အရှင်စန္ဒိမာ (မွန်စိန်တောရ) - ရင့်ကျက်မှုကို ဘယ်လိုအဓိပ္ဗါယ်ဖွင့်မလဲ ဦးရဲထွဋ်ကို မေးချင်တယ်


အရှင်စန္ဒိမာ (မွန်စိန်တောရ)  - ရင့်ကျက်မှုကို ဘယ်လိုအဓိပ္ဗါယ်ဖွင့်မလဲ ဦးရဲထွဋ်ကို မေးချင်တယ်
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၄

သီရိလင်္ကာနိုင်ငံမှာ နှစ်အနည်းငယ်မျှ နေခဲ့စဉ်က မြန်မာသံအမတ်ကြီးရဲ့ နေအိမ်ကို ဖါးအောက်ဆရာတော်ဘုရာကြီးကိုမှီပြီး ဆွမ်းစားပင့် သွားရောက်ခဲ့ဖူးပါတယ်။ ဟိတ်ဟန်နည်းပုံရတဲ့ သံအမတ်ကြီးနဲ့ ထိုမတိုင်ခင်ကလည်း တွေ့ဆုံစကားပြောဖူးပါတယ်။ သံအမတ်ကြီးဟာ တပ်မမှူးဘဝကနေ သံအမတ်ကြီးဖြစ်လာတယ်လို့ သိရတယ်။ နောက်ပိုင်း ထိုသံအမတ်ကြီးဟာ တခြားအာရှနိုင်ငံတနိုင်ငံကို သံအမတ်ရာထူးနဲ့ပဲ ပြောင်းရွှေ့သွားတယ်လို့ ကြားသိခဲ့ရတယ်။ ဒီရက်ပိုင်းအတွင်း သတင်းတပုဒ်ကို ဖတ်နေစဉ် သတင်းထဲမှာ ထိုသံအမတ်ကြီးရဲ့ နာမည်ကို မထင်မှတ်ဘဲ တွေ့လိုက်ပါတယ်။ သူ့နာမည်ရှေ့မှာ နိုင်ငံခြားရေးဒုဝန်ကြီးဆိုတာကိုပါ တွေ့လိုက်ရတော့ ပိုစိတ်ဝင်စားသွားပါတယ်။ ရုတ်တရက် အံ့သြသလိုဖြစ်သွားခဲ့ပေမယ့် အံ့သြစရာမဟုတ်မှန်း ချက်ချင်းပဲ သတိပြန်ဝင်လာပါတယ်။

သူ့မိသားစုလှူတဲ့ဆွမ်းကို စားဖူးပြီး ပုဂ္ဂိုလ်ရေးအရ ဘာပြဿနာမျှ မဖြစ်ဖူးတဲ့ သူ့ကို ယခင်ထက် ပိုအဆင့်မြင့်တဲ့ ရာထူးနေရာမှာ ရောက်နေပါလားဆိုတာ သိရတော့ ဝမ်းနည်းဝမ်းသာ အထွေအထူး မခံစားရပေမယ့် မိမိတို့နိုင်ငံဟာ ဒီလိုပုံစံမျိုး ဘယ်အချိန်တိုင်အောင် ဆက်သွားနေအုံးမလဲ ဆိုတဲ့အတွေး ဝင်လာပြန်ပါတယ်။

ဟိုတနေ့ကပဲ VOA ဒေါ်ခင်စိုးဝင်းနဲ့ အင်တာဗျူးမှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေအားလုံး ရင့်ကျက်သွားတဲ့တနေ့ကျရင် စစ်တပ်ဟာ နိုင်ငံရေးကနေ စွန့်ခွာသွားမယ်လို့ ပြောသွားပါတယ်။ စစ်အစိုးရအရာရှိကြီးတွေရဲ့ ဒီလိုအပြောမျိုးတွေကို ယခင်ကလည်း မကြာခဏ ကြားခဲ့ရပါတယ်။ ဦးရဲထွဋ်ကို မေးချင်တာက ရင့်ကျက်မှုကို ဘယ်လို အဓိပ္ဗါယ်ဖွင့်မလဲ ဆိုတာပါ။  

နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေကြသူတွေ မရင့်ကျက်သေးဘူး။ ဒါကြောင့် စစ်တပ်က ဝင်ထိန်းပေးနေရတယ်ဆိုတဲ့သဘော။ စဉ်းစားကြည့်ရင် အတော်ကို တင်စီးတဲ့စကားပါ။ စစ်တပ်က နိုင်ငံရေးမှာ ဝင်ထိန်းခဲ့တာကြောင့် နိုင်ငံဘယ်အခြေဆိုက်သွားခဲ့ပြီလဲ။ တကယ်တော့ ထိန်းတာမဟုတ်ဘဲ နိုင်ငံကို ရစရာမရှိအောင် ဖျက်ဆီးခဲ့ခြင်းသာ ဖြစ်ပါတယ်။ ယခုတော့ ရာစုနှစ်ထက်ဝက်ကျော် နိုင်ငံကို ဖျက်ဆီးခဲ့တာ အားမရနိုင်သေးလို့ ၂၀၀၈ အခြေခံဥပဒေကို အဓမ္မအတည်ပြုပြီး နိုင်ငံရေးမှာသာမက စီးပွါးရေးမှာပါ လက်ဝါးကြီးအုပ်မယ့် စစ်ဗိုလ်ချုပ်တွေရဲ့ ရေရှည်မဟာဗျူဟာစီမံကိန်းကို ပြည်သူတွေ ကောင်းစွာ သဘောပေါက်နေကြပါပြီ။  

တသက်နဲ့တကိုယ် ကြုံဖူးသမျှ နိုင်ငံရဲ့ သမ္မတတွေမှာ အရပ်သားသမ္မတဆိုလို့ တလလောက် သမ္မတလုပ်သွားတဲ့ ဒေါက်တာမောင်မောင်မှတပါး ကျန်တဲ့ သမ္မတအားလုံးဟာ စစ်ဗိုလ်ချုပ်တွေချည်းသာ။  ကျန်တဲ့ ဝန်ကြီး ညွှန်ချုပ် ညွှန်မှူး သံအမတ် စတဲ့ ရာထူးတွေကိုလည်း စစ်အရာရှိတွေနဲ့ စစ်အရာရှိဟောင်းတွေပဲ အများစု ယူထားခဲ့တာ ယနေ့အထိပါ။    

မဆလခေတ်တလျှောက်လုံးမှာ အာဏာအရှိဆုံးသူဟာ ဦးနေဝင်းပါ။ ရာထူးနာမည်ကတော့ အမျိုးမျိုးပြောင်းခဲ့တာပေါ့။ တော်လှန်ရေးကောင်စီဥက္ကဌအဖြစ်မှာ အာဏာအရှိဆုံးသူဟာ ဦးနေဝင်းပါ။ နိုင်ငံတော်သမ္မတအဖြစ်မှာလည်း အာဏာက သူ့လက်ထဲမှာပါ။ သမ္မတရာထူးကို တခြားဗိုလ်ချုပ်ကြီးတယောက်ဆီကို လွှဲပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌအနေနဲ့လည်း တကယ်အာဏာရှိသူက ဦးနေဝင်းပါပဲ။ ၈၈ နောက်ပိုင်း သူအနားယူသွားခဲ့သော်လည်း နှစ်အတော်ကြာတိုင်အောင် နောက်ကွယ်မှာနေပြီး သူ့ရဲ့ သြဇာဆက်လက်တည်မြဲခဲ့တယ်။

မြန်မာ့နိုင်ငံရေးမှာ နောက်ကွယ်မှ အာဏာကြိုးကိုင်တဲ့ ဦးနေဝင်းချမှတ်ခဲ့တဲ့ အစဉ်အလာကို ဦးသန်းရွှေ ဆက်ခံနေဆဲပါ။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ)မှာ ပါဝင်သူတွေရဲ့ အချိုးအစားအရ ယနေ့ စစ်တပ်သွားနေတဲ့ ဒီမိုကရေစီအရေခြုံခေတ်မှာ ဗီတိုအာဏာဟာ ကာကွယ်ရေးဦးစီးချုပ်လက်ထဲ ရောက်နေပါတယ်။ (၂၀၀၈ အခြေခံဥပဒေ အခန်း ၅၊ အပိုဒ်ခွဲ ၂၀၁)။ ကာချုပ်နောက်မှာ ဦးသန်းရွှေ ရှိနေတာကိုလည်း ပြည်သူအများ နားလည်လက်ခံထားကြတယ်။ သဘောက တကယ့်ဗီတိုအာဏာအစစ်ကို ဦးသန်းရွှေ ပိုင်ဆိုင်ထားပါတယ်။

