မောင်ရစ် - ပြည်သူနဲ့ နိုင်ငံရေးစနစ်တို့၏ လမ်းခွဲ


မောင်ရစ်  - ပြည်သူနဲ့ နိုင်ငံရေးစနစ်တို့၏ လမ်းခွဲ
အယ်ဒီတာ့လက်ရေး၊ နိုဝင်ဘာ ၂၆၊ ၂၀၁၄

သြဂုတ်လ ၉ ရက် ည၊ အမေရိကန်နိုင်ငံ၊ မီဆိုရီပြည်နယ်၊ ဖာဂူဆန်မြို့မှာ လူဖြူ ရဲသားက လက်နက်မဲ့ ၁၈နှစ်အရွယ် လူမည်းတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့သည်။ အကြောင်းပြချက်မှာ မသင်ကာသဖြင့် လမ်းမှာ ရပ်တန့်စစ်ဆေးရာ လူမည်းက အကြမ်းဖက်ရန်ပြုသဖြင့် မိမိအသက်ကို ကာကွယ်ခြင်း အလို့ငှာ ပစ်သတ်လိုက်ရသည်ဟူ၏။ သို့သော်လည်း ထိုဖြစ်ရပ်မှာ ပြီးပျောက်မသွားဘဲ အမေရိကန်တပြည်လုံးအနှံ့ အုံကြွ ဆန္ဒပြ ဆွေးနွေး ငြင်းခုံရသည့် အရေးအခင်းဖြစ်လာခဲ့ရသည်။ အဓိကခေါင်းစဉ်ကား လက်နက်ကိုင် လူဖြူ အာဏာပိုင်တို့က လက်နက်မဲ့ လူမည်းနှင့် အခြား လူနည်းစုများအပေါ် အကြမ်းဖက် အနိုင်ကျင့် သတ်ဖြတ်နေမှုများ အဆုံးသတ်ရေး၊ ကျုးလွန်သူများကို တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံရေးစနစ် နှစ်ပေါင်း ၂၅၀ ကျော်ပြီး လူမည်းသမ္မတ အုပ်ချုပ်မင်းလုပ်နေသော အမေရိကန်ပြည်ထောင်အတွင်း အဆိုပါ အရေးအခင်း ပေါက်ကွဲခြင်းဖြစ်ရာ အမေရိကန်ပြည်ထောင်စုဆိုသည်မှာ အခြား အာဏာရှင်များ၊ တပါတီများ၊ ဖွံဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားလေ့ရှိသော လူမျိုးရေး အရေးအခင်းများနည်းတူ ဖြစ်ပွားလျက်ရှိကြောင်း သာဓကထင်ရှားသွားလေသည်။ သတင်းကို နိုင်ငံအမည် မဖော်ပြဘဲ ဆွေးနွေးမည်ဆိုပါက အမေရိကန်မှာ ဖြစ်သည်ဟု မထင်မြင်ဘဲ မြန်မာပြည် သို့မဟုတ် ထိုင်းတွင်များ ဖြစ်ပွားလေသလားဟူ၍ အမှတ်မှားနိုင်ကြလေမည် ဖြစ်သည်။

ထိုဖြစ်စဉ်ကို ၎င်းပြည်နယ်၏ တရားရုံးတွင် သမာဓိခုံရုံးဖွဲ့ စစ်ဆေးခဲ့ရာ ယခု နိုဝင်ဘာ ၂၄၊ ၃ လ ကျော် ကြာမြင့်လေမှ အဖြေဆုံးဖြတ်ချက် ထွက်၏။ လက်နက်ကိုင် လူဖြူ ရဲသားမှာ ဥပဒေက အမိန့်ရှိထားသည့်အတိုင်း ဆောင်ရွက်သည် ဖြစ်သဖြင့် အပြစ်မရှိ၊ အရေးမယူနိုင်ဟူ၍ ဆုံးဖြတ်ကြလေသည်။ ထိုအခါ တရားခုံရုံး၏ ဆုံးဖြတ်ချက်ကို စောင့်စားနေကြသော တက်ကြွလှုပ်ရှားသူ ပြည်သူတို့သည် ဒေါသပုန် ထကြွကြလျက် တိုး၍ ဆန္ဒပြ ကန့်ကွက်ကြလေရာ အဓိကရုဏ်းများ နိုင်ငံအနှံ့ဖြစ်ပွားပြီး ရဲတို့ကလည်း အကြမ်းဖက် နှိမ်နှင်းကြရပြန်တော့သည် ဟူသတတ်။ လက်နက်မဲ့ပြည်သူတဦးကို လက်နက်ကိုင် ရဲသားတဦးက ပစ်သတ်ပြီးနောက် တရားခုံရုံးဖွဲ့ စစ်ဆေးရာတွင် တရားခုံရုံးက အပြစ်မရှိဟု ဆိုကြောင်း သတင်းခေါင်းစဉ်ကို နိုင်ငံအမည် မဖော်ပြဘဲ ဆွေးနွေးမည်ဆိုပါက မြန်မာပြည်မှာ ဖြစ်လေသလားဟု ယိုးမှားနိုင်ကြမည် ဖြစ်သည်ဟု ဆိုလိုက်ချင်ပြန်ပါသည်။

