အေးငြိမ်း - Aerostat နှင့် သန်းခြောက်ထောင်


အေးငြိမ်း - Aerostat နှင့် သန်းခြောက်ထောင်
နိုဝင်ဘာ ၂၄၊ ၂၀၁၄
 
 

ထိုအရာသည် ဟီလီယမ်ဓာတ်ငွေ့ဖြည့်ထားသော ရေစက်ပုံသဏ္ဍာန်ရှိ မိုးပျံဘူဘောင်းဖြစ်၏။ အလျား ၅၅ မီတာ ရှည်သည်။ အမြင့် ၆၁၀ မီတာရှိ စင်ကာပူလေထုထဲ၌ ၀ဲပျံနေမည်။ ထိုအမြင့်သည် စင်ကာပူ၏ အမြင့်ဆုံးအဆောက်အဦဖြစ်သော UOB Plaza1 ထက် နှစ်ဆ အမြင့်ဖြစ်၏။ ကီလိုမီတာ ၂၀၀ အကွာမှ အကြမ်းဖက်သမားတို့၏ လှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်းနိုင်မည်။ ထိုအကွာအဝေးမှာ စင် ကာပူနိုင်ငံတွင် လက်ရှိတပ်ဆင်ထားသော မြေပြင်ထောက်လှမ်းရေး ရေဒါများ ထောက်လှမ်းနိုင် သည့် အကွာအဝေး၏ နှစ်ဆဖြစ်သည်။
ထိုမိုးပျံဘူဘောင်းကို Aerostat ဟုခေါ်ပြီး နောက်နှစ်အစောပိုင်းတွင် လွှတ်တင်မည်။ ၎င်း၌တပ်ဆင်ထားသည့် ရေဒါများမှာ မြေပြင်ရေဒါများ ထက် သုံးဆပိုပြီး အားကောင်းသည်။ ဘောလုံးဟု ဆိုသော်လည်း တော်ရုံတန်ရုံထိရုံမျှနှင့် မပေါက်နိုင်။ ၎င်းကို မြေပြင်မှ ကြိုးဖြင့်ချည်ထားပြီး မိုးကြိုးဒဏ်၊ ဟာရီကိန်း အငယ်စားများဒဏ်ကိုပင် ခံနိုင်သည်ဆို၏။

ဤနည်းပညာသည် အသစ်အဆန်းမဟုတ်။ အမေရိကန်ရှိ နည်းပညာကုမ္ပဏီ TCOM က ၁၉၈၀ မှစတင်ကာ ကမ္ဘာတ၀ှမ်း၌ တပ်ဆင်ပေး နေတာ ဖြစ်ပါသည်။

၂၀၀၈ ခုနှစ်က အိန္ဒိယပြည် မွန်ဘိုင်းတိုက်ခိုက်မှုနှင့် မင်ဟတ်တန်ရှိ မိုးပျံတိုက်ညီနောင်ကို တိုက်ခိုက်ခဲ့သည့် 9/11 တို့ကို လူတိုင်းမှတ်မိကြ လိမ့်ဦးမည် ထင်ပါသည်။ ထိုငရဲသားများ ဤကမ္ဘာပေါ်တွင် ရှိနေသရွေ့ကာလပတ်လုံး ဘယ်နေ့ ဘယ်နေရာမှာ ဗုံးကွဲလိမ့်မလဲဟု ကမ္ဘာ သားတို့မှာ အမြဲရင်ထိတ်နေရသည်။ ပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်အတွက် ၎င်းတို့ကို တတ်နိုင်သမျှကာကွယ်ရေးမှာ အစိုးရမင်း များ၏ တာဝန်ဖြစ်ပေသည်။

(၂) သန်း ၆၀၀၀
ဗိုလ်ရှုခံစင်မြင့်ဆောက်ဘို့ သန်း ၆၀၀၀ တောင်းသည်ဆိုတော့ ကျွန်တော့်မှာ သည်တချီ အံ့သြလွန်းလို့ မသေနိုင်တော့ဘဲ ကျွတ် . . ကျွတ် . . ကျွတ် . . ကျွတ် . . ဟု စုပ်သပ်ကာ ခေါင်းကိုသာ တွင်တွင်ရမ်းမိပါသည်။

