘယ်​ဆီမှာ မသိ​ပေ။ ဟိုတုန်းက ရပ်​ကွက်​ဘုရားပွဲဆိုရင်​ မီးဖိုပြီး ပွဲကြည့်​ရသည်။ အခုဖြင့်​ အင်္ကျီအပါး​လေးနဲ့ပဲဟု ​မေ​မေက​ပြောသံကြားဖူး​နေသည်​။ ယခု​ချိန်​ မန္တ​လေး​ဆောင်းရာသီ၏ရနံ့ကို ခံစားခွင့်​မရ​သေး​ပေ။ ​နောက်​ဆိုရင်​ မန္တ​လေးတွင်​ ဥတုသုံးပါမရှိ​တော့ပဲ ​နွေရယ်​ မိုးရယ်​ ကျန်​​တော့မည်​ကို​ တွေး၍စိုးရိမ်​​နေသည်​။ မန္တ​လေးသားတယောက်​အ​နေဖြင့်​ ​နွေရာသီ​ရောက်​လျှင်​ ​နွေရာသီ၏အရသာကို ခံစားချင်​သည်​။ မိုး​ရောက်​လျှင်​ မိုးရာသီဥတုကိုခံစားချင်​သည်​။ ဆောင်း​တော့လည်း မန္တ​လေးရဲ့ ဆောင်းရာသီ​လေးကို ခံစားချင်​ပြန်​သည်​။ မန္တ​လေးရယ်​ ​ဆောင်းရာသီ ကိုပြန်​​ခေါ် ပေးပါ။

မန္တ​လေး​ဆောင်းရာသီအ​ကြောင်း​တွေး​တောပြီး မဆီမဆိုင်​ဖြင့်​ အချုပ်​တန်းဆရာ​ဖေရဲ့စာဆိုတစ်​ခုကိုသတိရမိပြီ။

"​ငွေနှင်းရယ်​မှုန်​ ၊​ လေညင်းရယ်​တသုန်​သုန်​နှင့်
ချမ်းပုံမှာကမ်းကုန်​ရစ်​တာမို့
မန်းတုန်​​အောင်​လမ်းဆုံက ဟစ်​ချင်​​တော့ ..."

ဆရာ​ဖေသာ ယခုမန္တ​လေး​ဆောင်းသာမြင်​လျှင်​ စာသား​ပြင်​ စပ်ချင်​ စပ်မည်​။
နောက်​ထပ်​ လက်​ဝဲသုန္ဒအမတ်​ကြီးကို အားနာမိသည်​။ မဲဇာ​တောင်​​ခြေရတုတွင်​ သူ့​တွေ့ကြုံခဲ့ရသည့်​​ဆောင်း၏ အ​အေးလွန်​ပုံကို သရုပ်​​ဖော်​ပြီပြင်​စွာ ​ရေးဖွဲ့ထား​လေသည်​။

အခု  အဘိုး​ပြောပြတဲ့ မန္တ​လေး​ဆောင်းရာသီ ကဒိုင်​ယာရီထဲမှာ။ အဖွား​ပြောပြတဲ့ မန္တ​လေး​ဆောင်းရာသီ ဝတ္ထုစာအုပ်​​တွေထဲမှာ။ ​မေ​မေ​ပြော​ပြော​နေတဲ့ မန္တ​လေး​ဆောင်း အခုဘယ်​နားမှာလဲ။ ​ဖေ​ဖေပြော​ပြောပြတဲ့ မန္တ​လေး​ဆောင်းက တော့ ကျွန်​​တော်​၏ တစ်ထောင့်​တည အိပ်​ရာပုံပြင်​ထဲမှာရှိ​လေသည်​။ မန္တ​လေးမြို့ကြီးကိုချစ်​ခင်သလို မန္တ​လေးရဲ့ရာသီဥတု​တွေကို နှစ်​သက်​မြတ်နိုးချစ်​ခင်​သည်​။ နာရီစင်​ကြီး ကလည်း ​ဆောင်းရဲ့​အေးမြမှုကိုခံစားချင်​သလို ​ဈေးချိုတော်​ကြီးကလည်း မန္တ​လေး​ဆောင်းကို​ မျှော်​​နေရှာသည်​။
    
အခု​တော့....ဟိုတုန်းကမန္တ​လေး​ဆောင်းကို လွမ်း​နေရ​တော့တာ​ပေါ့...။ မန္တ​လေးတက္ကသိုလ်​၊ တိမ်းကင်း​သော မန္တ​လေးည​၊ မန္တ​လေး​တောင်​​ပေါ်က ရှုခင်း​တွေကြည့်​ရတဲ့အရသာ၊ ဗောဓိကုန်း၊ ​တောင်​သမန်​၊ ဦးပိန်​တံတား၊ သင်္ကြန်​မိုးနဲ့ မန္တ​လေး ၊ ​ဂျောက်​ဂျက်​....​ဂျောက်​ဂျက်​....စက်​ဘီးစီးနင်းသံ​တွေနဲ့အတူ ​မန္တ​လေး​ဆောင်းမှာ မှုန်​ရီ​ဝေဝါးကျန်​ရစ်​ခဲ့ပြီ။ နေတဖျား​ရောက်​တာနဲ့ အပူ​ငွေ့ကရိုက်​ခတ်​လာတယ်​။ မန္တ​လေး ​ဆောင်း ကျန်​ရစ်​ခဲ့​သော်​လည်း ကျုံးန​ဘေးတွင်း ဖွေး​ဖွေးလှုပ်​ပြီး လမ်း​လျှောက်​သူ​၊ ​အေရိုးဗစ်​ကစားသူ၊ ကြက်​​တောင်​ရိုက်​သူ၊ အ​နှေး​ပြေး သူများနှင့်​ မန္တ​လေး ​နိုဝင်​ဘာ​လေးမှာ စည်​ကား​နေသည်​။

ဒီနှစ်​မန္တ​လေး ဆောင်းရာသီကိုခံစားရန်​ ကျွန်​​တော်​အ​နေနှင့်​အသင့်​ဖြစ်​​နေ​သော်​လည်း ​ဆောင်းရာသီမှာ ဘယ်​ဆီ ဘယ်​ဝယ်​​ ရောက်​​နေမည်​ မသိ​ပေ။

နေဝန်းနီ {မန္တ​လေး}