အမေရိကန်ပြည်ထောင်စုတွင် ထိုကဲ့သို့သော ပြည်သူနှင့် နိုင်ငံရေးစနစ်တို့ အချင်းချင်းကြား အံလွဲ အံချော်မှု၊ ပဋိပက္ခ ထိပ်တိုက်ရင်ဆိုင်မှုများ ဘယ်အတွက်ကြောင့် အခါမလပ် ဖြစ်ပွားနေရနေသနည်းဟု မေးခွန်းထုတ်ချင်ဖွယ် ဖြစ်လေသည်။ အမေရိကန်ပြည်ထောင်စုတွင် ဒေသခံ အာဏာပိုင်၊ ပြည်နယ်အစိုးရ နှင့် ပြည်ထောင်စုအစိုးရဟူ၍ အဆင့် ၃ ဆင့် ရှိရာ အဆင့်တိုင်းတွင် ပြည်သူတို့အတွက် တရားမျှတသော ဆင်ခြင်တုံ့တရားရှိသော ဖြေရှင်းမှု၊ ပြန်ကြားမှု ပျက်ကွက်ခဲ့သဖြင့် ယခုကဲ့သို့ ပြည်သူတို့၏ အဓိကရုဏ်းသဖွယ် ပေါက်ကွဲမှု ဖြစ်ရသည်ဟု သုံးသပ်နိုင်လေသည်။ 

အမှုဖြစ်ပွားပြီးပြီးခြင်း ဒေသခံအာဏာပိုင်တို့က မကျေနပ်သော ပြည်သူတို့ကို ဖျောင်းဖြဖြေရှင်းရန် အားနည်းခြင်း၊ ပြည်သူတို့၏ ဒေါသပုန်ထမှု ပြန့်နှံ့လာသောအခါတွင်လည်း ပြည်နယ်အစိုးရက လက်နက်ကိုင်ရဲများ စစ်သားများဖြင့် လူထုအုံကြွမှုကို ထိပ်တိုက်ရင်ဆိုင်ပြန်ခြင်း၊ တဖန် ပြည်ထောင်စုအဆင့်၊ တရားသူကြီးချုပ်နှင့် နိုင်ငံတော်သမ္မတကိုယ်တိုင်ကလည်း အချိန်မီ ၀င်ရောက် ဖြေရှင်းရန် ထိန်းသိမ်း ကာကွယ်ရန် နှောင့်နှေးနေခြင်းတို့ကြောင့် ရဲ၏ လူသတ်မှုမှသည် လူဖြူ လူမည်း အရေးအခင်းသဖွယ် မီးဟုန်းဟုန်းတောက်သည်အထိ ကြီးမားခဲ့ရသည်ဟု အကဲခတ်သူ ဝေဖန်သူတို့က ဆိုကြသည်။ ထို့အပြင် တရားခုံရုံးဖွဲ့ စစ်ဆေးပြန်တော့လည်း ဥပဒေများက လက်နက်ကိုင် ရဲသားတို့၏ လူသတ်ခွင့်ကို အကာအကွယ်ပေးပြီး တရားမျှတသည်ဟု ဆုံးဖြတ်ချက်ချလိုက်ရာ ပြည်သူလူထုအတွက် ဖြေဆည်ရာ၊ အားကိုး လဲလျောင်းရာ နိုင်ငံရေးစနစ်ကြီးသည် ပြည်သူလူထုအတွက် လုံခြုံမှု စိတ်ချမှုတို့ကို ကျောခိုင်းလိုက်သကဲ့သို့ ဖြစ်ပွားရပေတော့သည်။