ကာချုပ်ကလည်း ဒို့တာဝန်အရေးသုံးပါးဆိုတဲ့ မန္တာန်ကို မပြတ်ရွတ်ပြီး ၂၀၀၈ အခြေခံဥပဒေ မပြင်ဆင်ရေး၊ အစိုးရနဲ့ လွှတ်တော်မှာ နိုင်ငံရေးအာဏာတွေကို စစ်တပ်က ဆက်လက်ယူထားရေးကို အသေဆုပ်ကိုင်ထားမယ့် သဘောပါ။ (၂၀၀၈ အခြေခံဥပဒေ အခန်း ၁၊ အပိုဒ်ခွဲ ၆)။ ခြိမ်းခြောက်တဲ့ မေးခွန်းတွေနဲ့ သူတို့ အကြောင်းပြချက်ပေးလေ့ရှိတာက အီရတ် ဆီးရီးယားစတဲ့ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတချို့လို ဖြစ်သွားစေချင်သလား။ ဒါမှမဟုတ် နောက်ကြောင်းပြန်လှည့်သွားစေချင်သလားပေါ့။       

သေချာတာက ၂၀၀၈ အခြေခံဥပဒေတည်မြဲနေသရွေ့ မြန်မာနိုင်ငံဟာ သူတို့အပြောအရ ဘယ်တော့မှ ရင့်ကျက်လာမှာ မဟုတ်ပါဘူး။ မရင့်ကျက်မှလည်း ပြည်သူတွေကို ဆက်လက် စစ်ကျွန်ပြုထားနိုင်မှာ မဟုတ်လား။ ပြည်သူတွေရဲ့ ရာစုနှစ်ထက်ဝက်ကျော် ခံစားလာခဲ့ရတဲ့ ဘဝပေးအသိကို စကားလုံးတွေနဲ့ ဝေ့ဝိုက်ကွေ့ပတ်ပြီး တဖက်မှာ အာဏာနဲ့ ဖိထားလို့ မရနိုင်တော့တာကို သူတို့ မသိကြတာလား။ သိလျှက် လူမိုက်အတွေးနဲ့ ဇွတ်တိုးနေကြတာလား။

တကယ်တော့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဟာ ကျားသနားမှ နွားချမ်းသာအဆင့်မှာပဲ ရှိနေပါသေးတယ်။ ကျားသနားဖို့ဆိုတာကလည်း လက်တွေ့မှာ အင်မတန်ကို ဖြစ်နိုင်ခြေနည်းတဲ့ ကိစ္စပါ။

နဝတစစ်အစိုးရခေတ်က အရှေ့တောင်တိုင်းစစ်ဌါနချုပ်က ဗိုလ်မှူးကြီးတယောက်ရဲ့ အိမ်ကို သံဃာများနဲ့အတူ  တပတ်လောက် ရက်ဆက် ဆွမ်းစားပရိတ်ရွတ် သွားဖူးပါတယ်။ ထိုအိမ်ရဲ့ ဧည့်ခန်းနံရံမှာ အသက်တစ်ထောင်ကျော်ပြီ ဆိုတဲ့ ဘုန်းကြီးပုံတပုံကိုလည်း ချိတ်ဆွဲထားပါတယ်။ ထိုဘုန်းကြီးအကြောင်းကို သူတို့ တကယ်ကို ယုံယုံကြည်ကြည်နဲ့ ပြောပြခဲ့ကြပါတယ်။ သူတို့ရဲ့ ယုံကြည်ကိုးကွယ်မှုတွေဟာ အင်းအိုင်လက်ဖွဲ့ စတာတွေနဲ့ ယတြာအစွမ်းကို မျှော်ကိုးတဲ့ ကိုးကွယ်မှုတွေက ခပ်များများ ဖြစ်နေတတ်ပါတယ်။ နောက်ဆုံး ကောက်ချက်ချရရင် ပုခုံးပေါ်မှာ အပွင့်ဘယ်လောက်ကြီးကြီး သူတို့ရဲ့ တရားစစ်တရားမှန်အသိအမြင်ဗဟုသုတတွေက သုညသာသာပဲ ရှိနေသေးတာပါ။

သူတို့ရဲ့ ဘာသာရေးယုံကြည်မှုတွေနဲ့ လုပ်ဆောင်မှုတွေကို ကြည့်လိုက်တော့ ဘုရားထီးတင်ပွဲတွေ ဘာသာရေးဆိုင်ရာ အခမ်းအနားပွဲတွေကို တက်ရောက်ကြတယ်။ ကြေးပြားကျောက်ပြားတွေပေါ်မှာ ချီးမွမ်းထောမနာ ဘုန်းတော်ဘွဲ့တွေနဲ့ အလှူမှတ်တမ်းတွေကို ကမ္ဗည်းထိုး ရေးထွင်းကြတယ်။ စသည်ဖြင့် မြင်တွေ့ရနိုင်ပါတယ်။

