ငြိမ်းချမ်းအေး - အရောင်အသွေးစုံညီ ဗမာပြည်


ငြိမ်းချမ်းအေး - အရောင်အသွေးစုံညီ ဗမာပြည်
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၄
 
 

“… တစိမ်း တွေ ကို ဖိနှိပ်ခြင်း မရှိအပ်ဖို့ ကျမ်းစာ က ပြောခဲ့တယ်။  လူစိမ်း ဖြစ်ရခြင်း စိတ်နှလုံး ခံစားချက်ကို ကျနော် တို့ သိနားလည်ခံစားနိုင်ပါတယ်၊ ကျနော်တို့ ကိုယ်တိုင်လည်း တချိန်တုန်းကတော့ လူစိမ်း သူစိမ်းတွေပဲလေ။….”

အိုဘားမား ရဲ့ လူဝင်မှုကြီးကြပ်ရေး အစီအစဉ် အသစ် မိန့်ခွန်း ပါ စကားစုပါ။  သူ အခု အကောင်အထည် ဖော်မယ် ဆိုပြီး ချပြတဲ့ စီမံကိန်း ဟာ နိုင်ငံသားအခွင့်အရေး၊ အမျိုးသားရေး၊ လူ့ အခွင့်အရေး ဘယ်ဘက်က ကြည့်ကြည့် အလုပ်ဖြစ် လက်သင့်ခံဖွယ် ရှိတယ်။

အရင် ရေးခဲ့ဖူးသလိုပါပဲ။  လိမ္မာပါးနပ် အမြင်ကျယ်တဲ့ တိုင်းပြည်ကတော့ ကိုယ့် နိုင်ငံ အကျိုး ရှိရာ ရှိကြောင်း စီမံဆောင်ရွက်၊ “ရေကြည်အောင် မြက်နုအောင်” သမမျှတတဲ့ ရာသီဥတု အခြေအနေ နောက်ခံ တခု ဖန်တီးထားမှာပါပဲ။  အဆိုးထဲက အကောင်းထွက်အောင် လုပ်ယူမှာပါပဲ။  တိုင်းပြည် အကျိုးရှိအောင် ဆောင်ရွက် မှာပါပဲ။

မိုက်မဲရူးသွပ် ခေတ်နောက်ပြန်ဆွဲ၊ အဝီစိ ဆင်းချင်နေတဲ့ တိုင်းပြည်ကတော့ ရှိပြီး လူ့ အရင်းအမြစ်ကိုတောင် တိုင်းပြည် က ထွက်ပြေးချင်အောင် ခက်ထန်ကြမ်းတမ်း၊ မမျှတတဲ့ စနစ်အဖွဲ့အစည်း ဖန်တီးတတ်တယ်။  ထွက်ပြေးတာမှ တခြား ဘာသာကွဲ၊ လူမျိုးခြား ထား ကိုယ့် လူမျိုး၊ ကိုယ့် နိုင်ငံ သားတွေ အထိပါ ပါ လို့ လူ (၁၀) သန်း ချက်ချင်းလက်ငင်း သေကြောင်း မကြာသေးခင်ကမှ သိခဲ့ပါပကောလား။  စနစ်ကနေ ဖန်တီးလိုက်တဲ့ နိုင်ငံတုံး သတ်ဖြတ်မှုကြီးပေါ့။  အဲ့ဒီ စာရင်းပေါ်မှာ ပျောက်နေတဲ့ အထဲက လူ သန်းချီတွေ က ထိုင်း၊ မလေး၊ စင်္ကာပူ ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အခြေခံ လုပ်အားတွေ ဖြစ်နေတာနဲ့များ ဆက်စပ် တွေးရင် ပိုလို့ တောင် ရင်နာစရာပါ။

ဒါလည်း သင်ခန်းစာ မယူ၊ မမှတ်၊ လူမှု၊ စီးပွား၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ စစ်ရေး မျိုးစုံ အကြောင်းစုံ နဲ့ တိုင်းပြည်မှာ အရောင်အသွေးစုံ လူသူ အများ မနေချင်၊ မနေနိုင်အောင် လုပ်လျက် လုပ်မြဲပါပဲ။

