အရှင်ကုသလသာမိ (အတည်မဲ့) - စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁ဝ)


အရှင်ကုသလသာမိ (အတည်မဲ့) - စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁ဝ)
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၄

ယခင်အပတ်မှ အဆက်

(၄၇)

ပစ္စည်းများ နေရာတကျ ချပြီးသောအခါ ဦးသူရိယနှင့်အတူ သင်္ဘောအပေါ်ဆုံးထပ်သို့ တက်သည်။ ဆရာတော်နှင့် ကပ္ပိယတို့က နောက်မှ လိုက်လာမည်ဟု ဆိုသည်။ အပေါ်သို့ တက်ရာတွင် ကြီးမားသန့်ပြန့်သော ဓာတ်လှေကားရော၊ ရိုးရိုးလှေကားရော ရှိသည်။ စူပါမားကတ်ကြီးတစ်ခုကိုလည်း တွေ့ရသည်။ မြေပြင်ပေါ်ရှိဆိုင်များကဲ့သို့ ပစ္စည်းမျိုးစုံရှိသည်။ စားသောက်ဆိုင်များ၊ ယမကာဆိုင်များ၊ ကော်ဖီဆိုင်များ၊ ဒစ္စကိုခန်းမများ၊ လောင်းကစားဝိုင်းများ၊ အပျော်ကစားစရာ ဂိမ်းများ၊ ဆိုင်ကယ်၊ ကား၊ စက်ဘီး၊ သေနတ်ပစ် … မျိုးစုံပြုလုပ်နိုင်သည့် ခန်းမကြီး။ ကြည့်ရင်းကြည့်ရင်း သင်္ဘောပေါ် ရောက်နေသည်ဟု မထင်၊ မြေပြင်ပေါ်က အဆောက်အအုံကြီးတစ်ခုထဲသို့ ရောက်နေသလား ထင်မှတ်ရသည်။ 
အပေါ်ဆုံးထပ်ရောက်သည့်အခါ ရှုခင်းများကို အားပါးတရ ကြည့်မိသည်။ ခဏကြာသောအခါ ရွှေညဝါဆရာတော်နှင့်ကပ္ပိယတို့ ရောက်လာကြသည်။ ဓာတ်ပုံတွေ ရိုက်ကြသည်။ ပျော်ရွှင်စွာဖြင့် စကားတွေ ပြောကြသည်။ စာရေးသူက ကိုကိုးကျွန်းသွားစဉ် သင်္ဘောကြီးပေါ်တွင် “ရွှေပင်လယ်ကြီး …. ကာဆီးထားလို့ …”သီချင်းကို ဆွေးဆွေးမြေ့မြေ့ သီဆိုနေကြသော လူငယ်များ၏အသံကို နားထဲမှာ ကြားယောင်သည်။ သူတို့နှင့်အတူ လွမ်းသလို နွေးသလိုလို တစ်မျိုးလေးဖြစ်သည်။
သီချင်း၏ မူလအဓိပ္ပာယ်ကတော့ အချစ်သီချင်း ဖြစ်မည်။ ပင်လယ်ကြီးခြားနေသော ချစ်သူကို မျှော်လင့်တမ်းတသည့် အလွမ်းသီချင်းတစ်ပုဒ်ဖြစ်မည်။ ပင်လယ်ကြီး ဘယ်လိုပင် ကာဆီးထား၊ ကာဆီးထား လွမ်းနေရတယ်၊ ဆွေးနေရတယ်၊ မျှော်နေရတယ်ဆိုသောအခြေအနေကို အနုပညာမြောက်ဖန်တီးထားတာ ဖြစ်မည်။ 
စာရေးသူကတော့ တစ်မျိုးတစ်ဖုံ တွေးသည်။ ရွှေပင်လယ်ကြီး၏အဆုံးမှာ အမိမြေ၊ မွေးရပ်မြေ၊ သားချင်းတို့မြေ ရှိသည်။ ချစ်ရခင်ရသော ဆွေမျိုးများ၊ မိတ်ဆွေအပေါင်းအသင်းများ … ရှိသည်။ စပယ်တွေ၊ သဇင်တွေ၊ ပိတောက်ပန်းများ၏ ရနံ့များ ကြိုင်လှိုင်နေသည်။ ချယ်ရီတွေ ဘယ်လောက်လှအောင် ပွင့်ပွင့် ရင်ထဲမှာ အမြစ်တွယ်နေသော စံပယ်တွေ၊ သဇင်တွေ၊ ပိတောက်ပန်းများနှင့်တော့ အစားထိုးမရနိုင်ပါ။ ပင်လယ်ကြီး၏ ဟိုမှာဘက်ကမ်းတွင်ရှိသော အမိမြေကို ဒီမှာဘက်ကမ်းတွင်ရှိသော ကြွယ်ဝမှုများ၊ ကိုယ်ကျန်းမာ,စိတ်ချမ်းသာခြင်းများ ရှိစေချင်သည်။ “…. ဘယ်လောက်ထိ စောင့်ရမယ် မသိဘူး”စာသားလေး အတွေးထဲရောက်လာတော့ မောသွားသည်။ တော်ရာမှာနေ နွေမိုးဆောင်းတို့ ကုန်ဆုံးကူးပြောင်းချိန် မလွမ်းဘဲ မည်သူမျှ မနေနိုင်ကြပါ။ အပေါ်ဆုံးထပ်တွင် အတန်ကြာနေပြီးသောအခါ အခန်းသို့ပြန်ပြီး ရေမိုးချိုးသည်။ သင်္ဘောအခန်းတွင်း၌ သန့်ရှင်းသပ်ရပ်သော ရေချိုးခန်းအိမ်သာပါ တွဲလျက်ပါသဖြင့် အဆင်ပြေလှသည်။ ခဏနားသည်။ ပြီးလျှင် ဦးသူရိယနှင့်အတူ သင်္ဘောပေါ် နောက်တစ်ကြိမ် လျှောက်လည်ကြသည်။ 

