ငြိမ်းချမ်းအေး - အောင်ဆန်းစုကြည် နင်မမီမှာ ငါစိုးတယ်


ငြိမ်းချမ်းအေး - အောင်ဆန်းစုကြည် နင်မမီမှာ ငါစိုးတယ်
နိုဝင်ဘာ ၁၇၊ ၂၀၁၄
(သည်လေဒီးစ် နယူးစ် ဂျာနယ်)
 
 

 ၂၀၁၅ နီးလာချိန် နှစ်ကုန်ပိုင်း လတွေမှာ စစ်လွှတ်တော် နိုင်ငံရေး ယုံကြည် ကိုးစား ဝေဖန် သုံးသပ်နေကြသူများကြား အုတ်အော်သောင်းတင်း ဖြစ်စရာ ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပေါ်လာခဲ့တယ်။  ပထမ သမ္မတ က လစဉ် ဝါဒဖြန့်ချိရာ ရေဒီယို မိန့်ခွန်း မှာ ၂၀၁၅ ရွေးကောက်ပွဲ ကို လူမျိုးစု လက်နက်ကိုင် တော်လှန်ရေး တပ်တွေရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် နဲ့ ယှဉ်တွဲ ဆိုခဲ့တယ်။  နောက် အောက်တိုဘာ အကုန် မှာ နိုင်ငံရေး လုပ်စားလာတာ အံတိုနေပြီ ဖြစ်တဲ့ စစ်ခေါင်းဆောင် အဟောင်း၊ အသစ်များ ဟာ အမေရိကန် သမ္မတ အိုဘားမား နိုဝင်ဘာ ခရီးစဉ် နဲ့အတူ အချိန်ကိုက် တွေ့ဆုံ ဆွေးနွေးပွဲ ဆိုပြီး ဟိုဟိုဒီဒီ တိုင်းရင်းသား နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ခေါ်၊ ဟန်ပြ ထမင်းစားပွဲ လုပ်ပြခဲ့တယ်။

လွှတ်တော်တွင်းမှာလည်း ဖွဲ့စည်းပုံ ပြင်ရေး ဂိတ်ပေါက် ပုဒ်မ (၄၃၆) ကော၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အတားအဆီး ၅၉ (စ) ကော ကို မပြင်ဖို့ မဲတင်းထားတယ်။  အောက်တိုဘာ (၃၁) ပွဲအပြီးမှာ ခေါင်းဆောင်တွေ ဖွဲ့စည်းပုံ ပြင်ရေး လွှတ်တော် အတွင်းမှာပဲ လုပ်ဖို့ သဘောတူညီခဲ့တယ် ဆိုပြီး ပြန်ကြားရေးဝန် ကနေ တဆင့် လော်ဘီ လုပ် လမ်းကြောင်း လေသံ ပစ်တယ်။

ပြီးခဲ့တဲ့ ဆွေးနွေးပွဲက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆွေးနွေးပွဲ အရာ မရောက်ခဲ့သလိုဘဲ နိုင်ငံရေး ရလဒ် မထွက်၊ အနှစ်သာရ လည်း မရှိပါ။  စစ်ခေါင်းဆောင်များ ဟာ ၂၀၁၅ အတွက် ကော၊ ၂၀၁၅ အလွန်အတွက် ကော သေချာ ပိုင်နိုင်တဲ့ ရေတို၊ ရေရှည် နည်းဗျူဟာ တွေ အဆင်သင့် ပြင်ဆင်ပြီးသားပါ။  နိုင်ငံရေး ကစားရာမှာ နှစ်ငါးဆယ်ကျော် အတွေ့အကြုံ ရှိခဲ့သူတွေ ပီပီ လာလတ္တံ့ ဝှက်ဖဲတွေ အများကြီး လက်ကိုင် ရှိနေပါသေးတယ်။

လွှတ်တော် နိုင်ငံရေး လမ်းတလျှောက် ထုတ်သုံးပြီး ဖဲချပ်များလည်း အများအပြား ရှိခဲ့တယ်။  အစိုးရသစ် လက်ထက် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား လူထုရဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဒီရေ မြင့်တက်လာချိန်၊ မြို့ကြီးများ အနှံ့ ဖယောင်းတိုင်လေးများ စုစည်း ညီညာ တိုက်ပွဲ အင်အား ကောင်းလာချိန်မှာ ဘာသာရေး လှုံ့ဆော်မှုတွေ၊ ပဋိပက္ခတွေ ဖန်တီး လမ်းလွှဲခဲ့တယ်။  အဲ့ဒီကစ အစွန်းရောက် အမျိုးသားရေး လမ်းကြောင်း လူပြိန်း အများကို တွေဝေ ယိမ်းယိုင် လမ်းလွဲ ကို ပို့ခဲ့တယ်။