အမှန်တကယ်အားဖြင့် ပြည်သူလူထုသည် အဆိုပါခုံရုံးက လူသတ်သည့် လူဖြူရဲသားမှာ အပြစ်မရှိဟု ဆုံးဖြတ်လိမ့်မည်ကို မျှော်လင့်ထားပြီးသား ဖြစ်ပေသည်။ အမေရိကန်၏ မျက်မှောက် ရဲနှင့်ပြည်သူ အရေးအခင်းများအဆက်ဆက်တွင်လည်း ရဲ၏ လက်နက်ကိုင်အကြမ်းဖက်မှုများကို တရားဥပဒေ ခုံရုံးများ နိုင်ငံရေးစနစ်တို့က အကြိမ်ကြိမ် အကာအကွယ်ပေး ဘက်လိုက်ခဲ့ပြီးဖြစ်ကြောင်း သာဓကအများအပြား ရှိခဲ့ပြီး ဖြစ်သောကြောင့်ပင်။ သို့ဖြစ်ပါ၍ ဒီမိုကရေစီဘိုးအေကြီးဟု နိုင်ငံတကာတွင် လျောက်ပြန်သံပေး ခြေအေး ၀မ်းယောင် လှည့်လည်ပြီး သြဇာပြနေသော အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေးစနစ်ကြီး၏ လက်အောက်တွင် နေထိုင်အသက်မွေးနေကြသူ အမေရိကန်ပြည်သူတို့ကိုယ်တိုင်သည် ၎င်းတို့၏ ခေတ်နှင့် စနစ်ကို ဝေဖန်သုံးသပ် စဉ်းစားခန်း ၀င်ကြဖို့ လိုအပ်ပြီးရင်း လိုအပ်နေကြောင်း ၀န်ခံကြရမည် ဖြစ်သည်။

ထိုနည်းတူစွာပင် မြန်မာပြည်သို့ လှည့်ပြန်ကြည့်လိုက်မည်ဆိုပါက မြန်မာပြည်သူတို့အတွက် အလားတူပင် ဖြစ်သည်ဟု ဆိုကြရမည်။ ထင်ရှားသော လက်ပံတောင်းတောင် ဆန္ဒပြပြည်သူများကို မီးလောင်ဗုံးပစ်ပြီး ဖြိုခွင်းခြင်း ဖြစ်စဉ်၊ အသိမ်းပိုက်ခံ မြေယာ လယ်မြေများအတွက် ကန့်ကွက်ဆန္ဒပြသူ ပြည်သူတို့ ဖမ်းဆီးနှိမ်နင်းခံရခြင်း ဖြစ်စဉ်၊ မကြာသေးမီက သတင်းထောက်ကိုပါကြီးကို လက်နက်ကိုင်ဟု စွပ်စွဲ သတ်ဖြတ် အစဖျောက်ခံရခြင်းဖြစ်စဉ် နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလအတွင်း ကေအိုင်အို ကချင်တိုင်းရင်းသားတို့၏ စစ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်စဉ်များအားလုံးတွင် မြန်မာနိုင်ငံရေးစနစ်သည် ၎င်းတရားဥပဒေ၏ အကာအကွယ်ပေးမှုဖြင့် ပြည်သူလူထုအပေါ်တွင် ထိုသို့ မတရားပြုကျင့်ခွင့် ရှိနေကြောင်း အမေရိကန်တို့နှင့်နည်းတူ ထပ်တူကျ ခံစားနေရသည်ဟု ဆိုနိုင်ပေသည်။