အခု လက်တလောတင် အာဏာရူးများ အာဏာသံ  ပေးရင် အမြောက် ဖောက်ခဲ့တာ လူနည်းစုဝင်များ သေပွဲဝင်ခဲ့ကြရတာ မျက်မြင် မဟုတ်လား။  ဒီလို သဘော၊ ဒီလို အလုပ်မျိုးနဲ့ ပြည်တွင်းစစ် ရပ်စဲရေး၊ တိုင်းရင်းသား စည်းလုံးရေး၊ တနိုင်လုံး ငြိမ်းချမ်းရေး ဘယ်လို တည်ဆောက်မလဲ။

အခု အမြောက်ဒဏ်ထိ သေသူ အားလုံး တိုင်းပြည် အတွက် အလုပ်ကောင်း လုပ်နိုင်တဲ့ အရွယ်ကောင်းလေးတွေပါ၊ ဘယ်လောက် နှမြောဖို့ ကောင်းသလဲ။  ဒီလို ပြည်တွင်း စစ်ရဲ့ ထုတ်ကုန် အသက် သွေးတွေ နှစ်ဖက်စလုံးမှာ မရေနိုင် မတွက်နိုင် ရာစုဝက်ချီ ကြာခဲ့ပြီ။

ဒီလို ရှိပြီး လူ၊ ဘာသာစုံ၊ လူမျိုးစုံ ကို တိုင်းပြည်မှာ အေးအေးချမ်းချမ်း မနေနိုင်၊ မနေဝံ့အောင် လူအုပ်စု တစု အာဏာ၊ အကျိုးစီးပွား အတွက် စနစ်တကျ အစီအမံတွေ စနစ် ထဲကို သွတ်သွင်းခဲ့ကြတယ်။

အခုဆိုရင် စနစ်ကနေ လူတွေ စိတ်ရင်း ကူးလို့ စနစ်ကို ပုံဖော်ကြသူတွေ တင်မဟုတ်၊ လူသာမန်တွေ နဲ့ ဘာသာရေး ခေါင်းဆောင် တချို့ အိမ်ရှင်-ဧည့်သည် စိတ်အခြေခံ ရှိကြတယ်၊ မြင်ကြတယ်၊ ပြောချင် ဆိုချင် ကြတယ်။  တိုင်းပြည် ဂုတ်ကို လူတစု က ဘယ်လို ဘယ်နည်း ခွစီးနေခြင်း က တိုင်းပြည် ရဲ့ အဓိက ပြဿနာ  ဆိုတာ ကို မမြင်ဘဲ၊ တခုခု ဖြစ်တိုင်း လူနည်းစု ဝင် တရုတ်၊ ကုလား ကို အပြစ်ဖို့ချင်ကြတယ်။

တိုင်းပြည် မှာ မှီတင်းနေထိုင်နေတဲ့ လူမျိုးစုစုံ၊ နိုင်ငံခြားက ရွှေ့ပြောင်းအခြေနေထိုင် သူ အစုံ မတူကွဲပြားမှု အားလုံး ရဲ့ အင်အားကို စုစည်း နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်၊ လူစဉ်မီအောင်၊ လူအများစု လူတမ်းစေ့အောင် ကြံဆောင်ရမှာပါ။  အိမ်ကြက်ချင်း အိုးမည်းသုတ် ခွပ်ခိုင်းတာ၊ လူမျိုး၊ ဘာသာ သာသနာ နဲ့ တို့မီး၊ ရှို့မီး လုပ်တာ ဟာ အာဏာလက်ဝယ် ထားချင်သူ လူတစု ရဲ့ အစီအမံပါ။  လူသာမန် လူအများ ထဲ က အများနည်းတူ လူ ဆိုပြီး ကိုယ့်ဘာသာ ခံယူရင် ဒီလို အတွေးအခေါ်၊ အကြံအစည် တွေကို လက်သင့်ခံစရာ အကြောင်းမရှိပါ။