ကြေးပြားကျောက်ပြားတွေပေါ်မှာ ရေးထွင်းထားကြတဲ့ စာတွေဟာ သူတို့ရဲ့ နှလုံးသားထဲကို ရောက်သလား။ မရောက်သလားဆိုတာ မေးနေစရာ မလိုတော့ပါဘူး။ တောင်သူလယ်သမားများရဲ့ လယ်ယာမြေတွေကို မတရားသိမ်းယူပြီး လူကိုပါ အဓမ္မပုဒ်မတွေနဲ့ တရားစွဲထောင်ချနေကြတယ်။ အပြစ်မဲ့ပြည်သူများ သတင်းသမားများ နိုင်ငံရေးတက်ကြွသူများကို မတော်မတရား ဖမ်းဆီးထောင်ချသတ်ဖြတ်နေကြတယ်။ သူတို့ရဲ့ စိတ်ဓါတ်နူးညံ့သိမ်မွေ့မှု ကင်းမဲ့ပုံတွေ၊ ခက်ထန်ကြမ်းတမ်း ရိုင်းစိုင်းယုတ်မာရက်စက်ပုံတွေကို သူတို့ရဲ့ လက်တွေ့လုပ်ရပ်တွေက ထင်ထင်ရှားရှား ဖေါ်ပြနေပါတယ်။

သူတို့ ပြောတဲ့ ရင့်ကျက်မှုဆိုတာက ထားရာနေ စေရာသွား ခံမပြောနဲ့။ ဖမ်းဆီးပစ်မယ်။ တရားစွဲပစ်မယ်။ ထောင်ချပစ်မယ်။ သတ်ပစ်မယ် ဆိုတဲ့ အနိုင်ကျင့်ဝါဒနဲ့ လူတွေကို ကြောက်ရွံ့ငြိမ်ကုပ်နေအောင် လုပ်ထားတာကို ဆိုလိုပုံရတယ်။ လက်နက်အားကိုး အာဏာသုံးပြီး အထက်စီးမှ နှိပ်ကွပ်ဖမ်းဆီး အနိုင်ပိုင်းခြင်းဟာ အဖြေမဟုတ်သလို ဘယ်သူ့အတွက်မှလည်း အကျိုးမရှိပါဘူး။ ဓမ္မရှုထောင့်က ကြည့်ကြည့်၊ လူ့ယဉ်ကျေးမှု လူ့ဂုဏ်သိက္ခာရှုထောင့်က ကြည့်ကြည့်၊ တရားမျှတမှု လူသားအခွင့်အရေး ဒီမိုကရေစီရအခွင့်အရေးရှုထောင့်ကပဲ ကြည့်ကြည့် လုံးဝမှားယွင်းနေတာကို သူတို့ နားလည်နိုင်စွမ်း မရှိကြတာဟာ တကယ်ကို ဝမ်းနည်းစရာပါ။

ပြဿနာက အပြောများတဲ့ စကားတခွန်းဖြစ်တဲ့ အပြန်အလှန် ယုံကြည်မှု မရှိခြင်းပါပဲ။ တိုင်းရင်းသားပြည်သူတွေနဲ့ အတိုက်အခံအင်အားစုတွေရဲ့ မယုံကြည်မှုက ဖြစ်ပေါ်နေတဲ့ လက်တလော မတရားမှုတွေနဲ့ အတိတ်သင်ခန်းစာတွေကြောင့် အာဏာရှိသူတွေရဲ့ စေတနာကို မယုံကြည်တာပါ။  

အာဏာရှိသူတွေရဲ့ မယုံကြည်မှုက ကိုယ့်စိတ်နဲ့နှိုင်းမရိုင်းဆိုသလို တိုင်းရင်းသားပြည်သူတွေနဲ့ အတိုက်အခံအင်အားစုတွေက တချိန်မှာ သူတို့ကို တဖန်ပြန်လည် လက်တုံ့ပြန်လာနိုင်မှုဆိုတဲ့ မလုံခြုံမှုအပေါ် အခြေခံတဲ့ မယုံကြည်မှုလို့ ထင်ပါတယ်။ ဒီမယုံကြည်မှုတွေရဲ့ ထွက်ပေါက်က တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဟာ လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဖြစ်လိမ့်မယ်လို့ ထင်မြင်ယူဆမိပါတယ်။


အရှင်စန္ဒိမာ (မွန်စိန်တောရ)