(၄၈)
နောက်တစ်ကြိမ် သင်္ဘောအပေါ်ဆုံးထပ်တွင် အတော်လေး အေးနေပြီ။ ဂျာမနီထက် အအေးဓာတ်ပိုသည်ကို သတိမထားမိခဲ့။ သို့ရာတွင် သင်္ဘောအပေါ်ဆုံးထပ်တွင် နေရတာ အလွန်သဘောကျသည်။ ည ၁ဝ နာရီခန့်အထိ စကားပြောဖြစ်ကြသည်။ အလွန်အေးပြီး မခံနိုင်တော့သည့်အခါမှ အောက်ထပ်သို့ ဆင်းခဲ့ကြသည်။ အောက်ထပ်သို့အဆင်း အပျော်စီး ဆိုင်ကယ်၊ ကား စတာတွေ ရှိသည့်ခန်းမတွင် ကပ္ပိယကိုပြောင်ကြီးနှင့်ကိုလှမင်းတို့ ရောက်နေကြသည်။ သူတို့နှင့်အတူ နာရီဝက်ခန့် နေပြီး အခန်းသို့ ပြန်လာခဲ့ကြသည်။ 
မနက်ကျတော့ အစောကြီး နိုးနေပြန်သည်။ သင်္ဘောအပေါ်ဆုံးထပ်သို့ တစ်ပါးတည်း ပြန်တက်လာခဲ့သည်။ နော်ဝေကမ်းခြေများကို လှမ်းမြင်နေရပြီ။ အအေးဓာတ်က နားရွက်များပင် ကျင်လာသည်။ နှုတ်ခမ်းများ ခြောက်ကပ်လာသည်။ နော်ဝေကမ်းခြေများကို ကြည့်ရင်း ဒိန်းမတ်နှင့်ပတ်သက်သည့် ရင်ထဲမှာ ကိန်းနေသော အတွေးအမြုတေများနေရာတွင် နော်ဝေနှင့်ပတ်သက်သည့်အတွေးများ ဝင်ရောက်နေရာယူနေပြီဆိုတာ သိလိုက်ရသည်။ “နော်ဝေ … မင်းမြေပေါ် မကြာခင် နင်းတော့မယ်” တိုးတိုးလေး ပြောလိုက်သည်။ နော်ဝေက ငြိမ်းချမ်းရေးရနံ့များဖြင့် ခွန်းတုန့်ဆိုသည်။ 