နောက် အမျိုးသားရေး အားစိုက် လိုလားသူများက တဆင့် မျိုးစောင့် ဥပဒေ နဲ့ အနားသပ် ဆေးထိုး ခဲ့တယ်။  နောက်ဆုံး နောက်မြီးဆွဲ ကြားခံ အလံရှူး ပါတီ တခုကတဆင့် အချိုးကျ ရွေးကောက်ပွဲ စနစ် ကို တင်သွင်းခဲ့တယ်။  စစ်ဗိုလ်ဟောင်းများ ကြီးစိုးရာ ရွေးကောက်ပွဲ ကော်မရှင် ကလည်း ဘက်လိုက် မမျှတတဲ့ အမျိုးမျိုးသော ရွေးကောက်ပွဲ ဥပဒေတွေ၊ ပြောဆို သတိပေးမှုတွေ မပြတ် လုပ်ပေးနေတယ်။

ဒီထဲမှာ ငြိမ်းချမ်းရေးပွဲစားများကတဆင့် လုပ်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်တွေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကလည်း တတပ်တအား ဝါဒဖြန့်ချိ မှိုင်းတိုက်ရာမှာ ပါဝင်ခဲ့တယ်။  ရလဒ် က ဘာလဲ။  ရှမ်း၊ ကချင်၊ ကရင်၊ မွန် ပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ်လျက်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အစိုးရ စစ်တပ် ရဲ့ လူပါးဝ ငါ့စကားနွားရ အမိန့်ထုတ်မှုတွေနဲ့ စေ့စပ်ညှိနှိုင်းမရ ဖြစ်လျက်၊ လူနည်းစုဝင်တွေ မျှော်လင့် ယုံကြည်ကိုးစားတဲ့ ပင်လုံ စိတ်ဓာတ် ပင်လုံ ကတိ ကဝတ်တွေ ပျောက်လျက်၊ ဖက်ဒရယ် အိပ်မက် ပျက်ပြယ်လျက်ပါပဲ။

သြဂုတ် (၂၆) ရက်ထုတ် စစ်တပ် အာဘော် မြဝတီ နေ့စဉ် သတင်းစာ စာမျက်နှာ (၁၂) ပါ စစ်တပ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင် ရှမ်း ဝမ်ဟိုင်း အဖွဲ့၊ ဝ အဖွဲတွေ နဲ့ တွေ့စဉ် ဆိုခဲ့တဲ့ စစ်တပ် ရဲ့ ငြိမ်းချမ်းရေး မူဝါဒ (၆) ချက် ကို ကြည့်ပါ။  ၂၀၀၈ အခြေခံဥပဒေ ကို လိုက်နာ ရမယ်၊ စစ်တပ်ဟာ နိုင်ငံရေးမှာ ဖွဲ့စည်းပုံ အလိုအရ ကို ပါနေရတယ်၊ ဒါဟာ ဒီမိုကရေစီ နည်းလမ်းကျတယ်၊ အကျိုးသင့် အကြောင်းသင့် ဖြစ်တယ်၊ မင်းတို့ လက်ခံရမယ်၊ မင်းတို့ လုပ်ရပ်တွေ အားလုံးဟာလည်း တည်ဆဲ ဥပဒေများနဲ့ အညီ ဖြစ်ရမယ်၊ မလိုက်နာရင် အရေးယူမယ်၊ လက်နက် အင်အား လူသူ နယ်မြေ တောင့်တင်း တိုးပွားအောင် မလုပ်နဲ့၊ နာကုန်မယ် စတဲ့ သဘောတွေပါ။

ဒါမျိုး တဖက်စောင်းနင်း ငါတကော ကော ညှိနှိုင်းမှုမျိုးနဲ့ တိုင်းရင်းသား စည်းလုံးရေး၊ ငြိမ်းချမ်းရေး ဘယ်လိုရပါ့မလဲ။  စစ်တပ်ရဲ့ တင်းမာတဲ့ ဒီလိုသဘောကိုလည်း လက်ရှိ စစ်တပိုင်း အစိုးရ နဲ့ လွှတ်တော် က ဘာများ ပြောနိုင်လို့လဲ၊ တသဘောတည်းပဲ မဟုတ်လား။

