တူမောင်ညို - ချွတ်မရတဲ့ အဆိုးမြင်အစွဲအလန်းတွေနဲ့ စတေးတပ်ရေးတဲ့ စစ်ဗိုလ်အမတ်


တူမောင်ညို  - ချွတ်မရတဲ့ အဆိုးမြင်အစွဲအလန်းတွေနဲ့ စတေးတပ်ရေးတဲ့ စစ်ဗိုလ်အမတ်
(မိုးမခ) ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၆

မိတ်ဆွေတစ်ယောက် ရှဲ(share)လို့ ကြံ့ဖွံ့ပါတီ၊ ဂန့်ဂေါအမတ် (ဗိုလ်)လှဆွေရဲ့ စတေးတပ် တစ်ခုဖတ်ရတယ်။

(ဗိုလ်)လှဆွေ ရေးထားတာတိုတိုလေးပါ။ ဒါပေမယ့်သူရေးတာထဲမှာ သူတို့စစ်အုပ်စုရဲ့ အဆိုးမြင်အစွဲအလန်းနဲ့ ရပ်တည်ခံယူပုံ ကတော့ စံပြုလောက်အောင်ပဲ ပေါ်လွင်နေပါတယ်။
သူရေးတဲ့အကြောင်းအရာက ပေါ်ပေါက်နေတဲ့ “ကျောင်းသားသပိတ်” ( အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခြင်း) အပေါ်ရေးထားတာပါ။ သူရေးထားတာထဲမှာ  “ကျောင်းသားသပိတ်/ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားသမဂ္ဂ” တို့နဲ့ပတ်သက်လာရင် စစ်အုပ်စုရဲ့အစဉ်အလာအရိုးစွဲနေတဲ့ အမြင်ဟောင်းနဲ့သဘောထားဟောင်းကို တစ်ထပ်တည်းရပ်တည်ကိုယ်စားပြုဖော်ပြထားတယ်။ 


  • “မမိုက်ကြနဲ့” (ကျောင်းသားသပိတ် /ကျောင်းသားလှုပ်ရှားမှုကို မိုက်မဲမှုလို့ သူတို့မြင်တယ်)  
  • “ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးလက်မခံဘူး” (ဒီမိုကရေစီခေတ်ကြီးမှာ ဘယ်မိဘကမှ ကျောင်းသားသမဂ္ဂဖွဲ့ဖို့ သဘော တူမှာမဟုတ်ပါဘူး) 
  • “ကျောင်းသားနိုင်ငံရေးမလုပ်ရဘူး” (ကျောင်းသားဆိုတာ စာကျက်ပေါ့)
  • “အကြမ်းဖက်ချေမှုန်းတာ၊ဖမ်းဆီးတာခံရမယ်” (ဖမ်းဟယ်ဆီးဟယ်တွေလည်းလာဦးမှာဘဲ၊ မမြင်အပ်တာတွေမြင်ရ မကြား အပ်တာတွေကြားရ ဖြစ်ရကြုံရဦးတော့မယ်)
  • “နောက်ကွယ်မှာကြိုးကိုင်သူတွေရှိတယ်” (ဖန်တရာတေနေတဲ့စွဲချက်/ကျောင်းသားလူငယ်တွေကိုစော်ကားတဲ့အချက်) 
  • “အရေးပေါ်အခြေအနေကြေညာပြီးစစ်တပ်ကအာဏာသိမ်းရလိမ့်မယ်”တဲ့။(ထာဝရလက်သုံးနည်းကအကြမ်းဖက် အာဏာသိမ်းမယ်) 

အာဏာသိမ်းမယ့်ပုံစံကိုတော့ “၂၀၀၈ အခြေခံဥပဒေနဲ့အညီ” (ပုံမှန်က ၁ နှစ်၊ ထပ်တိုး ၆ လ ၂ ကြိမ် ပေါင်း ၂ နှစ် ) သိမ်း လိမ့်မယ်ဆိုပြီး ချော့သလိုလိုနဲ့ခြောက်ပြီးရေးထားတယ်။

  စစ်အုပ်စုဟာ အခြေခံဥပဒေကို ဖျက်သိမ်းနိုင်ခဲ့တယ်၊ အခြေခံဥပဒေလည်း စိတ်ကြိက်ရေးဆွဲနိုင်/အတည်ပြုနိုင်တယ်ဆိုတဲ့ အချက်တင်မကတော့ဘဲ။  စစ်တပ်ကအာဏာသိမ်းတာကို အခုအခါမှာအခြေခံဥပဒေနဲ့ညီအောင်လုပ်နိုင်ပြီ၊ ဥပဒေနဲ့ညီတဲ့လုပ်ဆောင် ချက်ဖြစ်တယ်ဆိုတဲ့အချက်ကို လွှတ်တော်အမတ်(ဗိုလ်)လှဆွေက မဏ္ဍပ်တိုင်တက်ပြချင်ပုံပါပဲ။ ချုပ်လိုက်တော့ ဥပဒေဆိုတာစစ်တပ် အလိုကျချယ်လှယ်နိုင်ရေးသာဖြစ်တယ်ဆိုတဲ့အဓိပ္ပါယ်ထွက်ပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုတာ စစ်တပ်အလိုကျစိုးမိုးထားနိုင်ရေးသာ ဖြစ်ပါတယ်။ 