ဤမျှတန်ကြေးကြီးသော ဗိုလ်ရှုခံစင်မြင့်ဆောက်ရန် အကြံပေါ်သူမှာ မည်သူနည်းဆိုတာ သိလိုလှပါဘိ။ အဘယ်ကြောင့်ဆိုသော် အနှီ မောင်မင်းကြီးသားကို အမေရိကန်ပို့ကာ ဦးခေါင်းခွံကို လေးစိတ်ခွဲလျှက် အတွင်း၌ မည်သည့်အရာများရှိသည်ကို စစ်ဆေးကြည့်ရှုလို သော ကြောင့် ဖြစ်၏။

မြန်မာပြည်ကြီး၌ အရာရာမပြည့်စုံ၊ ပြည်သူတို့ ဆင်းရဲနွမ်းပါးနေသည်ကို (ဒါက မင်းအထင်ကိုးကွ။ မင်း - ရန်ကုန်ရောက်ရင် မာဆတ်တို့၊ ကောင်းကောင်းဟော့ပေါ့တို့၊ စားပွဲတ၀ိုင်းကို တသိန်းခွဲလောက်ရှင်းရတဲ့ ဟော်တယ်တွေ သွားကြည့်စမ်းပါကွာ၊ ထိုင်စရာတောင် နေရာမရ ဘူး။)(အဲဒီနေရာတွေဟာ ကျွန်တော်နဲ့ အလွန်အင်မတန်အလှမ်းဝေးတဲ့အတွက် မသိပါခင်ဗျာ။) သိလျက် - သည်ဘုံမဟုတ်၊ ပတ်မ ဟုတ်ကြီးကို သည်မျှပိုက်ဆံအကုန်ခံကာ ဘယ့်အတွက် ဆောက်ချင်ရပါသနည်း။

ထို သန်းပေါင်း ၆၀၀၀ တန် ဗိုလ်ရှုခံစင်မြင့်ကြီးသည် ပြည်သူတို့၏ အကျိုးစီးပွားနှင့် မည်ကဲ့သို့ ပတ်သက်နေပါသနည်း။ ပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ပေးရေးတွင် မည်မျှ အရာရောက်ပါသနည်း။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မည်ကဲ့သို့ အထောက်အကူပြုပါသနည်း။ မြန်မာပြည်သား ကလေးသူငယ်များ၏ ပညာရေးနှင့် မည်ကဲ့သို့ ဆက်စပ်ပါသနည်း။ အချုပ်ဆိုရလျှင် မြန်မာပြည်အတွက် ဘာကောင်းပါသနည်း။

ဟို နေပြည်တော်ဆိုတာကြီးကို တည်ရာတွင် ပိုက်ဆံ ဘီလျံမည်မျှ ကုန်သွားပါသနည်း။ သည်နေပြည်တော်ကြီး ဖြစ်ထွန်းလာခြင်းအားဖြင့် မြန်မာပြည်သားတို့၏ GDP အဘယ်မျှ တိုးတက်သွားပါသနည်း။ အစိုးရ အုပ်ချုပ်ရေးပိုင်းတွင် မည်မျှပိုမို ထိရောက် မြန်ဆန်သွားပါသနည်း။
သာမန်ပြည်သူပြည်သားတို့နှင့် လားလားမှ မပတ်သက်သော၊ ဘာမှ အသုံးမတည့်ပါဘဲလျက် လျှပ်စစ်များကို အလဟဿဖြုန်းတီးနေသော၊ ၈ လမ်းသွား၊ ၁၀ လမ်းသွားကြီးများအပေါ်တွင် ကားတစီးမှမရှိသော၊ ၀န်ထမ်းများကိုယ်တိုင်မဖြစ်၍သာ နေနေရေသော်လည်း အနည်း ငယ်မှ မနေချင်သော၊ စီးပွားရေး လုပ်ငန်းများအတွက် လုပ်ငန်းဆောင်တာများ လုပ်ရာတွင် အလွန်ခက်ခဲလှသော (ကျွန်တော့်မိတ်ဆွေ ရန်ကုန်မှ စီးပွားရေး လုပ်ငန်းရှင်တဦးမှာ စာရွက်ကလေးတရွက် အတွက် နေပြည်တော် တက် တက်နေရတာကို ငြီးလိုက်သည်မှာ ချူသံပါ နေပါသည်။) -