ဒီလို နောက်ခံမှာ စစ်ဖွဲ့စည်းပုံ အခြေတည်ခဲ့ရာ ညောင်နှစ်ပင် ညီလာခံ ဥက္ကဌ၊ နအဖ စစ်အစိုးရ အဖွဲ့ရဲ့ ဝန်ကြီးချုပ်ဟောင်း လက်ရှိ သမ္မတ ဆိုသူက ပြည်တွင်းစစ် အကြောင်းပြ စစ်အုပ်စု ကျောထောက်နောက်ခံ လက်ရှိ အာဏာရပါတ်ီရဲ့ ရှိရင်းစွဲ အာဏာ နဲ့ အကျိုးစီးပွားကို ဆက်လက် ဆုပ်ကိုင် လိုဟန်၊ ခြိမ်းခြောက်ဟန် မဟားတရား ပြောတာမျိုးတွေ၊ စစ်မှန်တဲ့ သဘောထား မပါတဲ့ တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်မှုမျိုးတွေ၊ လွှတ်တော်ပြင်ပ လူထုလှုပ်ရှားမှုတွေ မဖြစ်ပေါ်အောင် ဒီမိုကရေစီ အင်အားစုကို ဟန်ပြ ချွေးသိပ်နေမှုမျိုးတွေ၊ စစ်ဗိုလ်အမတ်များ လွှတ်တော် မှာ အခွင့်အရေး ပိုတောင်းမှုတွေ စတဲ့ တိုက်ကွက်အစုံစုံဟာ အထူးအဆန်း မဟုတ်ပါ။

ဒါဟာ ပြည်သူ့ ဆန္ဒသာ အဓိက အခရာ ကျတဲ့ ရွေးကောက်ပွဲ အခြေခံ ဒီမိုကရေစီ နိုင်ငံရေး ကို အားကစားသမားကောင်း ဟန် “Sportsmanship” စိတ်ဓာတ် အပြည့် နဲ့ လူကြီးလူကောင်း တယောက် လို တရားမျှတ ယှဉ်ပြိုင် အရှုံး၊ အနိုင် ရလဒ် ရဲရဲဝံ့ဝံ့ လက်ခံလို စိတ် မရှိတဲ့ စစ်ခေါင်းဆောင်များရဲ့ သမိုင်းနဲ့ချီ ခဲ့တဲ့ သရုပ်လည်း ဖြစ်တယ်။  ခေတ်အဆက်ဆက် လုပ်ပြခဲ့တဲ့ ဗြောက်လိမ် ဗြောင်စား လုပ်ဝံ့၊ နားလှည့်ပါးရိုက် ကလိမ်ကကျစ် ပြုလုပ်ဝံ့တဲ့ လောင်းကစားသမား “Gamesmanship” စိတ်ဓာတ် ကို ဆက်လက် ကိုင်ဆွဲနေခြင်းလည်း မည်တယ်။

ဒါ့အပြင် ဒီ အလုပ်အားလုံးကို ခြုံကြည့်ရင် စစ်ခေါင်းဆောင်ပိုင်းတွေမှာ အပျော့ဂိုဏ်း အမာ ဂိုဏ်း မရှိ၊ သမ္မတ အဖွဲ့ လွှတ်တော် အုပ်စု ဆိုတာ မရှိ၊ စစ်အုပ်စု လူကြမ်း အဖွဲ့ “တခုတည်း” ရှိတယ်၊ အုပ်စု အကျိုးစီးပွား အာဏာ တည်မြဲရေး ဟာ သူတို့အားလုံးရဲ့ ဘုံရည်မှန်းချက် ဖြစ်တယ် ဆိုတာကိုလည်း ထပ်မံ သက်သေပြုရာ ရောက်တယ်။  သမ္မတ နဲ့ လွှတ်တော် သဘော၊ မူဝါဒ ကွဲ ဟန် စစ်လွှတ်တော် နိုင်ငံရေး ဇာတ်ပွဲကြီးတလျှောက် ကပြ အသုံးတော် ခံပြခဲ့တယ်။  ဒီမိုကရေစီ ရွှေမင်းသမီး ဘယ်သူ့ ယုံ၊ ဘယ်သူ့ ပုံ မှန်းရမှန်း မသိအောင် လုပ်ပြခဲ့တယ်။  လူပြိန်းများ ဘယ်သူ့ အဖေ ခေါ် ရမှန်း မသိအောင် ဇာတ်ကွက်ချခဲ့တယ်။  တကယ်တော့ စစ်အုပ်စု ဟာ “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲ စည်းလုံးမည်” ပါ။  ကွဲတာက ဒီမိုကရေစီ အင်အားစုတွေပါ။  လက်နိုင်ကိုင် တပ်တွေ၊ နိုင်ငံရေး အင်အားစုတွေ အတုံးအရုံး ကျဆုံး ကုန်တယ်၊ သပ်လျှိုခံထိ ချည့်နဲ့ ခဲ့ရတယ်၊ ရည်မှန်းချက် ပန်းတိုင် ဝေဝါး ထွေပြားခဲ့ရတယ်။

