စံလှကြီး - လူတပိုင်း ဘီလူးတပိုင်းတို့ရဲ့ ရာဇဝင်နှင့် သွေးမစွန်းသော ရာဇပလ္လင်(၁)

စံလှကြီး - လူတပိုင်း ဘီလူးတပိုင်းတို့ရဲ့ ရာဇဝင်နှင့် သွေးမစွန်းသော ရာဇပလ္လင်(၁)
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၄

လွန်ခဲ့သော နှစ်အတော်ကြာက(၁၉၉၄ ခုနှစ်လောက်က) ကျနော် အင်္ဂလိပ်စာ လေ့လာမည် ဆိုသော ရည်ရွယ်ချက်ဖြင့် သင်တန်းသွားတက်ရာ သင်တန်းဆရာမှာ အသင်ကောင်းသလို ဟာသဥာဏ်လည်း ရွှင်သည်။ အမြဲတမ်း ရယ်စရာ ပြောနေတာလည်း မဟုတ်ပဲနဲ့ ကြုံရင် ကြုံသလို ပြောလိုက်သည့် ဟာသလေးတွေက ရယ်ရသလို ပညာလည်းပါသည်။ သူက ၉ တန်း ၁၀ တန်းကျောင်းသားတွေကို အင်္ဂလိပ်စာ သင်သလို ၁၀တန်း အောင်ပြီးသားလူတွေ တက္ကသိုလ်တက်နေဆဲ ကျောင်းသားတွေ လေ့လာလိုသူတွေကိုလည်း စကားပြောတွေ သဒ္ဒါသင်တန်းတွေ ဖွင့်ပြီး သင်ပေးသည့် ဆရာဖြစ်သည်။ အစိုးရ ဝန်ထမ်းတော့ မဟုတ်။ 

တနေ့တော့ စာသင်နေရင်း အမှတ်မထင် သင်တန်းသားများဘက်သို့ လှည့်ကာ တပည့်တို့ကို ဆရာ မေးရဦးမယ်ကွ ဘယ်သူမှ မခန့်ပဲနဲ့ မရွေးပဲနဲ့ ကိုယ်သဘောနဲ့ကိုယ် ပလ္လင်ပေါ် တက်ထိုင်ပြီး မင်းလုပ်တဲ့ ကောင်တွေကို အင်္ဂလိပ်လို ဘယ်လို ခေါ်သလဲ သိသလားဟု မေးလိုက်ပါသည်။ ဖြစ်သွားလိုက်တာက နဂိုက သူ့ဟာနဲ့သူ အသံလေးတွေ ထွက်နေသော သင်တန်းသားများမှာ ချက်ချင်းပဲ မီးကို ရေနဲ့သတ်လိုက်သလို ငြိမ်ကျသွားပါတော့သည်။ 

ဆရာက စာသင်နေတယ် ဆိုပေမယ့် သင်တန်းသားများမှာ အရွယ်ရောက်ပြီးသူများမို့ သူ့အုပ်စုနဲ့သူ ကြိတ်ပြီး စကားပြောသူတို့ ဘာတို့တော့ ရှိနေပြီးသား ဖြစ်သည်။ ချက်ချင်းပဲ အဲဒီအသံတွေ ငြိမ်သွားလိုက်တာမှ အပ်ကျတာကို တကယ်ကြားရလောက်အောင် တိတ်သွားခြင်း ဖြစ်ပါသည်။ ဆိုခဲ့ပြီးသည့် အတိုင်း ၁၉၉၄ လောက် ဖြစ်နေတာကိုး။ အတော်ကြာပြီး အားလုံး ငြိမ်နေကြကာ သိတယ်လည်း မပြော မသိဘူးလည်း ဘယ်သူမှမပြော တိတ်နေတော့မှ ဆရာက တပည်တို့ half-human half-ogre လို့ ခေါ်တယ်ကွ လူတပိုင်း ဘီလူးတပိုင်းကောင်တွေပေါ့ကွာ ဆိုပြီး ကျောက်သင်ပုန်းပေါ်တွင် ချရေးလိုက်ပါသည်။ ဒါလည်း ဘယ်သူမှ အသံမထွက်။ လှုပ်တောင် မလှုပ်ကြ။

