ရန်နောင်(ဗိုလ်တထောင်) စတီရီယိုခေတ်ဦး ဂီတဘိုးအေကြီး စိုးပိုင် အသက်ခုနစ်ဆယ်ပြည့်မွေးနေ့ စင်မြင့်ဖျော်ဖြေပွဲ မြင်ကွင်း


ရန်နောင်(ဗိုလ်တထောင်) စတီရီယိုခေတ်ဦး ဂီတဘိုးအေကြီး စိုးပိုင် အသက်ခုနစ်ဆယ်ပြည့်မွေးနေ့ စင်မြင့်ဖျော်ဖြေပွဲ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၄

     
    စတီရီယိုခေတ်ဦးတွင် ကျော်ကြားခဲ့သော ဂီတလောက၏ ဘိုးအေအရွယ်သို့တိုင် ရောက်ရှိနေသည့် အဆိုတော်စိုးပိုင် ၏ အသက် (၇၀) ပြည့် မွေးနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့ည(၇) နာရီ က ကျင်းပပြုလုပ်ခဲ့သည်။


   
    စတီရီယို ဘိုးအေကြီးသည် ဂစ်တာလွယ်ကာ ထွက်လာရင်း နေကွယ်ရင်လထွက်မယ်၊ ဆူးခင်းလမ်း၊ အနီးဆုံးလူ၊ မောင်ငြိမ်းချမ်း၏သံသရာ သီချင်းများကို ဆက်တိုက်သီဆိုပြီးနောက် အဆိုတော် နွဲ့ယဉ်ဝင်းနှင့် တွဲဖက်၍ ဥမ္မာဒန္တီ အချစ်ရူး ကိုသီဆိုပြီး နွဲ့ယဉ်ဝင်းမှ တစ်ကိုယ်တော်စိုးပိုင်၏သီချင်း ပြည့်စုံပါစေကို ဆက်လက်သီဆိုခဲ့သည်။



 နွဲ့ယဉ်ဝင်းသီဆိုနေချိန်တွင်တော့ သရုပ်ဆောင် မင်းသား မင်းအုပ်စိုး စင်ပေါ်သို့ ခုန်တက်ကာ ကခုန်နေခဲ့သည်။ လုံခြုံရေးများကို ဝိုင်းဆွဲသည်ကိုလည်း မချေမငံ ဆက်ဆံခဲ့ပြန်သည်ဟု ဆိုသည်။ ထိုအချိန်တွင် အခမ်းအနားမှူး တင်မိုးလွင် တက်လာပြီး အစီအစဉ်များ ဆက်တိုက်ပြောလိုက်ကာ ပွဲကိုထိန်းနိုင်ခဲ့သည်။


မင်းအုပ်စိုးသည် စင်ပေါ်မှ ဆင်းသွားသော်လည်း  ပွဲခင်းအတွင်း မူးရူးကခုန်နေခြင်း၊ (အဘစိုးပိုင် သီချင်းဆိုတာကောင်းတယ်၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တောင် မဆိုနိုင်ဘူး) စသည်ဖြင့် ပရိသတ်များအား အနှောင့်အယှက် ဆက်လက်ပြုနေခဲ့သည်။  ထို့အပြင် အမျိုးသမီးကြီးတစ်ဦးကပင် အရွယ်နဲ့မလိုက် ထကနေသဖြင့် အေးဆေးစွာ ကြည့်ရှုလိုသူ ပရိသတ်များအတွက် အနှောင့်အယှက် ဖြစ်ခဲ့ရသည်ကို တွေ့ရသည်။
  

    ထိုသို့သော အခက်အခဲ များကြားထဲမှပင်  အဆိုတော်စိုးပိုင်သည် တစ်နေ့တော့ ချစ်လာမှာပါ၊ မောင်ငိုမယ်မိုးသည်းထဲမှာ ၊ဘယ်သူတွေ ဘာပြောပြောကွာ၊ တစ်နေ့တော့ချစ်လာမှာပါ ၊အချစ်ဟောင်းရဲ့လက်ထပ်မင်္ဂလာ၊ အချစ်ညရင်ခုန်သံ၊ ချစ်အနမ်းချော့အသိပ်၊ ပန်လှည့်တော့ ချစ်ဦးငယ်၊ နေခြည်ထိပ်ထား၊ နားရွက်ဆွဲပြီး ထိုင်ထလုပ်ပြပါ ၊ သီတာ  ၊ရွှေငါး၊ ဧဒင်ဥယျဉ်ထဲက အနမ်း၊ အကြင်နာည အစရှိသော တေးသီချင်းအပုဒ် လေးဆယ်ခန့်ကို သီဆိုဖျော်ဖြေပေးခဲ့သည်။ သီတာသီချင်းကိုတော့ အသက်အရွယ်ကြောင့် အရင်လောက် မအော်နိုင်တော့တာကိုလည်း တွေ့ခဲ့ရသည်။



သားအကြီးဆုံးဖြစ်သူ ရောင်ခြည်ငြိမ်းချမ်း ခြောက်လသားအရွယ်တွင် တေးရေး ကိုနေဝင်း ကိုရေးခိုင်းခဲ့သော သားလေးအတွက်ပုံပြောမယ်ကို သားကြီး ဖြစ်သူ နှင့်အတူ သီဆိုခဲ့သည်။