(၄၉)
မနက် ၇ နာရီ ၁၅ လောက်မှာ သင်္ဘောကြီးက နော်ဝေနိုင်ငံ၊ အော်စလိုမြို့ကမ်းမှာ ကပ်သည်။ အထပ်များစွာပါပြီး ထုထည်ကြီးမားလှသော သင်္ဘောကြီးပင်ဖြစ်သော်လည်း ကမ်းကပ်ပုံမှာ ညင်သာလှသည်။ သင်္ဘောကုန်းပတ်ပေါ်မှ အောက်ကို လှမ်းကြည့်လိုက်သောအခါ လက်ပြနေသူတစ်ဦးကို တွေ့လိုက်ရသည်။ လာကြိုနေသော ကိုမိုးမောင်မောင်ပင် ဖြစ်ပါ၏။ လေယာဉ်ဆိုက်ပြီး လေဆိပ်အတွင်း သွားရသလိုမျိုး ခရီးသည်များ အစီအရီ ဆင်းကြသည်။ အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။ သင်္ဘောပေါ်တွင် ကားယူရန် စောင့်နေသော ကပ္ပိယကြီးကို စောင့်ကြသည်။ 
ကားက တော်တော်နှင့် ရောက်မလာသဖြင့် ကိုမိုးမောင်မောင်က တက္ကစီငှါးပြီး သူ့နေအိမ်သို့ ရွှေညဝါဆရာတော်နှင့်စာရေးသူတို့ကို ပင့်သည်။ မကြာခင်မှာပဲ ကိုမိုးမောင်မောင်အိမ်သို့ ရောက်သည်။ ကပ္ပိယကြီးတို့ကား အတော်ကြာမှ ရောက်လာကြသည်။ ကိုမိုးမောင်မောင်နှင့် မပူစူးတို့က အရုဏ်ဆွမ်းကပ်သည်။ ရွှေညဝါဆရာတော်၊ ကိုမိုးမောင်မောင်မိသားစု၊ သူ၏သူငယ်ချင်းများ ပျော်ပျော်ပါးပါး စကားပြောကြသည်။ အက်ကြောင်းထပ်နေသောနိုင်ငံရေးကိစ္စများသာ များပါသည်။ 
စာရေးသူကတော့ ဘာသာရေးနွှယ်သောအကြောင်းအရာများကို ကိုမိုးမောင်မောင်ထံမှ နားထောင်သည်။ နော်ဝေနိုင်ငံတွင်လည်း ဘာသာမဲ့များ တိုးပွားလာခြင်းနှင့် အစ္စလာမစ်ပြဿနာက ရှိနေသည်။ အများအားဖြင့် ဒိန်းမတ်စသော ဥရောပနိုင်ငံများလို ဒုက္ခသည်များအဖြစ် ခေါ်သွင်းပြီး ပညာသင်ပေး၊ နေစရာစားစရာပေး၊ ပြီးမှ အိမ်ရှင်ကို အားမနာဘဲ အစ္စလမ္မိုက်ဇေးရှင်း ပြုလုပ်ချင်ကြသည့်ကိစ္စများကို သိရသည်။ ဥရောပအစိုးရများက သူတို့တွေ သနားလို့ခေါ်လာသောသူများသည် ဖြူဖြူမည်းမည်း သူတို့စနစ်ထဲဝင်အောင် သွင်းနိုင်လိမ့်မည်ဟု ကနဦးက ယူဆထားကြသည်။ သို့ရာတွင် မွတ်စလင်ကို သူတို့စနစ်ပုံစံထဲ သွင်းမရကြောင်းကို သိလာရချိန်မှာတော့ အချိန်က အတော်လေး နှောင်းနေပုံရသည်။ 

(၄၉)
Anders Behring Breivik ဆိုလျှင် လူအတော်များများ သိကြလိမ့်မည်။ သွေးပျက်ဖွယ်၊ ကြောက်မတ်ဖွယ် လူသတ်မှုကြီးကို ကျူးလွန်ခဲ့သည့်သူဖြစ်သည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် အကြီးမားဆုံး ရာဇဝတ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့သူဖြစ်သည်။ လူပေါင်း ၆၉ ယောက်ကို အူတိုယ (Utoya)ကျွန်းတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ အော်စလိုမြို့၊ အစိုးရဌာနတစ်ခုကိုလည်း ဗုံးခွဲသည်။ လူ ၈ ယောက်သေသည်။ သူက စိတ်မနှံ့လို့လည်း မဟုတ်ပါ။ သူ ခိုင်ခိုင်မာမာ စွဲကိုင်ထားသော အယူအဆကြောင့်သာ ဤကဲ့သို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ နော်ဝေနိုင်ငံသားများသည် အကြမ်းဖက်ခြင်း၊ လူသတ်ခြင်းကို မနှစ်မြို့ကြပါ။ သို့ရာတွင် သူ့ယုံကြည်ချက်နှင့်သူ့အမျိုးသားရေးအမြင်ကိုတော့ သဘောကျသွားခဲ့ကြသည်ဟု ဆိုသည်။ 