အဲဒီကျမှ ဆရာက သင်တန်းသားများကို ပြုံးစစနဲ့ ကြည့်ပြီး "ဆရာပြောချင်တာက အဲဒီလိုကောင်တွေဟာ မြောက်ကိုရီးယားမှာ ရှိတယ်။ မြောက်ကိုရီးယားက ကောင်တွေလေ" လို့ ဆက်ပြောလိုက်မှ သင်တန်းသား အားလုံး မတိုင်ပင်ထားပဲနဲ့ ဝိုင်းရယ်လိုက်ရာ အသံကြီး ဟိန်းထွက်လာပါသည်။ အားလုံးမှာ ဆရာပြောသော စကားလုံး၏ အခြား အဓိပ္ပါယ် တခုကို တွေးမိပြီး မပြောဝံ့ပဲ ငြိမ်နေကြရာ(ထိုအချိန်က စစ်ထောက်လှမ်းရေး မြန်မာပြည်တွင် လက်စောင်းထက်ချိန်) ဆရာကိုယ်တိုင်က သူ့စကားသူ လှပစွာ ရှောင်ထွက်လိုက်သဖြင့် ပွဲကျသွားခြင်း ဖြစ်ပါသည်။ 

ဆရာက ဆက်ပြီး ပြုံးစိစိနဲ့ "ဘာလဲကွ ဒီကောင်က ကိုယ်တိုင်ကျတော့ နိုင်ငံခြားကလာတဲ့ အကောင်းစားတွေမှ စားတယ် သုံးတယ် ပြည်သူတွေကိုကျတော့ သတင်းစာထဲကနေ မြက်စားပြီး ချီတက်ကြလော့ ဆိုပြီး အော်တယ်လေ။ အဲဒီ လူတပိုင်း ဘီလူးတပိုင်းကောင်တွေပေါ့ မြောက်ကိုရီးယားက ကောင်တွေကို ပြောတာပါ " ဆိုပြီး ဆက်ပြောလိုက်ရာ ကျောင်းသားများ ဟက်ဟက်ပက်ပက် ရယ်ကြပါသည်။

ထိုအချိန်က လက်ရှိ မြောက်ကိုရီးယား အာဏာရှင်လေးရဲ့ ဖခင် အုပ်ချုပ်နေချိန် ဖြစ်ပါသည်။ သူ့ ခေတ်တုန်းက အဲဒီ မြက်စားခိုင်းတဲ့ ကိစ္စနဲ့ ပက်သက်ပြီး Newsweek မဂ္ဂဇင်းမှာ ကာတွန်းတစ်ပုဒ် ပါဖူးတာ မှတ်မိပါသည်။ မြောက်ကိုရီးယား ခေါင်းဆောင်က ဒုံးပျံကြီးကို ဖက်ထားပြီး မတ်တပ်ရပ်နေသည်။ သူ့ဘေးတွင်လည်း အပွင့် အကွေးတွေနဲ့ စစ်ဝတ်စုံ ဝတ်ထားသော လူတစ်ဦး ရပ်နေသည်။ သူ့ရှေ့မှာက လူတွေ ဒူးထောက်ပြီး ပြားပြားဝပ်နေကြသည်။ သူက လူတွေကို "ငုံ့ကြည့်ပြီး ဒီလိုမှပေါ့ မင်းတို့ရဲ့ ခေါင်းဆောင်ကြီးကို ဒီလို ရိုသေမှပေါ"့လို့ ပြောသည့်အခါ သူ့နားက ဗိုလ်ချုပ်က "မဟုတ်ဘူး ခေါင်းဆောင်ကြီးခင်ဗျာ အဲဒါ သူတို့ မြက်တွေ ငုံ့စားနေကြတာပါ" ဆိုပြီး ပြောလိုက်သော ကာတွန်းဖြစ်သည်။

တလောကလည်း မြောက်ကိုရီးယား အာဏာရှင်လေးက သူ့ ဦးလေးအား အာဏာသိမ်းရန် ကြံစည်သည် ဆိုသော စွပ်စွဲချက်ဖြင့် ကြံရာပါများနှင့်အတူ ကွပ်မျက်ခဲ့သည်။ တချို့ကလည်း ခွေးများအား အရှင်လတ်လတ် ကျွေးသည်လို့ ဆိုသည်။ အချို့သတင်းများကလည်း လေယာဉ်ပျံပစ် စက်သေနတ်ကြီးဖြင့် ပစ်သတ်သည်လို့ ဆိုသည်။ ဘယ်ဟာ အမှန်လည်းတော့ မသိ အာဏာရှင်နိုင်ငံများ ထုံးစံက တရားဝင် သတင်းထုတ်ပြန်လေ့ မရှိ။ သို့သော် ရက်စက်စွာ အသတ်ခံလိုက်ရတာတော့ သေချာသည်။ အခု နောက်ပိုင်း သတင်းတွေကျတော့ သူ့အဒေါ်အရင်းခေါက်ခေါက်နဲ့ မိသားစုဝင် အားလုံးကို ကွပ်မျက်ပြီးပြီဟု ဆိုလာကြသည်။ သူတို့အားလုံး လူမြင်ကွင်းမှ ထူးဆန်းစွာ ပျောက်သွားကြတာကြောင့် ဖြစ်သည်။ ဖြစ်တော့ ဖြစ်နိုင်သည်။ သွေးသား အရင်းကြီးတွေ ဘာတွေ လာမလုပ်နဲ့ အာဏာရှင်စနစ်မှာက ကျူပင်ခုတ် ကျူငုတ်မကျန် ဆိုတဲ့ အတိုင်းပဲ မဟုတ်လား။ 