    7th Decade ဟု အမည်ပေးထားသော တေးဂီတ ဖျော်ဖြေပွဲတွင် ဦးစိုးပိုင်ကိုယ်တိုင် လက်ရေးဖြင့် ရေးထားသော ကိုယ်ရေးအကျဉ်းကို မတင်မိုးလွင်က ဖတ်ကြားခဲ့သည်။ အဆိုတော် စိုးပိုင်သည် မောင်ငြိမ်းချမ်း အမည်ဖြင့် ရန်ကုန် မအူကုန်းတွင် မွေးဖွားခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် ပန်လှည့်တော့ ချစ်ဦးငယ် တေးသီချင်းကိုစတင်သီဆိုခဲ့ပြီး စတီရီယို တေးလောကတွင် နာမည်ရလာခဲ့သည်။ စိုးပိုင်၏ တေးသီချင်းများကို ဂီတလောက မှ အဆိုတော်အတော်တော်များများ ပြန်ဆိုခဲ့ကြသည်။

 





    ထိုနေ့ည ဖျော်ဖြေမှုတွင် သူငယ်ချင်းခုနစ်ယောက် တီးဝိုင်းမှ တီးခတ်ဖျော်ဖြေပေးခဲ့ကြသည်။ လိဒ် ပက်ထရစ်၊ ဝင်းဦး၊ဘေ့စ် ကျော်နိုင်၊ ကီးဘုတ် ကျော်မင်းနိုင်၊ ဒရမ် ဇော်ဝင်းရှိန်၊ ပတ်ကားရှင်း စိုင်းသာဌေး၊ တာပလာ ခေါ် ကုလားဗုံ ကို ရာဂျူး တို့မှ တီးခတ်ပေးခဲ့ကြသည်။


    အမျိုးသမီး အဆိုတော် နွဲ့ယဉ်ဝင်း၊မေရွက်ဝါ၊ အိုင်ရင်းဇင်မာမြင့်၊မို့မို့လွင်၊အယ်လ်ဆိုင်းဇီ၊ အေသင်ချိုဆွေ၊ ချမ်းချမ်း၊ဆန်းသစ်လ တို့ နှင့် တွဲဖက်၍ လည်းစုံတွဲ သီချင်းများကို သီဆိုခဲ့သည်။ အမျိုးသမီး အဆိုတော်များမှလည်း စိုးပိုင်၏ သီချင်းများကို တစ်ကိုယ်တော် သီဆိုဖျော်ပေးခဲ့ကြသည်။

 
 


 
 စိုးပိုင် သည် ယခု တစ်ကိုယ်တော် ဖျော်ဖြေပွဲ မှာ ဒုတိယအကြိမ် ဖြစ်ပြီး  ၂၀၁၀ ပြည့် နှစ်က မျှော်စင်ကျွန်းတွင် ပထမအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေခဲ့သည်။ သူ့အား သီချင်းအများဆုံး ရေးပေးခဲ့သူ တေးရေး နှစ်ဦးမှာ လူ့လောက မှ စွန့်ခွာသွားကြပြီဖြစ်သည်။ တေးရေး ကျော့မှူး နှင့် မောင်သစ်မင်း တို့ဖြစ်သည်။သူ၏ နာမည်ကြီး သီတာ သီချင်းကိုရေးခဲ့သူ စောဘွဲ့မှူးမှာလည်း လူ့လောက ကိုစွန့်ခွာသွားခဲ့လေပြီဖြစ်သည်။  
  
    နောက်ဆုံးသီချင်း အချစ်ညရင်ခုန်သံ သီဆိုပြီး၍ ပွဲသိမ်းသောအခါ မင်းအုပ်စိုး မှ ထပ်မံသောင်းကျန်းပြန်သည်။ စိုးပိုင် အား  ဂျစ်တိုက်ကာ နောက်တပုဒ်ထပ်ဆိုခိုင်းနေသည်ကိုလည်း ဇာတ်ရုံအတွင်း အော်ဟစ်ကာ ဆူပူနေတော့သည်။ လျှပ်တပြက် ဂျာနယ်အယ်ဒီတာချုပ် ဦးမြတ်ခိုင် ဝင်ထိန်းမှသာ ငြိမ်သွား၍ ရုံအပြင်သို့ ထွက်သွားခဲ့သည် ကိုလည်းတွေ့ရှိခဲ့ရသည်။

    အသက် (၇၀)ပြည့် ရန် ရက်ပိုင်းလိုသေးသော်လည်း ပွဲစီစဉ်သူကိုဇောရိုးကြောင့် ကျင်းပဖြစ်ခြင်းဖြစ်ပြီး စိုးပိုင် ပရိတ်သတ်များ အားရကျေနပ်ကာ နားမထောင်ရသည်မှာ ကြာပြီဖြစ်သော စိုးပိုင် သီချင်းများကို နားထောင်လိုက်ရသောကြောင့်  အောင်မြင်သော ပွဲတစ်ပွဲ အဖြစ်မြင်တွေ့ခဲ့ရသည်။


 စိုးပိုင်၏ မိတ်ဆွေ အနုပညာ ညီအစ်ကို မောင်နှစ်မများဖြစ်သော မြန်မာပြည်သိန်းတန်၊ ဇော်မျိုးထွဋ်၊ မေသန်းနု၊ စိမ်းမို့မို့ တို့ လာရောက်အားပေးသည်ကိုလည်း တွေ့မြင်ခဲ့သေးသည်။ ရုံဝင်ခမှာတော့ သုံးသောင်း၊နှစ်သောင်း ၊တစ်သောင်း၊ခုနစ်ထောင် တို့ ဖြစ်သည်။