ငြိမ်းချမ်းအေး - တရား မျှတမှု အကြောင်း ပြောချင်ရင်


ငြိမ်းချမ်းအေး - တရား မျှတမှု အကြောင်း ပြောချင်ရင်
(သီလေးဒီးစ်နယူးစ် ဂျာနယ်) အောက်တိုဘာ ၂၀၊ ၂၀၁၄

“အပြစ်ရှိသူကို အပြစ်မပေးမိတာထက် အပြစ်မရှိသူကို အပြစ် မပေးမိရန် လိုသည် ဟူသော ဥပဒေ စကား အတိုင်း သေချာစွာ စိစစ် လုပ်ဆောင် ပေးစေ လိုကြောင်း” ပါ တဲ့။  ထိုင်းနိုင်ငံ ကော့တောင် (လိပ်ကျွန်း) လူသတ်မှု ကိစ္စ။  ဘုရား ဘုရား၊ ကိုယ့် မျက်စိတောင် ကိုယ် ပြန် ပွတ်မိတယ်၊ ဖတ်ရတာ မယုံနိုင်စရာ။  ပြောတဲ့သူ က စစ်တပ် အကြီးအကဲ။  ဖော်ပြထားတာက အစိုးရ ပါးစပ် သတင်းစာ။

အခု စွပ်စွဲခံနေရတဲ့ လူငယ်နှစ်ဦး အတွက် အစိုးရ အနေနဲ့ လိုအပ်တဲ့ တာဝန်ယူမှု၊ ဥပဒေ အရ အကာအကွယ်ပေးမှု၊ စောင့်ရှောက်မှု ပြုရမှာ အမှန်ပါ။  အရင်ခေတ်တွေလို အစိုးရ က နိုင်ငံရပ်ခြား ဗမာပြည်သားများ ကို မျက်နှာလွှဲခဲပစ် ပေယျာလကန် မပြုတော့တာကိုလည်း အသိအမှတ်ပြု ကြိုဆိုတယ်၊ ထောက်ခံပါတယ်။  အမှုမပြီးမချင်း အမှုမှန်ပေါ်သည် အထိ လိုအပ်တဲ့ တာဝန်ယူမှုတွေ ပြုလုပ်ဖို့ရာလည်း တိုက်တွန်းပါတယ်။  ဒါပေမယ့် ဒီအလုပ်တွေဟာ အစိုးရ တရပ် ရဲ့ တာဝန်ပါ။  ဝါဒဖြန့်ချိဖို့ မဟုတ်ပါ။  အခု ခါတော်မီ လူတွင်ကျယ် လုပ်ချင်ဇောနဲ့ တရားဥပဒေ စကား ဗိုလ်ချုပ်ကြီး ပါးစပ်က ပြောထွက်လာတော့ အံ့သြမိပါရဲ့။

ဖြောင့်မတ် မှန်ကန် တရားမျှတ လှချည်းရဲ့ ဆိုတဲ့ အင်္ဂလိပ် သခင်ကြီးများ ကျင့်သုံးရာ တရားစီရင်ရေး ထုံးတမ်း ကို အခု ကိုးကားတယ်ပေါ့။  (၁၈) ရာစု က အင်္ဂလိပ် ပေါင်ချိန် ဘလက်စတုန်း ဖော်မြူလာ “It is better that ten guilty persons escape than that one innocent suffer." ကို အခုလို ကာချုပ် က ယူ ဆိုတယ်ပေါ့။  ကိုယ့် နိုင်ငံသားတွေ အတွက် တရားမျှတမှု ရရှိ ခံစားစေလိုတယ်ပေါ့။

ဘလက်စတုန်း ဥပဒေ အချိုး နိယာမ သံသယ အကျိုးခံစားခွင့် က ဓမ္မဟောင်း သမ္မာကျမ်းစာ ကမ္ဘာဦးကျမ်း (Genesis) ပါ တမန်တော် အေဗြဟံ (Abraham) က ဘုရားသခင် ကို မေးမြန်း လျှောက်ထားတဲ့ အမေး-အဖြေ တွေကနေ လာ သတဲ့။  ဗမာပြည်က စစ်ဗိုလ်ကြီးများကလည်း ခါးမှာ ဗြောက်ထိုးလျက် ဘုရားစကား၊ တရား စကားတွေ အတွင်တွင် ပြောတတ်ပါပေတယ်။  ဒီ စကား ဖတ်ခဲ့ရတဲ့ အောက်တိုဘာ (၁၀) ရက်နေ့ထုတ် ကြေးမုံ သတင်းစာ မျက်နှာဖုံး ထိပ်တည့်တည့်မှာတောင် ဗုဒ္ဓ ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ “ဓမ္မပဒ” တရားစကားတခု တင်ထားပါသေးတယ်။  ဘာတဲ့ “သူတော်ကောင်း တရားကို ကောင်းစွာ ကျင့်ရာ၏” ဆိုလား။