တကယ်လည်း ကျနော့် ဆရာ ပြောခဲ့ဖူးသလို လူစင်စစ်ကနေ လူစိတ်ပျောက်ကာ ဘီလူးစိတ် ပေါက်သွားခြင်း ဖြစ်ပါသည်။ တကယ့်ကို လူတပိုင်း ဘီလူးတပိုင်း ဖြစ်သွားခြင်းပါပဲ။ လူသာမန်တို့ အသည်းနှလုံးနဲ့တော့ စဉ်းတောင် မစဉ်းစားရဲစရာ။ အမှန်တော့ ဘယ်သူမှ မရွေးပဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် မင်းတက်လုပ်ခွင့်ရသော စနစ်တိုင်း ခေတ်တိုင်းတွင် ထိုနေရာ ရောက်သွားသော လူတိုင်းလိုလို လူတပိုင်း ဘီလူးတပိုင်းတွေ ဘဝကို ရောက်သွားလေ့ ရှိပါသည်။ တကယ်ကို ဖြစ်လေ့ ဖြစ်ထရှိသော ကိစ္စသာ ဖြစ်သည်။ 

လွန်ခဲ့သော နှစ်အတော်ကြာကလည်း ကျနော်နဲ့ ရင်းနှီးသော အလုပ်တူ စီနီယာ နောင်တော် တဦးနဲ့ အလုပ်ထဲမှာ ရောက်တတ်ရာရာ ပြောကြရင်း သူက ကျနော်တို့ မြန်မာလူမျိုးများဟာ အသတ်အပုတ် ဝါသနာပါကြောင်း ဒါကြောင့်လည်း ညီအကိုချင်း တူဝရီးချင်း ဆွေတော်မျိုးတော် အချင်းချင်း အပြတ်ရှင်းလေ့ ရှိကြောင်း ပြောပါတော့သည်။ ဖြစ်ပုံက ထိုစဉ်က အစိုးရ အဖွဲ့ အတွင်းတွင် ထိပ်ပိုင်း အာဏာလုမှုမျိုး ဖြစ်ခဲ့သဖြင့် နိုင်သွားသူက ရှုံးသူ၏ အပြစ်အနာအဆာများ လာဘ်စားမှုများ စသည်ဖြင့် ဖွင့်ချတာတွေကို ဖတ်ပြီး မှတ်ချက်ပြုခြင်း ဖြစ်ပါသည်။ အမှန်က အာဏာလုမှုတွင် နိုင်သွားသူ ကိုယ်တိုင်လည်း ထိုအပြစ်မျိုး မကင်းပါ။ သာချင်သာ သာလိမ့်မည်။ 

ထိုစဉ်က ကျနော်က အလုပ်တူ နောင်တော်ကြီးအား ထိုအဖြစ်များမှာ မြန်မာများသာ ထူးချွန်ပြီး ဖြစ်သည်မဟုတ်။ လူတိုင်းလိုလို ထိုနေရာ ထိုစနစ်သို့ ရောက်လျှင် ဖြစ်လေ့ရှိသည်မှာ ဓမ္မတာပင် ဖြစ်ကြောင်း အာဏာကို အဆုံးစွန် သုံးစွဲနိုင်သော သုံးစွဲခွင့်ရှိသော စနစ်များသို့ ရောက်လျှင် လူတွေအားလုံးနီးပါး လူတဝက် ဘီလူးတဝက်တွေ ဖြစ်ကုန်တတ်ကြောင်း ပြောရပါသည်။ စနစ်၏ အပြစ်သည် အဓိက အချက်ဖြစ်ကြောင်း ပြောရပါသည်။ ဒီတော့မှ သူက သူသေသေချာချာ မသိခဲ့ကြောင်း တချို့က တို့လူမျိုးက ဒီလိုပါပဲဆိုပြီး ပြောသံတွေ ကြားဖူးသဖြင့် သံယောင်လိုက်ပြီး ပြောမိခြင်း ဖြစ်ပါသည် ဆိုပြီး ဝန်ခံပါသည်။ ထိုစဉ်တုန်းကတော့ အလုပ်တဖက်နဲ့ ဖြစ်သဖြင့် သူနဲ့ တိုတိုတုတ်တုတ်သာ ပြောပြီး အကျယ် မဆွေးနွေးဖြစ်။ 