ဒီချုပ် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစု ရဲ့ လှုပ်ရှားမှု ခြေလှမ်းတွေဟာ အခုထိ ဘာမှ မည်မည်ရရ စနစ်တကျ ရှိတယ် မဆိုနိုင်သေးပါဘူး။  နိုင်ငံရေး ကစားကွက်၊ တိုက်ကွက်တွေ ကိုယ့်ဘက်က ဦးဆောင် တိုက်ပွဲဆင်ရမယ် မရှိဘူး။  စစ်အုပ်စု ဘက်ကချည်း အမျိုးမျိုး အောက်လမ်း၊ အထက်လမ်း နည်းပေါင်းစုံ ထိုးစစ်ဆင်ခြင်း ခံနေရတယ်။  ဒါ့အပြင် တောင်ရှင်း၊ မြောက်ရှင်း မဟုတ်ကြောင်းတွေ လိုက်ရှင်း ကြေညာချက်တွေချည်း ထုတ်ရင်း အချိန်တွေကုန်နေရတဲ့ အခြေအနေကလည်း မတက်သေးဘူး။  ၅၉(စ) လည်း အချိန်မီ မပြင်နိုင်သေးဘဲ စစ်လွှတ်တော်နိုင်ငံရေး ဆက်လျှောက်ချင်ရင် စစ်ဗိုလ်ဟောင်း တယောက်ကိုပဲ သမ္မတ အဖြစ် ဒီချုပ် က အသိအမှတ်ပြု လက်ခံရမယ့် အနေအထား မျိုး ကလည်း ငြင်းမရတဲ့ အနေအထား ဖြစ်နေတယ်။

ဒီ့အတွက် ဘယ်လို ပြင်ဆင်နေတယ်၊ ဘယ်ပုံ ကြံရွယ် စီစဉ် မယ်ဆိုတာလည်း လူထု ထောက်ခံမှု အပြည့်ရှိတဲ့ ဒီမိုကရေစီ ပါတီကြီး အနေနဲ့ ပြည်သူကို ချပြ အသိပေး၊ သထောထား တောင်းခံတာမျိုးလည်း မတွေ့ရသေးဘူး။  (၄၃၆) ပြင်ရေး လှုပ်ရှားမှုအဖြစ် အချိန်နှောင်းမှ ပြည်သူ့သဘောထား ကောက်ခံ နိုင်ခဲ့တယ်။  ဒါပေမဲ့ နောက်ဆက်တွဲ အရေးယူ ဆောင်ရွက်မှု “Action Plan” တွေ အခုထိ လက်ဆုပ်လက်ကိုင် မတွေ့ရသေးပါဘူး။  မပြင်ရင် ဘာလုပ်မလဲ ဆိုတာ အတွက် လည်း မပြင်ဆင် ထားရသေးကြောင်း နောက်ဆုံး သတင်းစာ ရှင်းလင်ပွဲမှာ ဝန်ခံထားတယ်။

ပြည်သူတွေရဲ့ မေးခွန်းတွေ၊ မျှော်လင့်ချက်တွေ အတွက်လည်း အဖြေ တွေ သေချ ဂဃနဏ စနစ်တကျ ပြင်ဆင်ထားမှုမျိုး၊ ပြည်သူကို ဦးဆောင် လမ်းညွှန် ချပြမှုမျိုး အားလုံး အားနည်းနေလျက်ပါပဲ။  အနည်းဆုံး ပါတီတွင်းမှာကို လူထု ယုံကြည်ကိုးစားမှု ပေးနိုင်စွမ်းတဲ့ ဒုတိယ ခေါင်းဆောင်မှု နေရာများ မစီမံထားနိုင်သေးပါဘူး။