တကယ်တော့ ကျနော်တို့ အားလုံး ဟာ သံသရာ မှာ ကျင်လည်ရင်း ကမ္ဘာ မြေ ကို ခေတ္တာ အလည် လာရောက်သူ ဧည့်သည် တွေပါ။  နေရာဒေသတခု မှာ စတင် အခြေချ ရစဉ် အချိန်က အားလုံးဟာ လူစိမ်းတွေပါ။  နိုင်ငံခြားသား၊ ဌာနေ တိုင်းရင်းသား မရှိပါ။  လူ ပဲ ရှိပါတယ်။  ဒီ အခြေခံ ဖြစ်တည်မှု လူ ကို အသိမှတ်ပြု အရင်းတည် အလေးထားပြီးတော့ မှ ခေတ် နယ်နိမိတ် တွေ၊ သတ်မှတ်ချက် တွေ၊ ဥပဒေပြုမှု တွေ နဲ့ လျော်ညီအောင် လူ့ ဂုဏ်သိက္ခာ ကို အလေးထား တရားမျှတ ဆောင်ရွက် ရမှာပါ။

သမမျှတ တဲ့ ရာသီဥတု အစီအမံ အခင်းအချင်း ဖန်တီးထားတဲ့ ရေခံမြေခံမှာ အရောင်အသွေးစုံ လူများအားနဲ့ တိုင်းပြည် အနာဂတ် ကို တည်ဆောက် ရမှာပါ။  ခွင့်တူ ညီမျှ ဝါဒ ဖြူစင် တဲ့ ပြည် တကယ် ဖြစ်စေရမှာပါ။  လွတ်လပ်၊ ငြိမ်းချမ်း၊ ညီမျှ လောကပါလ တရား စိုးမိုးတဲ့ တိုင်းပြည် ဖြစ်မှသာ လောက နိဗ္ဗာန် လောကီ ချမ်းသာ ဖွံ့ဖြိုး တိုးတက် ချမ်းသာ တဲ့ နိုင်ငံကြီး ဖြစ်မှာပါ။  လောက နိဗ္ဗာန် အမှန်ဖြစ်ဖို့ က ပန်းပေါင်းစုံလင် ပွင့်လန်း၊ အတွေးအခေါ်၊ အယူဝါဒ စုံ ထွန်းကား သမမျှတ ဗဟုလောက ဖြစ်ဖို့ အရင်လိုပါတယ်။  ဗဟုလောက သာ ဝိဇ္ဇာ၊ သိပ္ပံ ပညာရပ်များထွန်းကားရာ၊ စည်းစိမ် ချမ်းသာတည်ရာ ဘူမိနက်သန် ဖြစ်ပါတယ်။

ဂျာမဏီ ဘောလုံး ကမ္ဘာ့ဖလား ရခါစက ဧရာဝတီ အယ်ဒီတာ နဲ့ စကားပြောဖြစ်ရင်း “Colourful Germany” ဆိုတဲ့ ဆောင်းပါးလေး ရေးမယ် လို့ ဆိုဖြစ်ခဲ့တယ်။  (အမြဲတမ်း နှောင့်နှေး ကြန့်ကြာ စာရေးနှေးတဲ့ အကျင့်ကြောင့် တကယ်တော့ မရေးဖြစ်ခဲ့ပါဘူး။)

“Colourful Germany” ရဲ့ သဘော အကျဉ်းကတော့ ဂျာမဏီ မှာ တချိန်က တန်ခိုးထွားခဲ့တဲ့ လူမျိုး တမျိုး၊ တ ဘာသာ၊ တပြည်ထောင်၊ ခေါင်းဆောင် တဦး၊ ပေါ်လစီ တရပ် ဆိုတာ လုံးဝ ဆိတ်သုဉ်း သွားခဲ့ပြီ ဆိုတဲ့ အကြောင်းပါ။