လွန်ခဲ့သော ၆ လလောက်က ဂျာနယ်ဟောင်းလေး တခုကို ဆံပင်ညှပ်ဆိုင်တွင် အမှတ်မထင် ဖတ်ကြည့်ရာမှ ခေါင်းကြီးပိုင်းတွင် အနော်ရထာက စုက္ကတေးကို လုပ်ကြံပြီး(အမှန်က စီးချင်းထိုး) နန်းတတ်လာပုံမှ အစချီကာ သီပေါခေတ် နန်းတွင်းအရေးတော်ပုံများကို ဖော်ပြပြီး မြန်မာများ ဒီလို ဖြစ်လေ့ရှိကြောင်း ဒီလိုဖြစ်ရပ်မျိုးသည် မြန်မာများသာလျှင် ထူးရှယ် ဖြစ်နေပါသည်ဟု ရေးထားသည်ကို ဖတ်ရမှ မိတ်ဆွေ နောင်တော်ကြီးအား သတိရပြီး ပြုံးမိပါသေးသည်။ အမှန်တော့ ဒီလို စာတွေ ရေးသူသည် ကမ္ဘာ့သမိုင်းတော့ ဖတ်ဖူးသင့်သည်လို့ ထင်ပါသည်။ ဒီလို လွဲမှားစွာ ရေးတာမျိုးတွေကို စာဖတ်နည်းသေးသော လူငယ်များ ဖတ်မိရင် အယူအဆလွဲသွားနိုင်သောကြောင့် ဖြစ်ပါသည်။ 

ကျနော် ပြောလိုသည်မှာ အာဏာရှင်စနစ် သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်များရဲ့ အားနည်းချက်များကို ပြောလိုခြင်းသာ ဖြစ်သည်။ မြန်မာရာဇဝင်များထဲတွင် မြန်မာဘုရင် အချို့ ဒီလို ဖြစ်ကြသည်ကို မငြင်းနိုင်ပါ။ အမှန်တော့ ဒီလို ဖြစ်သူ ရှိသလို မဖြစ်သူလည်း ရှိပါသည်။ ဖြစ်လေ့ဖြစ်ထ ရှိတတ်သည် ဟုတော့ ဆိုရမည်။ ဒါဆိုရင် မြန်မာတွေမှ ဒီလို ဖြစ်တတ်ပါသည်ဟု ကောက်ချက်ဆွဲရင်တော့ လွဲမည်သာ ဖြစ်သည်။ အမှန်က မြန်မာဖြစ်စေ တခြားလူမျိုးဖြစ်စေ ဒီစနစ်တွေနဲ့ တွေ့ရင် ဒီလိုပဲ ဖြစ်လေ့ရှိသည်။ လူတိုင်းလိုလို အာဏာကို တပ်မက် ကြိုက်နှစ်သက်သည် ဖြစ်ရာ ကမ္ဘာ့သမိုင်းကို လေ့လာရင်လည်း စိတ်ဝင်စားစရာ လူတို့၏ ဇာတ်လမ်းများကို တွေ့ရမည် ဖြစ်သည်။ တကယ့်ကို လောကီထုပ္ပတ် လူတို့ဇာတ် ဖြစ်ပေသည်။
ကမ္ဘာ့သမိုင်း တလျှောက် အာဏာနဲ့ ပက်သက်ရင် လူတွေ ရူးသလို ဖြစ်ပြီး လူတပိုင်း ဘီလူးတပိုင်းတွေ ဖြစ်ကာ ရက်ရက်စက်စက် လုပ်တတ်ကြပုံကို ဤသို့ စိတ်ဝင်စားဖွယ် တွေ့ရပေသည်။ 