သို့ဖြစ်ပါ၍ အမေရိကန်ပြည်သူတို့သည် ၎င်းတို့၏ နိုင်ငံရေးစနစ် တိုးတက်ပြုပြင်းလာစေခြင်းအလို့ငှာ ရွေးကောက်ပွဲတည်းဟူသော လမ်းစဉ်ဖြင့် ဆက်လက် ရင်ဆိုင်ကြမည်လား ဟူ၍ မေးခွန်းသည် ပထမဖြစ်၏။ မျက်မှောက်ခေတ်အခြေအနေအရ အမေရိကန်ပြည်၏ ရွေးကောက်ပွဲစနစ်ဖြင့် တက်ရောက်နေရယူထားကြကုန်သော လွှတ်တော်၊ သမ္မတ၊ အစိုးရ နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့သည် ခေတ်အဆက်ဆက် ပြည်သူတို့ဖက်က မျက်နှာလိုက်ဖို့ ချို့ယွင်းခဲ့ကြသည့် သာဓကများ ရှိခဲ့ပြီဖြစ်ရာ ယခုလက်ရှိတွင်လည်း ဒီမိုကရက် အိုဘားမားအစိုးရနှင့် အတိုက်အခံ ရီပတ်ဘလစ်ကန် လွှတ်တော်တို့၏ ထိပ်တိုက်ရင်ဆိုင်နေကြသည့် ပွတ်တိုက်မှုကြီးကြောင့် မျှော်လင့်ချက်ကား နည်းလှသည်ဟု ဆိုရပေမည်။ ရေသာများ ငါးမတွေ့ အားကိုးရာ ရှာမတွေ့ဟု တက်ကြွလှုပ်ရှားသော ပြည်သူတို့က သဘောထားက အားသာနေသည်ဟု ဆိုနိုင်သည်။ 

ထိုနည်းတူစွာ ကောက်ချက်ဆွဲကြမည်ဆိုပါလျင် မြန်မာပြည်သူတို့သည်လည်း ယခု လက်တွေ့စမ်းသပ်ခန်းတွင် အကောင်အထည်ဖော်နေသည့် တပ်မတော်၏ အခန်းကဏ္ဍ ဦးစားပေး မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ စနစ်နှင့် ရွေးကောက်ပွဲအပေါ် မည်သို့သော မျှော်လင့်ချက်များ ထားကြပါမည်နည်း။ အကြိမ်ကြိမ်အခါခါ ပွတ်တိုက်မှုများ၊ ပျက်ကွက်မှုများ၊ ထိပ်တိုက်ရင်ဆိုင်မှုများ ငြင်းပယ်မှုများနှင့် ရင်ဆိုင်နေရသည့် ပြည်သူလူထုသည် မြန်မာနိုင်ငံရေးစနစ်၏ လမ်းစဉ်ကြီးမှာ လမ်းခွဲကို ရွေးကြဖို့ အားမသာကြပေဘူးလောဟု မေးခွန်းထုတ်ကြည့်သင့်ပါ၏။

အမေရိကန်ပြည်သူနှင့် နိုင်ငံရေးစံနစ်တို့မှာ ထိုကဲ့သို့သော အခြေအနေများကို ရင်ဆိုင်ပြီး တရွေ့ရွေ့တိုးခဲ့ကြရာ နှစ်ပေါင်း ၂၀၀ ကျော် ကြာသောအခါ စံပြုဖွယ်ရာအခြေအနေကိုလည်း မရောက်သေးပါ။ ရွေးကောက်ပွဲလမ်းစဉ်အားကိုးဖြင့် လူလတ်တန်းစား ပညာတတ် လူမည်းတဦးဖြစ်သည့် ဘာရက်အိုဘားမားကို ငွေရှင်ကြီးများ၊ အရင်းရှင်ကြီးများ၊ နိုင်ငံရေး အံတိုနေသူ ရာသက်ပန် ရွေးကောက်ခံ နိုင်ငံရေးသမားများကြားသို့ စေလွှတ်ပြီး ပြုပြင်ပြောင်းလဲမှုများကို မျှော်လင့်တောင်းဆိုခဲ့ကြသော်လည်း စိတ်ကူးယဉ်သလို ချက်ခြင်း လက်ငင်းအပြောင်းအလဲကို မမြင်ကြရသည်မှာ လက်တွေ့ပင်ဖြစ်၏။ ကမ္ဘာကြီးက လွန်ခဲ့သော ၂၀၀၈ ကတည်းက အိုဘားမားကို ငြိမ်းချမ်းရေးနိုဘယ်ဆု မျှော်လင့်ချက်ကြီး တခွဲသားဖြင့် ပေးအပ်ခဲ့ကြပါသည်။ အမုန်းတရားအခြေခံသော စစ်မက်များကား တိုး၍ ဖြစ်ပွားနေဆဲပင်။ မြန်မာပြည်တွင်လည်း ၁၉၉၀ တွင် အတိုက်အခံ NLD ပါတီကြီးနှင့် တိုင်းရင်းသားပါတီများကို ပြည်သူတို့က ရွေးကောက်တင်မြှောက်ခဲ့ကြပြီး ဖြစ်သည်။ ကမ္ဘာကြီးကလည်း ၁၉၉၁ ကတည်းက ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ် ချီးမြှင့်ခဲ့ကြပြီး ဖြစ်သည်။ ပြည်သူတို့က မည်သို့ပင် နိုင်ငံတော် ပြုပြင်ပြောင်းလဲ ကောင်းမွန်ရေးအတွက် ကြိုးစား ရုန်းကန်ကြစေကာမူ နိုင်ငံရေးစနစ်ကြီးအတွင်း အနည်ထိုင် အမြစ်စွဲနေကြပြီးဖြစ်သော ကို်ယ်ကျိုးကြည့်၊ လူတစု တဖွဲ့ ကောင်းစားရေး ဦးစားပေး၊ အစုအဖွဲ့များ ငွေကြေး လက်နက် ကိုင်စွဲထားသူများ၏ ဆန့်ကျင် အာခံ ပြန်လှန် ချေဖျက်မှုများကို ရင်ဆိုင်နေကြသည်သာ ဖြစ်သည်။ 