အနှီ နေပြည်တော် ဆိုတာကြီးသည် မည်သူ့အား ကောင်းကျိုးပြုပါသနည်း။

မည်မျှယုတ်မာလိုက်သနည်းဟူမူ ရန်ကုန်မှ ပျဉ်းမနားသို့ထွက်သော ရထားမှာ နေပြည်တော်ထိသွား၏။ နေပြည်တော်ဟူသည် လူတို့နေ သောအရပ် မဟုတ်ချေရကား (ဟုတ်ပေါင် - သာမန်အရပ်သူအရပ်သားတို့နေသော အရပ်မဟုတ်ရကား) ထိုရထားနှင့်လိုက်ပါလာကြသော ခရီးသည်အပေါင်းမှာ ပျဉ်းမနားဘူတာတွင် အားလုံးဆင်းကုန်ကြလေ၏။ ထိုအခါ ပျဉ်းမနားနှင့် နေပြည်တော်အကြား ရထားပေါ်၌ ခရီးသည် တဦးမှ မကျန်တော့။

ဤသည်ကို ဟိုလူကြီးများသိတော့ ပျဉ်းမနားဘူတာကို ပိတ်လိုက်သည်။ ပိတ်သည်ဆိုခြင်းမှာ ရိုးရိုးပိတ်တာ မဟုတ်ပါ။ ဘူတာတ၀ိုက် လူများ ကျော်မတက်နိုင်စေရန် သံဆူးကြိုးများချသည်။ နံရံကြီးများဖြင့်ကာသည်။ ထိုအနားတွင် ရထားအရှိန်လျှော့လို့မရ။ သည်တော့ ပျဉ်းမနားတွင် ဆင်းလိုသူများမှာ မလိုအပ်ပါဘဲလျက် နေပြည်တော်ဘူတာထိ လိုက်ရသည်။ နေပြည်တော်ဘူတာရောက်မှ ကားဖြင့် ပျဉ်းမနားသို့ ပြန်လာကြရသည်။

(နေပါဦးကွယ်၊ ပျဉ်းမနားဘူတာမှာ လူတွေဆင်းကုန်ပြီး နေပြည်တော်ဘက် ဘယ်သူမှ ပါမလာတာနဲ့ နင့်ဂျီးဒေါ် ဟ၀ှာဖြစ်သွားရော့လား။ နေပြည်တော်ကို ဘယ်သူမှ လိုက်မလာတာ ဘာကိစ္စ အလကားနေရင်း အူတိုနေရတာလဲ။ နင့် ဂဲဖရင့် ပျဉ်းမနားမှာဆင်းသွားတယ်ဆိုရင်လဲ ကားနဲ့ လိုက်ကြိုခိုင်းပေါ့လကွာ။) ဤသူများကိုမှ လူယုတ်မာဟု မခေါ်လျှင် မည်သူ့သွားခေါ်ရပါမည်နည်း။

လုပ်ငန်းရှင်များမှာ ထိုနေပြည်တော်မှ သိန်း ၁၀၀၀ တန် အဆောက်အဦများကို မ၀ယ်မနေရ ၀ယ်ရသည်။ ထိုအဆောက်အဦ များမှာ သဲနှင့် ထုံး စပ်ဆောက်ထားခြင်းဖြစ်၍ မဆောက်မီက ပြိုနှင့်ပြီ။ ၀န်ထမ်းများမှာ နေပြည်တော်တခေါက်ဆင်းလိုက်ရပြီဆိုလျှင် တလစာအသုံး စရိတ်ကို ထက်ဝက် ဒါမှမဟုတ် အကုန်လျှော့ချလိုက်ရ၏။ (ကျွန်တော့်ထက် ကိုယ်တိုင်ခံစားရသော ကျွန်တော့်သူငယ်ချင်းများ ပိုသိပါ မည်။)