သိပ်ဝေးဝေး မကြည့်နဲ့။ ဗုဒ္ဓဝင်ထဲက နာမည်တွေ ကြားဖူးပြီးသား ဘုရင်တွေ မြန်မာများ ဆွေမျိုးရင်းချာလို ရင်းနှီးပြီးသား ဘုရင်တွေကိုပဲကြည့်။ အဇာတသတ်မင်းကြီးဆို သူ့ခမည်းတော် ဗိမ္မိသာရမင်းကြီးကို လုပ်ကြံကာ နန်းတတ်ခဲ့သည်။ ကောသလမင်းကြီးလည်း သူ့သားတော်က သူ့ကို ဖယ်ရှားကာ နန်းလုခဲ့သဖြင့် တူတော်မောင် အဇာတသတ်မင်းကြီးထံ စစ်ကူလာတောင်းရင်း လမ်းမှာ နတ်ရွာစံခဲ့တာ ဖြစ်သည်။ အသောက မင်းကြီးလည်း နန်းတတ်ဖို့အတွက် ဖတူမိကွဲ နောင်တော် ၉၉ ယောက်တို့ကို ရှင်းလင်းခဲ့ရသည်။(စကားချပ် ထိုအချိန်တွင် အသောကမင်းကြီးမှာ ဗုဒ္ဓဘာသာဝင် မဖြစ်သေးပါ။ နောက်မှ သွေးချောင်းစီး စစ်ပွဲကြီး တခုတွင် နောင်တရကာ စစ်ကို စွန့်ပစ်ခဲ့ပြီး ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့သည်။)
အဇာတသတ်မင်းကြီးဆို သူ့အတုကိုယူကာ သူ့သားတော်ကလည်း သူ့ကို လုပ်ကြံကာ နန်းတက်သည်။ နောက် သူ့မြေးတော်လည်း ထိုနည်းလည်းကောင်း။ အဖသတ် မင်းမျိုးငါးဆက် အထိ ဖြစ်ပြီးမှ ပြည်သူတို့ ပုန်ကန်သဖြင့် နန်းဆက် ပြတ်သွားခဲ့သည်။

အလက်ဇန္ဒားမင်းမဟာ(Alexander The Great) သည် သူ့ခမည်းတော် လုပ်ကြံခံရပြီး နတ်ရွာစံသည်နှင့် ဖအေတူ မအေကွဲ ညီနောင်များနှင့် ဝမ်းကွဲညီအကိုတော်တို့ကို ကွပ်မျက်ပစ်ခဲ့သည်။ သူ့မယ်တော်ကလည်း အခြားမိဖုရားတပါးနဲ့ သူ့မွေးကင်းစကလေးတို့ကို ကိုယ်တိုင် လည်ပင်း ညှစ်သတ်ခဲ့သည်။ အချို့ကလည်း အရှင်လတ်လတ် မီးရှို့ပြီး ကွပ်မျက်သည် ဆိုကြသည်။ အလက်ဇန္ဒား၏ ခမည်းတော် လုပ်ကြံခံရတာလည်း ဘယ်သူ့လက်ချက်မှန်း သေချာမသိ။ ဘုရင်နှင့် နီးစပ်သူ တယောက်က စီစဉ်ပေးခဲ့မှန်းတော့ သိသာသည်။ အလက်ဇန္ဒားမင်းမဟာ နတ်ရွာစံတော့လည်း အာဏာလုပွဲတွင် သူ့ မွေးကင်းစ ကလေးတွေရော ကြင်ယာတော်ရော မယ်တော်ရော ရှင်းလင်းခြင်း ခံရပြီး မျိုးပါပျောက်သွားခဲ့သည်။ 

နိုင်းမြစ်ဒေသ မြွေဟောက်မဆိုပြီး နာမည် ကြီးခဲ့သော ကလီယိုပါထရာ ဆိုလျှင် သူ့မောင်တော် အရင်း ၁၂ ဆက်မြောက် တော်လမီနဲ့ မင်း မိဖုရားအဖြစ် နိုင်ငံကို ပူးတွဲ အုပ်ချုပ်ခဲ့ရသည်။ နောက်တော့ မောင်တော်ဘုရင်နဲ့ အပေါင်းအပါများက နန်းချပြီး တိုက်ထုတ်လိုက်သဖြင့် ထွက်ပြေးခဲ့ရသည်။ ဒီတော့ ကလီယိုပါထရာကလည်း သူ့ကို ကူညီနိုင်မည့်လူကို ရှာရတော့သည်။ သူ စည်းရုံးနိုင်ခဲ့သူက “ကျွန်ုပ် ရောက်ရှိရာအရပ် မြင်မြင်သမျှ အရပ်မျက်နှာတိုင်းတွင် အောင်ပွဲခံခဲ့သည်သာ ဖြစ်သည်” ဟု အဓိပ္ပါယ်ရသော စကားဖြင့် သမိုင်းတွင် ကျော်ကြားသူ စစ်သူကြီး ဂျူးလီးယက်ဆီဇာ ဖြစ်သည်။ ကလီယိုပါထရာသည် သူ့ကိုယ်သူ ကော်ဇောလိပ်ထဲတွင် ထည့်၍ လိပ်စေပြီး လက်ဆောင်အနေဖြင့် ဂျူးလီးယပ်ဆီဇာရှေ့သို့ ဝင်ခဲ့သည်။ ကော်ဇောလိပ်ကို ဖြေချလိုက်သည်နှင့် ကော်ဇောလိပ်ထဲမှ ရုတ်တရက် ထွက်လာပြီး ဆီဇာအား အံ့အားသင့်စေခဲ့သည်။