ကျနော် ခင်မင် ရင်းနှီးဖူးခဲ့တဲ့ ဂျာမာန် သူငယ်ချင်း အုပ်စု လေးယောက် ရှိတယ်။  တယောက်က ဂျာမာန် ရုရှား၊ တယောက် က ဂျာမာန် တာကစ်ရှ်၊ တယောက် က ဂျာမာန် ပေါလစ်ရှ်၊ တယောက်က ဂျာမာန် အစစ်။  သူတို့ အဖွဲ့ကို စ ခင်ချိန် ပြောမိတယ်။  “မင်းတို့ အုပ်စု ကလည်း မင်းတို့ ဘောလုံး အသင်း တိုင်းပါပဲလား ကွာ”  လို့။

သူတို့ လည်း ရယ်ပြီး “ဟုတ်တယ်၊ ငါတို့ဆီတော့ ဒီလိုပဲ၊ ဒီလူမျိုးစုံနဲ့ပဲ တိုင်းပြည် ကို တည်ဆောက်ယူနေရတာ။  အခု ဘောလုံး အသင်းဆိုရင် ဥရောပ မှာ ထိပ်သီး မ ဟုတ်လား” ဆိုပြီး ဂုဏ်ယူဝံ့ကြွား ပြန်ပြောကြတယ်။

တကယ်လည်း ဟုတ်တယ်၊ သူတို့ ဘောလုံး အသင်း၊ လူမည်း၊ လူဖြူ၊ ခရစ်ယာန်၊ မွတ်ဆလင်၊ ဘာသာမဲ့ အားလုံးပါတယ်၊ အရောင်အသွေးစုံနဲ့ တက်ကြွ အားမာန်ပါတယ်။  နိုင်ငံရေး မှာ ဆိုရင် သူတို့ ဆီက လူနည်းစု လူမျိုး၊ ဘာသာဝင် နိုင်ငံရေး ခေါင်းဆောင်တွေ ရှိတယ်။  လူမှု စီးပွား အနုပညာ အားလုံး မှာ လူမျိုး စုံ၊ အရောင် အသွေးစုံ ခွင့်တူ ညီမျှ ပါဝင်ခွင့်ရ၊ တိုးတက် အောင်မြင် ဖြစ်ထွန်း နေကြတယ်။

ဒီလို ဗဟုဝါဒ ကျင့်သုံးနေလို့ ဌာနေ နိုင်ငံသားတွေ အကျိုး ယုတ်လျော့သွားသလား တဖက်က ပြန် ဆန်းစစ် သုံးသပ်ကြည့်ပါ။  အကျိုးမဲ့ မဖြစ်တဲ့ အပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေလို့ ကမ္ဘာ မှာ အချမ်းသာ ဆုံး၊ စီးပွား အကောင်းဆုံး ထိပ်သီး စာရင်းဝင် နိုင်ငံ အဖြစ် ဂုဏ်ယူ ဝံ့ကြွား ရပ်တည်နိုင်နေတာ မျက်မြင်ပါ။

ဂျာမာန် တွေရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မား ရှင်သန်၊ မျိုးချစ်စိတ်ဓာတ်တွေ ထက်သန် အလုပ်ဖြစ် ဂျာမဏီ ပြည်ကြီး “ဇာတိ ပုည ဂုဏ် မာန လုပ်နိုင်၊ မျိုးချစ်ကြီးများ” ဖြစ်ကြောင်း ပြသနိုင်နေတာလည်း ပြီးခဲ့တဲ့ ဘောလုံး ကမ္ဘာ့ဖလား က ဘောလုံး အသင်းနဲ့ လာရောက် အားပေးသူ ဂျာမဏီ နိုင်ငံသား ပရိသတ် တွေက သက်သေပါ။