ပြည်သူသည် နိုင်ငံရေးစနစ်နှင့် လမ်းခွဲစကား ပြောကြရတော့မည်။ နိုင်ငံရေးစနစ်အတွင်းတွင် အခွင့်အရေးယူ အကာအကွယ်ယူ နေထိုင်စားသောက်နေကြသူ အာဏာရှင်ကြီးများ အရင်းရှင်ကြီးများ လက်နက်ကိုင်များ သိရှိ ဖော်ထုတ် ပစ်မှတ်ထားကြဖို့ပင် ဖြစ်သည်။ ထို့အပြင် အဆိုပါ လူတစု လူအုပ်စု ဆွေမျိုးသားချင်းတို့ ကောင်းစားရေးအတွက် အကာအကွယ်ပေး၊ ရှေ့နေလိုက်၊ စောင့်ရှောက်၊ လက်ဝေခံလုပ်ဆောင်နေသူ အံတို အံခွနေသည့် နိုင်ငံရေးသမားများ၊ အစိုးရခေါင်းဆောင်များ၊ တရားသူကြီး၊ ခုံသမာဓိကြီးများနှင့် မီဒီယာသမားများနောက် သူတို့ပြောဆို စည်းရုံး လှုံဆော်နေသမျှ တကောက်ကောက်လိုက် နားယောင်နေမှုများက ဖယ်ခွာ လမ်းခွဲထွက်ရေးပင် ဖြစ်တော့သည်။ 

ဖာဂူဆန်မြို့ လူဖြူရဲသား လူသတ်မှုတွင် နိုင်ငံရေးစနစ်၏ တရားစီရင်ရေး ဘက်လိုက်မှုသည် အများထဲမှ သင်ခန်းစာ တခုပင်ဖြစ်သည်။ ထိုသင်ခန်းစာကို ပြည်သူတို့ မယူလျင် ထိုကဲ့သို့ အမှုများစွာ ဆက်လက်ဖြစ်ပွားနေဦးမည် ဖြစ်သည်။ လက်နက်မဲ့၊ ပညာမဲ့၊ ဥစ္စာမဲ့ ပြည်သူတို့သည် အာဏာရှိ၊ လက်နက်ရှိ၊ ဥစ္စာရှိသူတို့၏ ကြိုးဆွဲရာ ဆက်လက် ဒရွတ်တိုက် လို်က်ပါနေရဦးမည် ဖြစ်သည်။ ဖာဂူဆန်အမှုကို နှစ်ပတ်လည်နေ့ရက်တရက်၊ ဆန္ဒပြပွဲတပွဲ၊ ရန်ပုံငွေတရပ်၊ အခမ်းအနားပွဲ တခုအဖြစ်နှင့် ပြည်သူသည် ချွေးသိပ် မခံလိုက်ကြစေလိုပါ။ မြန်မာပြည်သူတို့ကလည်း “ ရွေးကောက်ပွဲတွင် မဲနိုင်” ၊ “လွှတ်တော်နှင့် တရားရုံးမှာ မဲရှုံး”  ဆိုသည့် ဖြစ်စဉ်မျိုးကနေ ကြိုတင်လမ်းခွဲနိုင်ဖို့ လိုပေသည်။