ဒီမှာတင် ဂျူးလီးယပ်ဆီဇာလည်း ကလီယိုပါထရာ သိပ်မိတဲ့ မအဝှါ ဆိုသလို ဖြစ်ကာ အလှဘုရင်မ ပြောသမျှ ခေါင်းငြိမ့်ရတော့သည်။ ဂျူးလီးယပ်ဆီဇာအား အလှကျော့ကွင်းဖြင့် အမိဖမ်းကာ မောင်တော်လည်းဖြစ် ကြင်ယာတော်လည်း ဖြစ်ခဲ့သည့် ဘုရင်လေးကို ပြန်တိုက်ခဲ့ရသည်။ ဘုရင်လေးလည်း ဂျူးလီးယပ်ဆီဇာလက်မှ လွတ်အောင် ပြေးရင်းပင် ရေနစ်ပြီး ကွယ်လွန်ခဲ့သည်။ 
ဂျူးလီးယက်ဆီဇာနဲ့ ကလီယိုပါထရာတို့၏ ကလေး ဆီဇာရွန်းခေါ် ဆီဇာကလေးလည်း ဆီဇာ၏ မွေးစားသားလည်းဖြစ် တူလည်းဖြစ်သည့် သြဂတ်စတတ်ဆီဇာက လူမမယ်ဘဝမှာပင် ကွပ်မျက်ခဲ့သည်။ ဆီဇာရဲ့ အရှိန်အဝါကြောင့် အရွယ်ရောက်လျှင် အာဏာကို ချိန်ရွယ်နိုင်သူ ဖြစ်လာမှာ စိုးသောကြောင့်ပင်။ သူ့ နှမတော်အရင်းက မွေးသော တူတော်မင်းသားကိုလည်း ဒီလိုပဲ လူမမယ် ဘဝမှာ ကွပ်မျက်ပစ်ခဲ့သည်။

ရောမမြို့ကြီး မီးဟုန်းဟုန်း တောက်နေစဉ် နီရိုးဘုရင် တယောထိုး နေနိုင်ရက်သည် ဆိုသော စကားဖြင့် ပြောစမှတ် ပြုခဲ့ရသည့် နီရိုးဘုရင်ကား သူနှင့် ထီးမွေနန်းမွေလုဘက် ဖြစ်သူ မင်းသားအား အဆိပ်ကျွေးပြီး သုတ်သင်ခဲ့သည်။ သူ့အား ဆုံးမပဲ့ပြင်ခဲ့သည့် ငယ်ဆရာကိုလည်း ကွပ်မျက်ခဲ့သည်။ နောက်မိဖုရား အသစ် တယောက် တင်လိုတိုင်း လက်ရှိမိဖုရားကို အကြောင်းရှာပြီး ကွပ်မျက်ခဲ့သည်။ အဆိုးဆုံးမှာ သူထီးနန်း ရရေးအတွက် ကြံစည်အားထုတ်ခဲ့ပြီး သူ့အား နန်းတင်ပေးခဲ့သည့် မယ်တော်ရင်း အဂရစ်ပါကို ကွပ်မျက်ခဲ့ခြင်းပင်။ တဖြည်းဖြည်း နီရိုးဘုရင်မှာ လူသတ်သည့် အကြိမ်များလာပြီး ပတ်ဝန်းကျင်တွင် မြင်သမျှကို ပုန်ကန်မည့်သူဟု အထင်မှားသည်နှင့် ကွပ်မျက်ရာ လူပေါင်းများစွာ သေဆုံးခဲ့ရသည်။ နောက်ဆုံးတွင် တိုင်းသူပြည်သားများက ပုန်ကန်ကြပြီး နီရိုးဘုရင်မှာ ပုန်ကန်သူများလက်သို့ အရောက်မခံပဲ ကိုယ့်ကိုကိုယ် အဆုံးစီရင် သွားခဲ့သည်။ ရောမမြို့သူ မြို့သားများက သူ့ကို စိတ်နာလှသဖြင့် သူ့နာမည်ကို သမိုင်းမှတ်တမ်းများမှ ဖျက်ပစ်ကြပြီး သူဆောက်လုပ်ခဲ့သည့် အဆောက်အအုံများနှင့် ရုပ်တုများကိုပါ ဖျက်ဆီးပစ်ခဲ့လေသည်။ 

