ရန်နောင် (ဗိုလ်တထောင်) - ပန်လ်နဆိုးနစ်ရဲ့ မြန်မာပြည်ဈေးကွက်


ရန်နောင် (ဗိုလ်တထောင်) - ပန်လ်နဆိုးနစ်ရဲ့ မြန်မာပြည်ဈေးကွက်
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၄
 
 

Panasonic  Solutions Expo  ဖွင့်ပွဲ ကို ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ၂၀၁၄ခုနှစ် နိုဝင်ဘာလ ၁၈ ရက် နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ပထမအကြိမ်အဖြစ် Company ၏ B2C နှင့် B2B  ထုတ်ကုန် ပစ္စည်းနည်းပညာများကို တပေါင်းတစည်းထဲ ခင်းကျင်းပြသခဲ့သည်။

ပြပွဲအတွင်းတွင် လေ့လာစရာများကို အခန်း ၆ခန်းခွဲ၍ လေ့လာနိုင်ပြီး  A Better Life, A Better World  ဆောင်ပုဒ်ဖြင့် Corporate Branding, Residential,Energy Solution, Education  နှင့် Convenicence Store ဆိုသည့်နာမည်များဖြင့် ပြခန်းစုံသည့် လူနေထိုင်မှုဘဝပုံစံကို ခံစားလေ့လာနိုင်မည်ဖြစ်သည်။



ရှေးဦးစွာ တက်ရောက်လာသောဧည့်သည်တော် ဂျပန်နိုင်ငံသံအမတ်ကြီးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ Panasonic Asia Pacific ၏ Managing Director Junichiro  Kitagawa မှ မိတ်ဆက်စကားပြောကြားရာတွင်  မြန်မာနိုင်ငံ၏ အီလက်ထရောနစ် ဈေးကွက် တွင် ဝယ်ယူသူအကြိုက်ဆုံးအမှတ်တံဆိပ် တစ်ခု အဖြစ် မှတ်တိုင်စိုက်ထူရန် ရည်မှန်းထားပြီး စီးပွားရေးနယ်ပယ်အချင်းချင်း လုပ်ငန်းဆောင်တာများ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍကို ပိုမိုအလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ၂၀၁၈ ခုနှစ်တွင် ကျရောက်မည့် Company နှစ် (၁၀၀) ပြည့် ဘဏ္ဍာရေးနှစ်ကုန်တွင် ရောင်းချမှုတန်ဖိုး ယန်းငွေ ၁၀ ထရီယံ ပြည့်မှီအောင် ရည်မှန်းချက်ချ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Panasonic Asia Pacific Myanmar ရုံးခွဲမှ ဌာနေကိုယ်စားလှယ်ချုပ် Mr. Hisakazu Maeda ကလည်း Company ၏ ရည်ရွယ်ချက်တစ်ခုအဖြစ် ပြီးပြည့်စုံသော နေထိုင်မှုဘဝပုံစံအဖြစ် မိမိတို့၏ စားသုံးသူများကို B2B နှင့် B2C ကဏ္ဍသာမက မြန်မာနိုင်ငံသားများလူနေမှုဘဝ အဆင့် အတန်း တိုးမြင့်စေရေးနှင့် ဖွံ့ဖြိုးမှုအတွက်ကိုလည်းအလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊စီးပွားမိတ်ဖက်များနှင့်အတူတကွ ရုံး ခန်း၊ ဟိုတယ်နှင့် နေအိမ်အဆောက်အအုံ တစ်ခုချင်းစီ လိုအပ်ချက်များကို အတူတကွ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် နေရောင်ခြည်သုံး ဆိုလာမီးအိမ် ၂၀၀၄ လုံးကျော်ကို လူမှုရေးဆိုင်ရာအဖွဲ့အစည်းများသို့ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ပြခန်းကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဂျပန်နိုင်ငံ သံအမတ်ကြီး တို့နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ပြခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။



ဆက်လက်၍ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရာ သတင်းဌာနများမှ သိလိုသည်များကို တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ Panasonic  သည် မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်လာသည်မှာ နှစ် (၅၀) သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပြီဖြစ်ည်။ပြခန်းများတွင် အဆင့်မြင့် နည်းပညာအရည်အသွေးမြင့် ဂျပန်လုပ်ကုန်ပစ္စည်းများကို ပြသထားခြင်းဖြစ်သည်။ ပင်နာဆိုးနစ် ကော်ပိုရေးရှင်းသည် လျှပ်စစ်နည်းပညာဖွံ့ဖြိုးတိုးတက်မှု နှင့် သုံးစွဲသူများအတွက် အိမ်သုံးပစ္စည်း၊ စီးပွားရေးသုံးပစ္စည်း၊ရွေ့လျားနိုင်သော ပစ္စည်း များထုတ်လုပ်ဖြန့်ဖြူးမှု တွင် ကမ္ဘာတဝှမ်း ဦးဆောင်နေသောအုပ်စုဖြစ်သည်။ ၁၉၈၁ ခုနှစ်တွင် Company ကိုစတင်တည်ထောင်ခဲ့ပြီး ယခုအခါ တကမ္ဘာလုံးတွင် ရုံးခွဲပေါင်း (၅၀၀)ကျော် နှင့် စုစည်းဖွဲ့စည်းထား၍ စီးပွားရေးလုပ်ငန်းဆောင်တာများ ဆောင်ရွက်နေပြီး ၂၀၁၄ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် အသားတင်ရောင်းချငွေ ယန်းငွေ ၇.၇၄ ထရီယံကျော် ရရှိခဲ့သည်။ တီထွင်ဆန်းသစ်မှုများကို အမြဲ စွမ်းကုန် ကြိုးပမ်းအားထုတ်ပြီး တန်ဖိုးစံနှုန်းသစ်များ ဖန်တီးမိတ်ဆက်ပေးခြင်းဖြင့် စားသုံးသူများအတွက် ပိုမိုပြီးပြည့်စုံသော လူမှုဘဝကမ္ဘာကို ရည်ရွယ်ချက်ချလုပ် ဆောင်နေ သော ပင်နာဆိုးနစ်ဖြစ်သည်ဟုလည်း Mr.Kitagawa  မှ ထပ်လောင်းပြောကြားခဲ့သည်။