ရန်နောင်(ဗိုလ်တထောင်) - ရွှေမှော်ဝန်း လူမှုယဉ်ကျေးကူညီရေးအဖွဲ့ ကျောက်တန်းမြို့နယ် မင်္ဂလွန်းစံပြကျေးရွာတွင် ဇီဝိတဒါန ဆေးကု





ရန်နောင်(ဗိုလ်တထောင်) - ရွှေမှော်ဝန်း လူမှုယဉ်ကျေးကူညီရေးအဖွဲ့ ကျောက်တန်းမြို့နယ် မင်္ဂလွန်းစံပြကျေးရွာတွင် ဇီဝိတဒါန ဆေးကု
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၄

 
    န၀တ၊ နအဖ စစ်အုပ်ချုပ်ရေးကာလ၊ စစ်ထောက်လှမ်းရေးခေါင်းဆောင်နှင့် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးခင်ညွန့်ဦးဆောင်သော ရွှေမှော်ဝန်းလူမှုယဉ်ကျေး ကူညီရေးအဖွဲ့နှင့် သီရိစန္ဒာဆေးရုံမှ ဦးတင်မြင့် ၊အထူးကု ဆရာဝန်ကြီးများအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် မင်္ဂလွန်းစံပြကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ လူနာများအား  တစ်နေ့တာ အခမဲ့ ဆေးဝါးကုသပေးမှု ကို ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၂၃)ရက် နံနက် (၉)နာရီမှ စတင်၍ ပြုလုပ်ခဲ့သည်။

 
    ဆေးဝါးကုသမှုပြုလုပ်ရာတွင် အထွေထွေရောဂါကုသမားတော်ကြီး ပါမောက္ခ ဒေါက်တာဒေါ်စန်းမြ၊ ဒေါက်တာဒေါ်ရီဝင်း၊ ဒေါက်တာဒေါ်အေးစန္ဒာဝင်း တို့မှ လူနာ (၅၁၁) ဦးအားလည်းကောင်း၊ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဦးဝင်းလှိုင် နှင့် အဖွဲ့ဝင်(၃)ဦးက လူနာ (၁၂) ဦးအားလည်းကောင်း၊ အရိုးအကြောအထူးကု ဦးခင်မောင်တင်နှင့် အဖွဲ့ဝင်(၃) ဦးမှ လူနာ (၃၀၆) ဦးအားလည်းကောင်း၊ မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးကိုကိုတင်၊ဒေါက်တာ ဒေါ်တင်တင်လင်း၊ ဒေါက်တာဒေါ်ခင်သန္တာမြင့် တို့မှ လူနာ (၅၀၃) ဦးအားလည်းကောင်း ၊မီးယပ်နှင့်သားဖွားအထူးကုဆရာဝန်ကြီး ဒေါက်တာဦးဝင်းကို နှင့် အဖွဲ့ဝင်(၂)ဦးမှ လူနာ(၄၈)ဦးအားလည်းကောင်း၊ ကလေးအထူးကု ဆရာဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဒေါ်ဌေးနွယ်၊ဒေါက်တာယုဇနစောမြင့်၊ဒေါက်တာ အောင်ကြည်ဝင်းတို့က ကလေး(၁၃၂) ဦးအားလည်းကောင်း အသီးသီးဆေးကုသပေးခဲ့ကြသည်။

 
    လှူဒါန်းမှုနှင့် ပတ်သက်၍ ဦးခင်ညွန့်အားမေးမြန်းရာတွင်

    " ... 'အဘ' လွတ်မြောက်လာတော့ သီတဂူဆရာတော်က ငွေ သိန်းအစိတ်လာလှူတယ်လေ။ 'အဘ' မှာ လိုအပ်မယ်ထင်လို့ပေါ့။ ဒီငွေကို 'အဘ'ကိုယ်ကျိုးအတွက် အသုံးမချချင်တာနဲ့ အများအကျိုးအတွက် သုံးမယ်ဆိုပြီး ဒီ ရွှေမှော်ဝန်းလူမှုယဉ်ကျေးကူညီရေးအဖွဲ့ကို တည်ထောင်ပြီး ပရဟိတလုပ်ခဲ့တာပါ။ နိုင်ငံရေးတော့ 'အဘ' မလုပ်တော့ပါဘူး။ ဒီနေ့ဆို မင်းတို့တွေ့တဲ့အတိုင်းပဲ လူနာတွေကို ကုသပေးနေတာလေ။ မျက်စိဝေဒနာရှင်တွေကို မျက်မှန်တွေလုပ်ပေးမယ်၊ လိုအပ်ရင်ခွဲစိတ်ရမဲ့လူနာတွေကို ရွှေပြည်ဟိန်းဆရာတော်ကျောင်းမှာ ခွဲပေးမယ်။ ဒီလိုပဲ တခြားခွဲစိတ်ကုသရမဲ့လူနာတွေကိုလည်း သီရိစန္ဒာဆေးရုံမှာ ခွဲစိတ်ပေးမယ်။ အဲ့ဒီအတွက် ကုန်ကျစရိတ်အကုန်လုံးကို 'အဘ'တို့ အသင်းက လှူတာပါ။ 'အဘ' တို့အသင်း ဘဏ်ထဲမှာ ထည့်ထားတာ သိန်းနှစ်ထောင်ကျော်ရှိတယ်။ အတိုးနဲ့ပဲ လှူနေတာပါ။ သိန်းနှစ်ထောင်ကို မလျော့သွားအောင်ထားပါတယ်။ ဒါက 'အဘ' နဲ့ 'အဘ'မိတ်ဆွေ တွေရဲ့ စုပေါင်းအလှူပေါ့ကွာ။ ဒီလိုလှူတာ တနှစ်မှတခါပဲ လုပ်နိုင်ပါတယ်။ အရမ်းအကုန်အကျများတာကွယ့်။ ဒါပါနဲ့ဆိုလှူတာ သုံးခါရှိပါပြီ ဟု ပြောကြားခဲ့သည်။

 
    လာရောက်ပြသသော လူနာများမှာ နေ့လည် (၁၂)နာရီ ထမင်းစားနားချိန်အထိ တထောင့်ငါးရာကျော် စာရင်းရှိပြီး နေ့လည်ပိုင်းတွင် တစ်ထောင့်ခုနစ်ရာကျော်ထိရှိခဲ့သည်။ပတ်ဝန်းကျင်ကျေးရွာများမှ လာရောက်ဆေးဝါးကုသမှုခံယူကြသော လူနာများအား မင်္ဂလွန်းစံပြကျေးရွာ အရှေ့ကျောင်းကြီးတိုက် ဆရာတော် ဦးက္ကုန္ဒာစာရ ဦးဆောင်သော မင်္ဂလွန်းစံပြကျေးရွာမှ အာဟာရဒါန စတုဒိသာ ထမင်းကျွေးခြင်းများ ပြုလုပ်ခဲ့သည်ကိုလည်းတွေ့ရှိခဲ့ရသည်။