ထူးခြားဆန်းကျယ် ဝတ္ထုများတွင် ဇာတ်ကောင်အဖြစ် ပါလေ့ရှိသူ ဆော်လမွန် ဘုရင်ကြီးလည်း နန်းတက်စတွင် ထီးနန်းကို ကြံစည်ခဲ့သူ ဖတူမိကွဲ နောင်တော်နှင့် ကြံရာပါအားလုံးကို ကွပ်မျက်ခဲ့ရသည်။
ခရစ်ယာန် သာသနာ၏ အသောက ဘုရင်ကြီးဟု ခေါ်ဆိုနိုင်သော မဟာကွန်စတဲန်တင်း(Constatine the Great) သည်လည်း သူ့သားတော်နှင့် တူတော်မင်းသားတို့ စစ်တပ်နှင့် ပြည်သူလူထုကြားတွင် လူကြိုက်များလာသည်နှင့် ကွပ်မျက်ခဲ့သည်။ ထို့အပြင် သူ၏ ရဲဘော်ရဲဘက် တိုက်ဖော်တိုက်ဖက်ဟောင်း များစွာကို သစ္စာဖောက်သည်ဟု သံသယဝင်သည်နှင့် ကွပ်မျက်ခဲ့ရသည်။ 

ရုရှနိုင်ငံ ဘုရင်ကြီး မဟာပီတာ(Peter The Great)သည် သားတော် အိမ်ရှေ့ဥပရာဇာ အလက်ဆစ် မင်းသားအား ပုန်ကန်ရန် ကြံစည်သည်ဟု ထင်မြင်သဖြင့် ထောင်ထဲတွင် အသက်ဆုံးသည်အထိ ညှဉ်းပန်းခဲ့သည်။ သူ့ကို ပုန်ကန်ရန် ကြံစည်သူတို့ကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့သဖြင့် ရက်စက်ကြမ်းကြုတ်သည်ဟု နာမည်ကျော်ခဲ့သည်။ 

မဟာပီတာ၏ မြေးတော် ပီတာ ၃ ကိုလည်း သူ့ကြင်ယာတော် မဟာကတ်သရင်း(Catherine The Great) က လုပ်ကြံသတ်ဖြတ်ပြီး ဘုရင်မကြီး အဖြစ် ထီးနန်းစိုးစံခဲ့သည်။

ဂျာမန်ဘုရင် တပါးဖြစ်သူ ဝင်းဆဲလ်လတ်(Wenceslas) ဆိုသူသည် သူ့မိဖုရားအား အမဲလိုက်ခွေးကြီးဖြင့် ကိုက်သတ်စေခဲ့သည်ဟု ဆိုသည်။ သူသည် အရက်များ အလွန်အကျွံသောက်ကာ ညဘက်တွင် လမ်းတကာလမ်း လျှောက်သွားလေ့ရှိပြီး တွေ့ရာအိမ်များထဲ အတင်းဝင်ရောက်ကာ ဂုဏ်သရေရှိ အမျိုးသမီးများအားလည်း ကျူးလွန်လေ့ ရှိသည်ဟု ဆိုသည်။ 

ပြင်သစ်ဘုရင် တတိယမြောက် ဟင်နရီသည် သူ့နောင်တော်ကို သူရဲကောင်းများ စေလွှတ် လုပ်ကြံပြီး နန်းတက်ခဲ့ရသည်။ သူကိုယ်တိုင်လည်း သူ့နောင်တော်ဘက်သား ဒိုမီနီကန် ဘုန်းတော်ကြီး တပါးက ဓားဖြင့် ထိုးသတ်သဖြင့် ကွယ်လွန်ခဲ့ရသည်။ 

ပြင်သစ်ဘုရင် နဝမမြောက် ချားလ်ဘုရင်သည် သူ့နှမတော် လက်ထပ်ပွဲတွင် စုဝေးရောက်ရှိနေသော ပရိုတက်စတင့် ခရစ်ယာန်များအား ပုန်ကန်ရန် ကြံစည်သည်ဟု အထင်ရောက်သဖြင့် ကွပ်မျက်ခဲ့ရာ လူငါးသောင်းကျော် သေဆုံးခဲ့သည်။ ထို့သို့ ကွပ်မျက်ရန် ဘုရင့်မယ်တော်ကြီးကပင် ဘုရင်ကို နားချခဲ့သည်ဟု ဆိုသည်။ ဘုရင့်မယ်တော်ကြီး ကိုယ်တိုင်ကလည်း သူ့ ပြိုင်ဘက်များကို အဆိပ်ခတ်ကာ ရှင်းလင်းလေ့ရှိပြီး သားတော်ရင်းကို ပြန်ပြီး အဆိပ်ခပ်သည်ဟုလည်း စွပ်စွဲခံခဲ့ရသည်။ 