နော်ဝေနိုင်ငံစသည့် အနောက်ဥရောပအစိုးရများသည် Multicurturalism ခေါ် ယဉ်ကျေးမှုပေါင်းစုံဝါဒကို လက်ခံကျင့်သုံးသည်။ သူက ထိုဝါဒကို ဆန့်ကျင်သည်။ အထူးသဖြင့် ဥရောပတွင် မွတ်စလင်များ လာရောက်အခြေချနေခြင်းကို လက်မခံနိုင်။ မွတ်စလင်တို့၏အန္တရာယ်ကို သတိထားဖို့ ဟောပြောသည်။ သို့သော် အစိုးရက မွတ်စလင်များကို ထောက်ပံ့သည်။ ကူညီသည်။ တစ်နေ့တစ်ခြား မွတ်စလင်များ တိုးပွားလာသည်။ ဒါကို သူက ဆန့်ကျင်သည်။ မွတ်စလင်ဆန့်ကျင်ရေးစိတ်ဓာတ်ကို အခြေခံပြီး မွတ်စလင်များကို ထောက်ပံ့သောအစိုးရကိုပါ ဆန့်ကျင်သူဖြစ်လာသည်။ သို့အတွက်ကြောင့် ကြောက်မတ်ဖွယ် လူသတ်မှုကြီးကို ကျူးလွန်မိခြင်း ဖြစ်သည်။ သူက လက်ရှိအာဏာရပါတီ၏ မျိုးဆက်ကို ဖြုတ်လိုက်လျှင် မွတ်စလင်ကို ထောက်ပံ့နေသောအစိုးရ ကျဆုံးသွားလိမ့်မည်ဟု ယူဆသည်။ တရားရုံးတွင် သူက “ကျွန်တော်လုပ်တာဟာ နော်ဝေနိုင်ငံကို အစ္စလာမ်အန္တရာယ်ကနေ ကာကွယ်ချင်လို့ပါ”ဟု ဆိုသည်။ 

အာဏာရပါတီ၏ ယဉ်ကျေးမှုဝန်ကြီးသည် မွတ်စလင်အမျိုးသမီး Hadia Tajik ဖြစ်သည်။ အခြားပါလီမန်အမတ်များတွင်လည်း မွတ်စလင်များ ပါရှိသည်။ သူတို့သည် နော်ဝေလူမျိုးများ မဟုတ်ကြ။ ပါကစ္စတန်နှင့်ဘင်္ဂလားဒေရှ်နွယ်ဖွားများ ဖြစ်ကြသည်။ အခြားသောနိုင်ငံရေးအရ အရေးပါသောနေရာများကိုလည်း မွတ်စလင်များက နေရာရအောင် ကြိုးစားထားကြသည်။ မြန်မာနိုင်ငံအနေဖြင့် သင်္ခန်းစာယူမည်ဆိုက ယူနိုင်ပေလိမ့်မည်။ ကမ္ဘာ့မည်သည့်နေရာမဆို အစ္စလာမ်ကြောက်ရောဂါက ရှိနေသည်။ ကမ္ဘာ့ခေါင်းဆောင်များကလည်း သတိထားစရာကိစ္စတစ်ခုအနေဖြင့် သိထားကြသည်။ 

ကမ္ဘာကြီးက ယဉ်ကျေးမှုပေါင်းစုံဝါဒ Multicurturalism ကို သဘောကျနေကြသည်။ ကျင့်သုံးချင်ကြသည်။ ယဉ်ကျေးသောလူ့အဖွဲ့အစည်းတိုင်းက လူကို လူလိုမြင်ဖို့၊ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုများ မပြုလုပ်ဖို့ တိုက်တွန်းကြ၊ ပြောဟောကြသည်။ သို့ရာတွင် ယဉ်ကျေးမှုပေါင်းစုံဝါဒ Multicurturalism ကို မွတ်စလင်များ ကျင့်သုံးနိုင်သလော၊ မကျင့်သုံးနိုင်သလောဟု မွတ်စလင်များကို မေးကြည့်ပါ။ နိုး ဟုသာ အဖြေပေးလိမ့်မည်။ သူတို့က သူတို့ဘာသာက ပြဋ္ဌာန်းထားသောဥပဒေအတိုင်းသာ ကျင့်သုံးလိုက်နာ နေထိုင်လိုသောကြောင့် ဖြစ်သည်။ 