တကယ်တော့ ဂျာမဏီ ဆိုတာ နိုင်ငံခြား ရွှေ့ပြောင်း အခြေချ နေထိုင်မှု ရဲ့ မကောင်း ဥပမာ အဖြစ် တချိန်က ပညာရပ်ဆိုင်ရာ မေးခွန်းထုတ် ခံရ၊ သုတေသန စာတမ်းတွေမှာ ညွှန်းဆို ခံခဲ့ရတာပါ။  ဒါပေမဲ့ အခု အချိန်မှာတော့ ဆိုခဲ့သလို အယူဝါဒ စုံ၊ ယဉ်ကျေးမှု အစုံ၊ ကိုးကွယ်ရာ စုံ ဗဟုဝါဒ ရဲ့ အကျိုး ကျေးဇူး အဖြစ် အကောင်းဆုံး သာဓက ဖြစ်နေပါပြီ။

ကျနော်တို့ ဗမာပြည်ဟာ လွန်ခဲ့တဲ့ နှစ် ရာကျော်ချီကတည်းက အဲဒီလို လူမျိုးစုစုံ၊ ဘာသာစုံ အားကို အသုံးချ တကယ့် ဗဟုယဉ်ကျေးမှု ဝါဒ ထွန်းကား အောင်မြင် ရာ ဖြစ်ခဲ့ပြီးသားပါ။  ဒီ အားသာချက်ကို အသုံးချ ဒေသတွင်းမှာ လူတလုံး သူတလုံး ခေါင်းမော့ နိုင်ခဲ့ပြီးသားပါ။

ဒါပေမဲ့ ကြားကာလ ကနေ မျက်မှောက် အထိမှာ အာဏာကိုသာ “ကိုးကွယ်ရာ ရတနာ” ဦးထိပ်ပန်ဆင်ကြတဲ့ လူဆိုးတွေ က အကျိုးမဲ့ တဲ့ တဖက်စွန်းရောက် အမျိုးသားရေးဝါဒတွေ၊ ပေါ်လစီတွေ၊ လူမျိုး/ဘာသာရေး အသုံးချမှုတွေ၊ မှိုင်းတိုက်မှုတွေ ကို နိုင်ငံတော်  အဆင့် စနစ်ထဲမှာ ထည့်သွင်း၊ အင်တိုက်အားတိုက် အကောင်အထည်ဖော် ခဲ့ပြီး ရှိရင်းစွဲ တိုင်းပြည်ရဲ့ အားသာချက် ဗဟုဝါဒ သမမျှတမှုကို ဖျက်ဖြစ်ခဲ့ကြတယ်။

ဒီ ဒဏ်ရာ ဒဏ်ချက် ရလဒ်ကြောင့် အခုဆိုရင် တမြေတည်းနေ၊ တရေတည်းသောက် နေကြတဲ့ နိုင်ငံသား အချင်းချင်းဟာ ဝါးအစည်း ပြေ သလို သွေးကွဲ၊ အထင်အမြင် လွဲ၊ မုန်းတီးမှု ရန်ငြိးဖွဲ့ အာဃာတ တွေ ထားခဲ့ကြတယ်။  ဒီလိုနဲ့ တိုင်းပြည် လည်း ရပ်ပြစ်ရှစ်ပါး ဖြစ် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ဆင်းရဲတွင်း နစ်သထက် နစ်၊ အောက်တန်း နောက်တန်း ကျသထက် ကျ အခုထက် ပြန် မတက်နိုင်သေးပါ။

သမိုင်း သင်ခန်းစာ ဆိုတာ ယူရပါတယ်။  အုပ်စိုးသူ များ က အာဏာ အတွက်၊ သူတို့ အကျိုးစီးပွား အတွက် သင်ခန်းစာ မယူနိုင်၊ မယူလိုသေးရင်တောင် ကျနော်တို့ လူသာမန် အများကတော့ သမိုင်း သင်ခန်းစာ ထုတ်နိုင်ရပါမယ်။  အမှန် မြင်နိုင် ရပါမယ်။  အမြင် မှန် နိုင်ရပါမယ်။

