ဖိုးသံ (လူထု) - သူများ လက်ပိုက်နေချိန်မှာ လက်ရုံးတန်းကြသူတွေ


ဖိုးသံ (လူထု) - သူများ လက်ပိုက်နေချိန်မှာ လက်ရုံးတန်းကြသူတွေ
နိုဝင်ဘာ ၁၉ ၊ ၂၀၁၄

အာဏာရှင် ဆိုတာ
အရှင် မထွက်ဘူးတဲ့
အမေ့ရဲ့စကား
မှန်လှပါကလား
နှစ်များစွာသမိုင်းက
သက်သေပြ နေလေရဲ့။

အမေကြုံဖူးတဲ့
ဇာဘုရင်၊ ဟစ်တလာ
မူဆိုလိုနီ၊ ဘာတစ်စတာ
ကမ္ဘာကျော် အာဏာရှင်တွေ
သေကာမှ ပြတ်တော့တာပဲလေ။

ကိုယ့်အနီးအနားက
ချန်ကေရှိတ်၊ ငိုဒင်ဇင်
ကစ်တီကာချွန်၊ ဆိုဟာတို
ဆိုတာတွေကလည်း
သေမှ ဒါမှမဟုတ်
ကော်ထုတ်မှ ပြုတ်တော့တာ။

ဥပဒေကိုနာခံ
လူထုဆန္ဒ လိုက်လျောလို့
ကိုယ့် သျှောင် ကိုယ်ဆွဲပြီး
နန်းပေါ်က ဆင်းတဲ့ အာဏာရှင်
ဘုရားချေးထက် ရှားပါတယ်။

အဲဒီလို အာဏာရှင်ကို
သူဆင်ထားတဲ့ ထောင်ချောက်
သူထွင်ထားတဲ့ လွှတ်တော်ထဲမှာ
သားသတ်လွတ် စားအောင် လုပ်မယ်တဲ့
ခေါင်းပေါင်းစ တလူလူ
ပုဝါစ တဖားဖားနဲ့
ပြောသတဲ့၊ ဆိုသတဲ့
ဒီလိုနဲ့ပဲ
ကိုပါကြီး တယောက်
လူ့ပြည်ကနေ ပျောက်သွားပါ ပကောလား။

မြေကွက်တွေလုယက်
ကျောင်းကန်တွေ ဖြိုဖျက်
အာဏာစက်တခုနဲ့
ဓမ္မစက်ကိုပါ အိုးမည်းသုတ်
လုပ်ချင်တိုင်းလုပ်နေတာတွေ
လွှတ်တော်ထဲမှာဖြေရှင်းမတဲ့
ဒီလိုနဲ့ပဲ
“သူတို့ပိုင်” ဖြစ်သွားတာ
ဧကပေါင်း (၆) သန်းကျော်သွားပြီ။

အမေပြောတာက
အာဏာရှင့် လက်ဆုပ်ထဲက
အာဏာကို ဖြေယူလို့မရဘူး
ဖြတ်ယူရမယ်တဲ့
အခုတော့တချို့က
အဲဒီလက်ကို ဦးတိုက်
ကိုယ့်လက်ကလေးပိုက်လို့
ခေါင်းတွေ ငိုက်နေကြတယ်။

ကြားရဲ့မဟုတ်လား
ဗန္ဓုလပန်းခြံအနား
မြို့တော်ခန်းမအပါးမှာ
အမေ့ သားမြေးတွေဟာ
အာဏာရှင်လက် ရိုက်ချိုးဖို့တွက်
သူတို့လက်တွေ မြှောက်လိုက်ကြပြီ
ရောက်ရာ အရပ်က အာရုံပြု
သာဓုခေါ်ပါတော့ သားရဲ့အမေ။

ဖိုးသံ (လူထု)
နိုဝင်ဘာ ၁၆၊ ၂၀၁၄

Than Joung Po Facebook:

(ဒီကဗျာဟာ ကျွန်တော့် အမေ အသက် တစ်ရာပြည့် မွေးနေ့ အကြိုအတွက်လည်း ဖြစ်ပါတယ်။)

(အမေ လုထု ဒေါ်အမာ (နိုဝင်ဘာ ၂၉၊ ၁၉၁၅ ဖွား - ဧပြီ ၇၊ ၂၀၀၈ ဆုံး) မွေးနေ့ အကြို အမှတ်တရ နှင့် သပိတ်မှောက် ကျောင်းသား လူငယ် ကလေးများ အား ဂုဏ်ပြု ဆရာ ဖိုးသံချောင်း ကဗျာ မိုးမခ က ကူးယူ ဖော်ပြလိုက်ပါသည်။  ဆရာ ဖိုးသံချောင်း အား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းပြုအပ်ပါသည်။)