ဒီချုပ် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစု အနေနဲ့ စစ်အုပ်စု ကို နားချ လို့ရမယ် အထင် နဲ့ ပူးပေါင်းရေးတွေ လုပ်ခဲ့တယ်။  ယုံကြည်မှုတွေ တည်ဆောက်ရေး အတွက် မူဝါဒ တွေ ကို လျှော့ချ ပေးခဲ့ရတယ်။  စစ်ဖွဲ့စည်းပုံ ကို သစ္စာ စောင့်သိ ကာ ရွေးကောက်ပွဲ လမ်းကြောင်း ကိုရွေးခဲ့ နောက်ဆုံး စစ်လွှတ်တော် ကို ရောက်ခဲ့တယ်။  တဖက်ကတော့ ကန်တော့ပါရဲ့ မရိုသေ့စကား သေးတောင် လှည့်မပေါက် ပါဘူး၊ မျက်စောင်း ပြန် မထိုးပါဘူး၊ ပြန်ခြင်း မခတ်ပါဘူး။

ဒါ့အပြင် သွေးတိုးစမ်း ကမ်းတက် ပုံက “ဟင်း ဟင်း ဘာမှတ်နေသလဲ ရွေးကောက်ပွဲ မလုပ်ဘဲ နေလိုက်မှာနော်” ဆိုတဲ့ အချိုးမျိုး အထိ ပြန်လည် ခြိမ်းခြောက် ရောင့်တက် လာသေးတယ်။  လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ လူထု ပါတီ ဒီချုပ် နဲ့ လူထု နိုင်ငံရေး သမားများ အဖြစ် ခံယူထားကြတဲ့ ၈၈ မျိုးဆက် အပါအဝင် ဒီမိုကရေစီအင်အားစုတွေ ဘယ်ပုံ တုံ့ပြန်ကြမလဲ။  လွှတ်တော် နိုင်ငံရေးချည်းပဲ အလုပ် ဖြစ်ပါ့မလား။

ရွေးကောက်ပွဲ မလုပ် မှာတော့ တကယ် က ပူစရာ မရှိပါ။  ရွေးကောက်ပွဲ အတု၊ စစ်လွှတ်တော် ဟန်ပြ ရွှေရည်စိမ် ဒီမိုကရေစီ နည်းအားဖြင့် အမေရိကန် နဲ့ အနောက်အုပ်စု သဘောကျ “တရားဝင်တဲ့ စစ်အာဏာရှင်” စနစ် ထူထောင် စစ်အုပ်စု နဲ့ ခရိုနီ တစု စီးပွားသောင်းကျန်း ထင်တိုင်းကြဲ လုပ်စားခွင့်ရနေတဲ့ လက်ရှိ အနေအထားဟာ အရင်ခေတ်လို စီးပွားအပိတ်ဆို့ခံ တရုတ်နဲ့ အိမ်နီးချင်းများရဲ့ အမဲဖျက်ခံ ဖြစ်နေတာထက် အများကြီး စားသာမှန်း စစ်အုပ်စု ကောင်းကောင်း သိနေပါပြီ။  ဆိုတော့ အသာစီးရအောင် စီမံထားတဲ့ ရွေးကောက်ပွဲ ကတော့ မဖြစ်မနေ လုပ်မှာပါ။

ဒါပေမဲ့ ၂၀၁၅ အလွန် မှာ ပြည်သူ့ ဒီမိုကရေစီ အောင်ပန်း အမှန်တကယ် ဆွတ်လှမ်းနိုင်ဖို့ရာ အတွက်တော့ ဒီချုပ် အပါအဝင် ဒီမိုကရေစီ အင်အားစု အနေနဲ့ ပြည်သူ့ဘက်တော်သား မှန်ရင် လွှတ်တော် အတွင်း၊ ပြင်ပ စနစ်တကျ ပြင်ဆင် ဦးဆောင် တိုက်ပွဲဝင်မှုတွေ ပြုလုပ်ဖို့ မဖြစ်နေ လိုနေပါပြီ။