 စစ်ဗိုလ်စစ်သားဆိုတာ (အငြိမ်းစားယူ) အမတ်ဖြစ်သွားပေမယ့်လည်း စစ်ကျောင်းနဲ့ စစ်တပ်ထဲကနေ တစ်ပုံစံထဲ လေ့ကျင့် သင်ကြားပေးထားတဲ့အတိုင်း၊အထက်ကပေးတဲ့ “တစ်သွေး၊ တစ်သံ၊ တစ်မိန့်” အတိုင်း လှေနဲ့မြင်းလို  ကြည့်တတ်၊ မြင်တတ်၊တွေးတတ်၊ ခေါ်တတ်၊ နာခံတတ်၊ လုပ်ဆောင်တတ်သူတွေ သာဖြစ်ပါလား ဆိုတဲ့အချက်ကို ဂန့်ဂေါအမတ်(ဗိုလ်)လှဆွေစတေးတပ်မှာ တွေ့လိုက်ရ တယ်။

(ဗိုလ်)လှဆွေဟာ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်မဟုတ်တော့ပါဘူး။ (အငြိမ်းစား) စစ်ဗိုလ်ကနေ အရပ်သား အဖြစ်အမတ်အရွေးခံထားရသူပါ။ (ဒီလိုအငြိမ်းစားယူပြီးအမတ်အဖြစ်ဝင် အရွေးခံတာကလည်းအထက်အမိန့်ပဲဖြစ်မှာပါ) သူတို့မှာ သူတို့ ကိုယ်ပိုင်စိတ်နဲ့ကိုယ်နဲ့မှ စဉ်းစားဆင်ခြင်တတ်ပါရဲ့လား၊ တွေးတတ်ခေါ်တတ်ပါရဲ့လားလို့ ကပ်သီးကပ်သပ်စဉ်းစားမိပါတယ်။ စစ်ဗိုလ် စစ်သားဆိုတာ(အငြိမ်းစားဖြစ်ဖြစ်/တာဝန်ထမ်းဆဲပဲဖြစ်ဖြစ်)  ငပိထုပ်ဖူးတဲ့စက္ကူလိုပဲ၊ ငပိနံ့မပျယ်တော့ဘူးထင်ပါတယ်။ 

 သူတို့စဉ်းစားပြောဆို၊ပြုမူ၊လုပ်ကိုင်ပုံတွေကကြံရည်ကြိတ်စက်ထဲကို ကြံချောင်းတွေ ထိုးသွင်းလိုက်ပြီးနောက် ကြံရည်တွေထွက် ကျလာသလိုမျိုးနဲ့ အလားသဏ္ဍာန်တူနေပါတယ်။ 
ကြံ့ဖွံ့ပါတီအမတ် (ဗိုလ်)လှဆွေလို အငြိမ်းစားစစ်ဗိုလ်ရဲ့စဉ်းစား/ပြုမူမှုက ဒီလိုမျိုးခေါက်ရိုးကျိုး၊ ပုံစံကျ၊ အရိုးစွဲနေတယ်ဆိုရင် ကာချုပ်ဗိုလ်မင်းအောင်လှိုင်စေလွှတ်ထားတဲ့ စစ်တပ်ထဲက တာဝန်ထမ်းဆဲ စစ်သားအမတ်တွေဆိုရင် ဘယ်လိုစဉ်းစားမလဲ၊ ဘယ်လိုပြု မူမလဲဆိုတာကိုတွေးကြည့်မိပါတယ်။ 

(ဗိုလ်)လှဆွေထက် လျှော့စရာမရှိနိုင်ပါဘူး။ သာချင်သာ သာပေလိမ့်မယ်။ သူတို့စိတ်နဲ့သူတို့ ကိုယ်လှုပ်ရှားနေကြသူတွေ မဟုတ်ဘဲ။ ဗိုလ်မင်းအောင်လှိုင် “အမိန့်” နဲ့ သူတို့ “ခန္ဓာကိုယ်” လှုပ်ရှားနေကြ သူတွေပဲဖြစ်မယ်လို့ ယူဆပါ တယ်။
ဒီလို ချွတ်မရတဲ့ ခေါက်ရိုးကျိုး၊ပုံစံကျ၊အရိုးစွဲနေတဲ့ရပ်တည်ချက်တွေ၊ အမြင်တွေ၊အတွေးတွေနဲ့စစ်ဗိုလ်တွေ (အငြိမ်းစားနဲ့ တာဝန်ထမ်းဆဲ)ဆီကနေ တိုင်းပြည်အတွက်အပြောင်းအလဲ၊အခြေခံဥပဒေပြင်ဆင်ပေးမယ်ဆိုတာတွေဟာ မျှော်လင့်နေသူတွေမျှော်လင့် နေကြသလို တကယ်တန်းဖြစ်လာနိုင်ပါ့မလား။ 


တပ်မှူးကြီးဟောင်းတွေ ဒီမိုကရေစီဘက် ကူးပြောင်းလာတယ်ဆိုတာ/ ၁၉၉၀ ရွေးကောက်ပွဲမှာ စစ်သားတွေ ဒီချုပ်ပါတီကို မဲပေးကြတယ်ဆိုတာ “၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ရဲ့ ရလဒ်သာဖြစ်ပါတယ်။ “၈၈ဒီမိုကရေစီအရေးတော်ပုံကြီး” သာ မပေါ်ပေါက် ခဲ့ရင်/ မရှိရင် စစ်ဗိုလ်တွေစစ်သားတွေ ဒီလို ပြုမူ ပြောင်းလဲလာဝံ့ကြပါ့မလား။