လူမျိုးရေး၊ ဘာသာရေး အမြင် ကျဉ်းမြောင်းမှုတွေ၊ ဆတ်ဆတ်ထိမခံမှုတွေ လျှော့ချရပါမယ်။  အာဏာ လက်ကိုင်ထားသူများ ရဲ့ အသုံးချခံ လက်ကိုင်တုတ် မဖြစ်စေဖို့၊ ကြိုးဆွဲရာ မကမိစေဖို့ မိမိ ဘာသာ တဦးချင်း စိတ်ဓာတ် နဲ့ အပြောအဆို၊ အပြုအမူ တွေကို ထိန်းသိမ်း နိုင်ရပါမယ်။  အတွေးအခေါ် အမြင်တွေ မြင့်မား မြော်မြင်ကြည့်နိုင်ရပါမယ်။

ဒါဟာ တကိုယ်ရေ ကျင့်ကြံနိုင်တဲ့ တိုင်းပြည် အတွက်လည်း လက်တွေ့အကျိုး ရှိတဲ့ အကျင့်အကြံ၊ အလုပ် ပါပဲ။  အမှန် တကယ် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ရှိကြောင်း ပြသရာလည်း ရောက်ပါတယ်။  ဘာသာ သာသနာ ကို အစစ်အမှန် စောင့်ရှောက်ခြင်းလည်း မည်ပါတယ်။

နိဂုံးချုပ်ရရင် လွတ်လပ်၊ မျှတ၊ ဝါဒဖြူစင်တဲ့ အနာဂတ် ဗမာပြည်ရဲ့ ရခိုင် ရိုးမ၊ ပဲခူး ရိုးမ၊ ရှမ်းရိုးမ တောင်တန်းကြီးတွေရဲ့ကြား ဧရာဝတီ မြစ်ကမ်းပါးမှာ လူအများစု မြန်မာများ၊ အခြား လူနည်းစု လူမျိုးစုံ ဘာသာစုံရဲ့ မျိုးဆက်သစ် သား၊ သမီး တွေဟာ လူမျိုး/ဘာသာ မခွဲ သွေးစည်း ချစ်ခင် ရင်းနှီးမှု ညီအကို၊ မောင်နှမ အရင်း စိတ်ဓာတ် ကောက်ပဲသီးနှံကို အရင်းတည်တဲ့ ငြိမ်းချမ်းရေး နေ့လယ်စာ၊ ဖွံဖြိုးတိုးတက် ချမ်းသာရေး ညစာ ကို အတူတကွ ချိုမြိန်စွာ သုံးဆောင်နိုင်ခွင့် အမြန်ဆုံး ရရှိစေဖို့ ကျနော်တို့ လူတဦးချင်း မှာ တာဝန် ရှိကြောင်း အသိကပ် စေချင်ပါတယ်။  လူ မဟုတ်တဲ့ ဘီလူး တပိုင်း၊ သူရဲ တပိုင်း မိစ္ဆာ တွေရဲ့ အသုံးချခံ  ဘဝ ကလွတ်၊ ဘာသာ၊ လူမျိုး တရားလက်လွတ် အစွဲတွေ ဖျောက်စေချင်ပါတယ်။  အားလုံး မြော်ချင့် စဉ်းစား မိမိကိုယ် မိမိ အရင် တည်ဆောက် ပြုပြင်ယူရင်း “အရောင်အသွေး စုံညီ ဗမာပြည်” အနာဂတ် ကို မျက်မှောက် ပြု စေချင်ကြောင်းပါ ခင်ဗျာ။

ငြိမ်းချမ်းအေး
မိုးမခ
နိုဝင်ဘာ ၂၁၊ ၂၀၁၄

ရည်ညွှန်း မိန့်ခွန်းသတင်း -
http://www.washingtonpost.com/politics/transcript-obamas-immigration-speech/2014/11/20/14ba8042-7117-11e4-893f-86bd390a3340_story.html