နိဂုံးချုပ်ရရင် တခါတုန်းက ဆရာကြီး တင်မိုး (၁၉၃၃-၂၀၀၇) ဟာ ဥရောပမှာ ရှေးဟောင်းပစ္စည်းများကြား ရောင်းစားခံထိနေတဲ့ ဗုဒ္ဓ ဆင်းတုတော် ကို တိုင်တည် ကဗျာတပုဒ် စပ်ခဲ့ဖူးတယ်။  ကိုယ်တော် ဒီ ဘဝ ကမှ တော်ဦးမယ်၊ ဗမာပြည်မှာ ဆိုရင် မမှန်တာတွေပြော၊ မမှန်တာတွေဟောနေရ လို့ ကိုယ်တော် ဗုဒ္ဓေါတ ပြီး ပြေးချင်မယ်၊ ဗုဒ္ဓကို ကြိုးတုပ် အချုပ်ထဲသွင်းရင် မခက်ပါလား ဆိုပြီး “ဗုဒ္ဓနှင့် တွေ့ဆုံခြင်း” ကို ဖွဲ့တယ်။

“..ဒီကောင်တွေ ဉာဏ်လည်းမရှိ
အမှန်လည်း မသိ
ကတိလည်း မတည်
အပလီ အမျိုးမျိုးနဲ့
အ၀ိစီအိုးကလည်း ပုပ်စော်နံ
နိုင်ငံကိုလည်း မလေးစား
ကလေးကလား စိတ်ဓာတ်နဲ့
သိပ်ပြီး ညစ်ပတ်ကြပါတယ်..” တဲ့။

ဒါကို မိတ်ဆွေကြီး ဒေါက်တာသန်းထွန်း (၁၉၂၃-၂၀၀၅) က “အောင်ခြင်း (၉) ပါး” အမည်နဲ့ ပြန် စာဖွဲ့ခဲ့ဖူးတယ်။

“.. ‘အ’ ပါပေ့ တင်မိုး ရယ်
ကျောက်ဆင်းတု ကိုယ်တော်ကို
ဒီက အကျိုးအကြောင်း
ကုန်စင်အောင် လျှောက်ထားပြီးမှ
မပြန်လေနဲ့လို့
မင်း တားလို့ ရမတဲ့လား။

ရှင်တော်ဘုရားက
အယုတ်ဆုံး အရိုင်းဆုံးဆိုရင်
ချက်ခြင်းတွေ့၊ ရအောင်ချွတ်
“အောင်ခြင်း (၉) ပါး” လာမယ်လေ
မင်း မမီမှာ ငါ စိုးတယ်.. ။”

အခုလည်း စစ်တပိုင်း အစိုးရဟာ ကတိလည်းမတည်၊ ကလေးကလား စိတ်ဓာတ်၊ အပလီ အမျိုးမျိုးနဲ့ သိပ်ညစ်ပတ်တဲ့ စကားတွေပြော၊ အလုပ်တွေ လုပ်ပြနေပါပြီ။  ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့ဒီမိုကရေစီ ဘက်တော်သားများ က ဘယ်နည်း ပြန်လည် တုံ့ပြန်၊ အယုတ်ဆုံး အရိုင်းဆုံး တွေကို ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး နဲ့ လူမှု တရားမျှတမှု တရား ရေအေး တိုက်ကျွေး ကျွတ်အောင် ချွတ်နိုင်မလဲ။  ဘယ်အချိန်မှလဲ။  ဒေါက်တာသန်းထွန်းသာ ရှိသေးရင် “အောင်ဆန်းစုကြည် နင် မမီမှာ ငါ စိုးတယ်” လို့များ နောက်ထပ် ကဗျာ တပုဒ် ဖွဲ့လေမလား။  ဆရာ နှစ်ပါးလုံးတော့ “အောင်ခြင်း (၉) ပါး” မမီခဲ့ကြောင်းပါ။  ဒေါ်အောင်ဆန်းစုကြည် ကိုတော့ မီ စေချင်ကြောင်းပါ ခင်ဗျာ။

ငြိမ်းချမ်းအေး
၁၂ နိုဝင်ဘာ၊ ၂၀၁၄

Follow @ Facebook: https://www.facebook.com/nyeinchanaye81

(အောက်တိုဘာ ၁၄ ရက် သောကြာနေ့ ထုတ် သည်လေဒီးစ် နယူးစ် ဂျာနယ်၊ အတွဲ (၂) အမှတ်စဉ် (၃၉)  တွင် မူလ ပုံနှိပ်ခဲ့သည်။  မိုးမခ တွင် ထပ်မံ ဖော်ပြသည်။  ဆောင်းပါး ပါ အာဘော်ကို ဝေဖန် ပြစ်တင် ထောက်ပြရန် nyeinchanaye81@gmail.com သို့ စာရေး နိုင်သည်။)