ဘုရားဖြစ်မယ့် အုတ်နီခဲ၊ သူတော်ကောင်း စစ်ဗိုလ်ချုပ်ကြီးများ ဘုရားဖျက်၊ သိမ်ဖျက်၊ သံဃာ မီးပူဇော်၊ ကျောင်းလုကာ သူတော်ကောင်း တရားများ နှစ်ပေါင်း (၅၀) ကျော် ကျင့်ရင်း အုပ်ချုပ်ခဲ့တာ တိုင်းပြည်လည်း နောက်ဆုံး ခွက်ဆွဲရတော့တာပဲ။  တိုင်းသူပြည်သားများလည်း နိုင်ငံတကာ လှည့် ကျွန်ခံရတော့တာပဲ။  အဲ့သလို အကျိုးဆက် တခု အနေနဲ့ အခု လူသတ်မှုမှာ သံသယ တရားခံ အဖြစ် စွပ်စွဲခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း လူငယ်နှစ်ယောက် ရေခြားမြေခြား သူတပါး တိုင်းပြည် မှာ မျက်နှာငယ်ငယ် အောက်ကျို့ စွာနဲ့ တရားမဝင် အလုပ်သမား အဖြစ် လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာ အားလုံးချနင်း ဝမ်းစာရှာနေရတာ မဟုတ်လား။

သူတို့တင် မဟုတ်၊ ဒါမျိုး အလုပ်သမား အခွင့်အရေး၊ လူသား အခြေခံ ရပိုင်ခွင့် ဆုံးရှုံးခံရင်း ဝမ်းကျောင်းနေရတဲ့ တရားဝင်၊ တရားမဝင် ဗမာပြည်က ကာယ၊ ဉာဏ လုပ်သားတွေ ထိုင်းမှာ သန်းချီ ရှိတယ်၊ မလေးရှား၊ စင်္ကာပူ၊ အာရပ် အရှေ့အလယ်ပိုင်း နိုင်ငံတွေ နဲ့ နိုင်ငံတကာမှာ သိန်းသန်းချီ ရောက်နေကြတယ်။  ဘာကြောင့်လဲ၊ ဗမာပြည် က အလုပ်သမား အခွင့်အရေး၊ ရပိုင်ခွင့်၊ လူသား အခြေခံ အခွင့်အရေး နဲ့ တရားမျှတမှု က ပို ဆိုးခဲ့တဲ့ အနေအထားကြောင့်ပဲပေါ့။

အခု လူစိတ်ဝင်စားတဲ့ အမှု ကျမှ အများထောက်ခံမှု ရစေဖို့ အဝေးရောက် နေတဲ့ တိုင်းသူပြည်သား တွေ ကို စောင့်ရှောက် ချင်သယောင်၊ တရားမျှတမှု ကို လိုလား ဟန် လာ မလုပ်ပါနဲ့  စစ်ဗိုလ်ချုပ်ကြီးရယ်။  လူ့ အန္ဓ ဗာလာနံ တချို့ နဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများရဲ့ လက်ခုပ်သံပဲ ရမယ်။

ပြည်တွင်း ပြည်ပ က ကိုယ့် နိုင်ငံသားတွေကို စောင့်ရှောက်ချင်သလား။  စစ်တပ် က စစ်တပ် အလုပ် နိုင်ငံ ကာကွယ်ရေး ကို ပဲ လုပ်ပါ။  စစ်တန်းလျား ကို ပြန်ပါ။  ၂၀၀၈ စစ်ဖွဲ့စည်းပုံကို ဖျက်ပေးပါ။  နိုင်ငံရေး၊ အုပ်ချုပ်ရေး မှာ အာဏာ ဝင် မယူချင်ပါနဲ့တော့။  စစ်တပိုင်း လွှတ်တော် ကနေ မိုးကျရွှေကိုယ် အော်တိုငုတ်တုတ် အခန့်သား တက်ထိုင်နေတဲ့ တမတ်သား စစ်ဗိုလ် အမတ်တွေ ထွက်ပါ။  စစ်ယူနီဖောင်းလဲ တောင်ရှည်ဝတ် ဗိုလ်ချုပ်ဟောင်းများလည်း နိုင်ငံရေး မှာ စစ်တပ်နောက်ခံနဲ့ အာဏာ မယူချင်ပါနဲ့တော့။