ပြင်သစ်ဘုရင် လူဝီ ၁၄ အား သူ့ခမည်းတော် ချားလ်ဘုရင် ကိုယ်တိုင်က သူ့အား အဆိပ်ခတ် လုပ်ကြံသည်ဟု သံသယ ရှိခဲ့သည်ဟု ဆိုသည်။ ချားလ်ဘုရင် နတ်ရွာစံမည့် အကြောင်းကို သားတော် လူဝီမင်းသားက ၄ နှစ်အလိုလောက်ကပင် ကြိုတင် သိနေခဲ့ပြီး နန်းသိမ်းပွဲအတွက် ဟန်မဆောင်နိုင်လောက်အောင် တက်ကြွနေခဲ့သည်ဟု ဆိုသည်။ ထိုခေတ်က ဥရောပ ထီးနန်းများတွင် အဆိပ်ခပ်ခြင်း ခေတ်စားလှသည်ဟု ဆိုသည်။

အင်္ဂလန်မှ ဒုတိယမြောက် ဟင်နရီဘုရင်ကို သားတော် ရစ်ချက်နှင့် ဂျွန်တို့က ပြင်သစ်ဘုရင်နှင့် ပူးပေါင်းကာ လုပ်ကြံရန် ကြိုးစားခဲ့ပြီး ပုန်ကန်ထကြွခဲ့သည်။ သားတော်များ၏ အကြံအစည်ကို ဘုရင်ကြီး သိသောအခါ လွန်စွာ စိတ်နှလုံး မချမ်းမြေ့သဖြင့် ထိုစိတ်နှင့်ပင် ကံကုန်လေသည်။ သားတော်များအား ထိုသို့ ပုန်ကန်ရန်နှင့် ခမည်းတော်ကို လုပ်ကြံရန် အားပေးခဲ့သူကား မယ်တော်ရင်း ကိုယ်တိုင် ဖြစ်သည်။ 
ရစ်ချက်ဘုရင်သည်လည်း ခမည်းတော် နန်းလျာထားခဲ့သော နောင်တော်ရင်း ဟင်နရီမင်းသားအား ပုန်ကန်ပြီး စစ်ပြိုင်ခဲ့ရာ ဟင်နရီမင်းသားသည် တိုက်ပွဲတွင် ကျဆုံးခဲ့ပြီး ရစ်ချက်လည်း နန်းတက်နိုင်ခဲ့သည်။

ထို့နောက် ရစ်ချက်ဘုရင်သည် သားတော် အာသာမင်းသားအား အိမ်ရှေ့ဥပရာဇာ ရာထူးပေးခဲ့ပြီး ညီတော် ဂျွန်မင်းသားကိုလည်း များစွာချီးမြှင့်ခဲ့သည်။ သို့သော် ရစ်ချက်ဘုရင် နတ်ရွာစံသည်နှင့် ဂျွန်မင်းသားက ထီးနန်းသိမ်းပိုက်ခဲ့ပြီး တူတော် အာသာမင်းသားလေးအား ကွပ်မျက်ခဲ့သည်။

ဒုတိယမြောက် အက်ဒွပ်ဘုရင်ကို သူ့မိဖုရား ပြင်သစ်မင်းသမီးက ပုန်ကန်ထကြွခဲ့ရာ(ဘုရင်၏ လိင်တူချင်း နှစ်သက်သည့် စိတ်ဓာတ်ကြောင့်ဟုဆို) အက်ဒွပ်ဘုရင် နန်းကျခဲ့ပြီး ထီးနန်းကို သားတော်အား လွှဲအပ်ပေးခဲ့ရသည်။ ထို့နောက် ဘုရင်ကို အကျဉ်းထောင်ထဲတွင် ထည့်ပြီး ရက်စက်စွာ ညှင်းပန်းနှိပ်စက်ခဲ့ရာ ထောင်ထဲတွင်ပင် ကံကုန်လေသည်။

အင်္ဂလန်ထီးနန်းကို ယော့မင်းဆက်နှင့် လန်ကတ်စတာမင်းဆက်တို့ အပြိုင်လုကြသည့် နှင်းဆီစစ်ပွဲတွင် ခန့်မှန်းခြေ လူတသိန်းခန့် သေခဲ့သည်ဟု ဆိုသည်။ မင်းဆက်နှစ်ခုစလုံးမှာ ဆွေသားမျိုးသားများချည်း ဖြစ်ပြီး ထီးနန်းဆက်ခံရေးအတွက် တဦးနဲ့တဦး အပြတ်ရှင်းခဲ့ကြသည်။ 

(ဆက်လက်ဖော်ပြပါမည်)

(ဝေဖန် အကြံပြု မှတ်ချက်ပေးလိုပါက sanhlagyi@gmail.com သို့လည်း စာရေးသား ပေးပို့နိုင်ပါသည်။)