မွတ်စလင်တစ်ဦးက ပြောဖူးသည်။ သူတို့ နေရာတိုင်းမှာ တိုက်ပွဲဝင်နေတာဟာ သူတို့ ဘာသာတရားအရ အေးချမ်းစွာ သီးသီးသန့်သန့် နေချင်လို့ပါဟု ဆိုသည်။ ကမ္ဘာ့နိုင်ငံအများအပြားတွင် ခွဲထွက်ခွင့်များ တောင်းနေကြသည်မှာလည်း သူတို့ဘာသာတရားဥပဒေအတိုင်း နေထိုင်ချင်လို့ တောင်းဆိုတာပါဟုသာ ဆိုကြသည်။ လူသားအားလုံးက အတူတကွ လက်တွဲပြီး ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်လိုကြသော်လည်း မွတ်စလင်များကိုယ်တိုင်က သူတို့ဥပဒေကိုသာ ခိုင်ခိုင်မြဲမြဲ စွဲကိုင်ထားကြသည်က အကြီးမားဆုံးနှင့် ဖြေရှင်းမရနိုင်သော အဟန့်အတားကြီး ဖြစ်နေပါသည်။ 

ဆိုတော့ ကမ္ဘာ့မည်သည့်နေရာတွင်မဆို မြန်မာနိုင်ငံအပါအဝင် ခေါင်းဆောင်များအနေဖြင့် “အတူတကွ လက်တွဲပြီး ငြိမ်းချမ်းစွာ နေထိုင်”ဆိုသော စကားကို အလွယ်တကူ မသုံးသင့်။ ကွန်မြူနစ်ဝါဒလို စိတ်ကူးယဉ်ကောင်းသလောက်၊ နားထောင်ရတာကောင်းသလောက် လက်တွေ့ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ စဉ်းစားပြီးမှ သုံးတာ ကောင်းပါသည်။

 “အရှင်ဘုရား … ဒီနိုင်ငံမှာ မွတ်စလင်မကောင်းကြောင်း ပြောတဲ့သူ ရှားတယ်။ ဒါပေမဲ့ တစ်ချိန်လုံး မွတ်စလင်အန္တရာယ်ကို ဘယ်လို ကာကွယ်ရမလဲဆိုတာကို စဉ်းစားနေကြတယ်ဘုရား။ တပည့်တော်တို့နိုင်ငံကတော့ ခက်ပါတယ် ဦးဇင်းရာ နအဖလက်ထက် ကုလားကို ပေါ်တင် ဖားခဲ့တော့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတာ မဆန်းပါဘူး။ မွတ်စလင်အန္တရာယ်က သူတို့ မကောင်းကြောင်း ပြောနေရုံနဲ့ မလုံလောက်ဘူး။ ခိုင်မာတဲ့ မဟာဗျူဟာချမှတ်ဖို့ လိုတယ်။ ဒါကလည်း တရားဥပဒေစိုးမိုးမှုရှိမှသာ ဖြစ်နိုင်မှာပါ ဦးဇင်းရာ”ဟု ဒကာတစ်ယောက်က ဆိုသည်။ 

မှန်ပါသည်။ အန္တရာယ်ကြီးမားသည်မှာ မှန်သော်လည်း အန္တရာယ်ကို ကာကွယ်သည့်နည်းလမ်းကတော့ အရေးကြီးပါသည်။ အကြမ်းဖက်ခြင်း၊ မုန်းတီးရေးစကားများ ပြောခြင်းသည် အန္တရာယ်ကို မကာကွယ်နိုင်ရုံမျှမက လက်ယက်ခေါ်နေသလိုပင် ဖြစ်ပါသည်။ သို့အတွက်ကြောင့် အန္တရာယ်ကို ကြောက်ရွံ့ပြီး အကြမ်းဖက်ခြင်း၊ မုန်းတီးရေးစကားများ ပြောဆိုခြင်းကိုလည်း ရှောင်ရှားရပါမည်။ 

ကာကွယ်သည့်နည်းက တစ်ခုသာ ရှိပါသည်။ ယင်းမှာ “တရားဥပဒေစိုးမိုးရေး”ပင် ဖြစ်သည်။ တိကျသော၊ ခိုင်မာသော၊ သမာသမတ်ကျသော တရားဥပဒေရှိဖို့၊ ထိုဥပဒေအတိုင်း ပြည်သူပြည်သားများ လက်ခံလိုက်နာကျင့်သုံးဖို့ အလွန်အရေးကြီးပါသည်။
ဆက်လက်ဖော်ပြပါမည် …
အရှင်ကုသလသာမိ (အတည်မဲ့)