အာဆီယံ မသန်စွမ်းသူများ အနုပညာပွဲ ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပမည်



အာဆီယံ မသန်စွမ်းသူများ အနုပညာပွဲ ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပမည်
(ဟန်သစ်နိုင်၊ မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၄

နိုဝင်ဘာ ၂၆ရက် PARK ROYAL HOTEL တွင် အာဆီယံမသန်စွမ်းသူများ အနုပညာပြပွဲနှင့်ပတ်သက်ပြီး ဒုတိယအကြိမ်ရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးတင်မိုးဇော်၊ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ (Operation Director)ဦးအောင်ကိုမြင့်နှင့် (Project Coordinator) ဒေါ်သိမ့်သိမ့်ဖူး၊ တေးသံရှင်ဇော်ဝင်းထွဋ်နှင့် သရုပ်ဆောင်အဆိုတော် ချစ်သုဝေတို့မှ တတ်ရောက် ပြောကြားခဲ့သည်။

သရုပ်ဆောင် အဆိုတော်ချစ်သုဝေမှ ပြောကြားရာတွင် “မသန်စွမ်းတဲ့သူတွေဟာ ကျမတို့အားလုံးရဲ့ မိသားစုများဖြစ်တဲ့အတွက် အားလုံးဟာတစ်ဦးနှင့် တစ်ဦး ကာကွယ်ရမယ်၊ စောင့်ရှောက်ရမယ်၊ ဖေးမပေးရမယ် မသန်စွမ်းတဲ့ညီအကိုမောင်နှမတွေ သူတို့ခွန်အားတွေရှိဖို့အတွက် ပြည်သူတွေလိုအပ်ပါတယ်၊ ငွေအားပံ့ပိုးကူညီဖို့အတွက် စီးပွားရေးလုပ်ကိုင်သူများနှင့်  အနုပညာရှင်မောင်နှမတွေကိုလဲ ပါဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်” ဟုပြောသည်။

တေးသံရှင် ဇော်ဝင်းထွဋ်မှလည်း ပြောကြားရာတွင် “လူတစ်ယောက်မှာ ကိုယ်အင်္ဂါချို့တဲ့တယ်ဆိုတာ  ချို့ယွင်းချက်တစ်ခုပါ၊  တကယ်တော့ သဘာဝတရားကြီးမှာတော့ ခွဲခြားပြီးဆက်ဆံတာမရှိပါဘူး၊  လူလူချင်းခွဲပြားခြားနာတာတွေကို လက်ခံဖို့လိုပါတယ်။ မသန်စွမ်းညီအကိုမောင်နှများကို အမြဲတမ်းကူညီသွားပါမယ်” ဟုပြောသည်။


           အာဆီယံမသန်စွမ်းသူများ အနုပညာဖွင့်ပွဲကို ဒီဇင်ဘာ ၃ရက်နှင့် ၄ရက် နေပြည်တော် MCC 2 တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ပိတ်ပွဲအခမ်းအနား ဖျော်ဖြေရေးအစီအစဉ်ကိုရန်ကုန်မြို့ မဏ္ဍိုင်ကွင်းတွင်  ၅ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများရဲ့ဓါတ်ပုံပြပွဲများ၊ လက်မှုပစည်းများပြပွဲနှင့် ရောင်းချခြင်းများပြုလုပ်မည်ဖြစ်ပြီး ည၆နာရီမှ ၁၂နာရီကို ဖျော်ဖြေရေးအစီအစဉ်ဖြင့်ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။ 

         အာဆီယံနိုင်ငံများမှ ပါဝင်ဖျော်ဖြေမည့် အနုပညာရှင်များမှာ ဖိလစ်ပိုင်မှ အော်ပရာနှင့် ဝှီးချဲအက၊ မလေးရှားမှ ပါးစပ်၊ခြေထောက်များဖြင့် ပန်းချီဆွဲခြင်း၊ တေးသီချင်း သီဆိုခြင်း၊ လာအိုမှ Art Dance ၊ ကမောဒီးယားမှ ခမာ ဝှီးချဲအက၊ ထိုင်းမှ Music band၊ အင်ဒိုနီးရှားမှ ရိုးရာအက ပါစပ်ဖြင့်ပန်းချီဆွဲခြင်း၊ ဗီယက်နမ်မှ  တေးသီးချင်းနှင့်သီးခတ်ခြင်း၊ စင်ကာပူမှ Street Dance နှင့် တေးသီချင်းသီဆိုခြင်း၊ (မန္တလေး)ကျောင်း နားမကြားသောကလေးများမှ ပုဂံအက၊ မိတီလာမျက်မမြင်ကျောင်းမှ ဆိုင်းဝိုင်း၊ မသန်သက်ငယ်သင်တန်းကျောင်းမှ နှစ်ပါးသွားတေးသရုပ်ဖော်၊ MILI music band မှ Music band တို့ဖြင့် ဖျော်ဖြေသွားမည်ဖြစ်သည်။


နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၄ရက်နေ့အထိ အခမဲ့လက်မှတ်များထုတ်ယူနိုင်ပြီး နေရာများမှာ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ချုပ်၊ ရွှေမင်းသားဖောင်ဒေးရှင်း၊ ကြီးမြင်တိုင်မျက်မမြင်ကျောင်း၊ မြန်မာနိုင်ငံမျက်မမြင်များအသင်း၊ မြန်မာအော်တစ်ဇင်အသင်း၊ Happy Zone များတွင် ထုတ်ယူနိုင်မည်ဖြစ်သည်။