ယခုလည်း လုပ်ပြန်ပြီ။ ဗိုလ်ရှုခံတဲ့။ (နေပါဦးကွယ်၊ အလျင်တုံးက တက် မတ်တပ်ရပ်ကြတဲ့စင်ကြီးက ဘယ်ရောက် သွားလို့လဲ၊ အဲဒီစင်လည်း တန်ကြေးမသေးလောက်ဘူးနော။)

ကျွန်ုပ်တို့ မြန်မာပြည်တွင် ဤကဲ့သို့ အရာမနံသည့်ကိစ္စများနှင့် ပိုက်ဆံများကို အလဟဿဖြုန်းတီးနေသည်မှာ သည်တနေရာထဲ မဟုတ်ပါ။ နေရာတိုင်းလိုလိုဖြစ်၏။

ပရောဂျက်ဆိုသည့်အရာမှာ လူများအလွန် သွားရေကျသော ပတ္တမြားတွင်းကြီး ဖြစ်၏။ ပရောဂျက်တခုရလိုက်လျင် ထိုပရောဂျက်နှင့် ပတ်သက်ဆက်နွယ်နေသည့် အရာရှိကြီးများမှာ (ပရောဂျက်တန်ဘိုးကိုလိုက်လျက်) ဆွေးခုနစ်ဆက်၊ မျိုးခုနစ်ဆက် ချမ်းသာတတ်ကြ သည်ဖြစ်ရာ ယခုလည်း ဗိုလ်ရှုခံစင်မြင့် ဆောက်ချင်တာတော်တော်။ ခွင်ဖန်ချင်တာများများဟု ယူဆမိပါသည်။ ဟုတ်မဟုတ်တော့ ကာယ ကံရှင်များမှသာ သိပါလိမ့်မည်။

ချုပ်ရလျှင် -
ဤအရာတို့မှာ လူတဦးတယောက် (သို့မဟုတ် လူတစု) ၏ ရူးသွပ်မှု၊ မိုက်မဲမှု၊ ပညာမဲ့မှု၊ အသိဉာဏ်ပညာနည်းပါးမှု၊ အတွေးအခေါ် အမြော် အမြင် ခေါင်းပါးမှု၊ အာဏာကို ကမ္ဘာတည်သရွေ့ လက်ဝါးကြီးအုပ်ထားလိုမှုများကြောင့်ပင် မဟုတ်ပါလော။

သည်ကဲ့သို့ မဟုတ်ကဟုတ်က သောက်တလွဲများလုပ်ပြီး ပိုက်ဆံကို သူ့ယောက္ခမအိတ်ထဲက ရသည့်အတိုင်း ဖြုန်းနေသူများအား မြန်မာပြည်ကြီးက အဘယ်ကြောင့် ထိပ်ပေါ်တင် ရွက်ထားရပါသနည်း။ ၀န်လေးလှပါဘိ။

(၃)
သူများတိုင်းပြည်က ခေါင်းဆောင်တွေ ကိုယ့်ပြည်သူပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြံရေးအတွက် အမျိုးမျိုး ကြံစည် စိတ်ကူးနေစဉ် -
ကျွန်ုပ်တို့တိုင်းပြည်မှ လူကြီးများက ပေါက်တတ်ကရ စီမံကိန်းများတင်ပြကာ ဉာတကာနဉ္စ သင်္ဂဟော လုပ်ရန် ကြံစည်နေခြင်းကို ကျွန်ုပ်မှာ အလွန်တရာမှပင် စိတ်ပျက်မိပါတော့သတည်း။

(ပြည်သူပြည်သားအားလုံးရဲ့ကိုယ်စား ကျေးဇူးအထူးတင်ကြောင်း ပြောလိုပါတယ် ဒေါ်စန္ဒာမင်းခင်ဗျာ။ ခင်ဗျားတို့သာလျင် ကျွန်တော်တို့ပြည် သူများရဲ့ ကိုယ်စားလှယ် အစစ်အမှန် ဖြစ်ပါတယ်။)

အေးငြိမ်း
၁ နိုဝင်ဘာ၊ ၂၀၁၄။ နေ့လည် ၃း၁၇ နာရီ