တပ်မတော် အစိုးရ “တော် တော် တော်” လွန်းလို့ တိုင်းပြည် ကမ္ဘာ့ အဆင်းရဲဆုံး ဖြစ်ခဲ့ရတဲ့ သမိုင်း ကို သင်ခန်းစာ ယူပါ။  ကျေးဇူးရှင် စစ်အစိုရ နိုင်ငံကို အစောင့်အရှောက် ကောင်းခဲ့လို့ မြေပေါ် မြေအောက် သယံဇာတ သဘာဝ အရင်းအမြစ် တွေ အိမ်နောက်ဖေး ပေါက်က အလျှိုလျှို ထွက်ကုန်ရုံတင်မက လူသား အရင်းအမြစ် ပါ အိမ်နီးချင်းတိုင်းပြည်များမှာ ဈေးကွက်တင် ရောင်းစားခံ ထိနေတာတွေ မမှတ်သေးဘူးလား ခင်ဗျာ။

စနစ်ဆိုးဒဏ် ကျောကော့အောင် လှိမ့်ခံနေရတဲ့ ပြည်သူတွေကတော့ မှတ်တတ်တယ် ခင်ဗျာ။  ဗိုလ်ချုပ်ကြီးများ ရဲ့ စောင်မကြည့်ရှုတာတွေကို ကြောက်လှပြီ ခင်ဗျာ။  ဗိုလ်ကြီးတို့ အစောင့်ရှောက် ကောင်းခဲ့လို့ ရွာလည်း ပြာကျနေပါပြီ။  လူများလည်း နိုင်ငံတကာ မှာ လူမလေး ခွေးမခန့် ဖြစ်နေပါပြီ။  မုဒိမ်း လူသတ်ကောင်များ တိုင်းပြည် ကြီးစိုးခဲ့တော့ အခု ကိုယ့် နိုင်ငံသားတွေကို မုဒိမ်း၊ လူသတ်သမား များ အဖြစ် ရိုးစွပ်ခံနေရပါပြီ။  ဗိုလ်ချုပ်ကြီးများ မဟားတရား ဇွတ် မစောင့်ရှောက်ဖို့ တောင်းပန်ပါရစေ။

ကိုယ့်နိုင်ငံသားတွေ တရားမျှတမှု အရိပ် ခိုလှုံ ရရှိစေဖို့ သိပ်ကို လိုလားနေလား။  သူများကို သွား ပြောတာနေတာစာရင် ကိုယ့်ဆီမှာပဲ တရား ဥပဒေ စိုးမိုးအောင်၊ တရား ဥပဒေ အောက် မှာ တိုင်းသူပြည်သား ဆူကြုံနိမ့်မြင့် လူမျိုး၊ ဘာသာ မကွဲ လူတန်စား အားလုံး တပြေးညီ ဖြစ်အောင် အရင် လုပ်ပါ။  ဥပဒေ အထက် အမြဲ ရောက်နေတဲ့ အအေးခန်းထဲက သူခိုး၊ ဓားပြ အကြီးစားကြီးများ ပပျောက်အောင်လုပ်ပါ။  “အဘ သည် လော” ဖြစ်နေတာတွေကို တိုက်ဖျက်ပါ။

ဒါမှသာ နိုင်ငံသူ၊ နိုင်ငံသား အားလုံး တရားဥပဒေ ရဲ့ ကာကွယ်မှု ခံရ၊ လုံခြုံမှုရကာ တိုင်းပြည်မှာ လူမှု၊ စီးပွား တရားမျှတမှု တွေ ရရှိလာမှာပါ။  လောကပါလ တရားလည်း ထွန်းကားလာ မှာပါ။  တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက် ချမ်းသာလာမှာပါ။  အဲ့ဒီအခါ အလိုအလျောက် နိုင်ငံတကာ ရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သား ဗမာများလည်း ရေမြင့်ကြာတင့်လာကာ အခုလို သူတပါး တံတွေး အစွတ်ခံ၊ ခေါင်း အပုတ် ခံနေရတဲ့ ဘဝက လွတ်မှာပါ။  အမျိုး ဂုဏ်၊ ဇာတိ ဂုဏ် နိုင်ငံတကာ အလယ်မှာ ကျွန်ထွက်ခံရင်း ကျပျောက်ကာ မျက်နှာငယ်နေရတဲ့ ဘဝ က လွတ် အဝေးရောက် လုပ်သားများ အိမ်ပြန်လာနိုင်မှာပါ။

လူသတ်မှု မှာ တရားခံမှန်တွေ သိပ် ဖော်ထုတ်ချင်နေသလား။  ကိုယ့် နိုင်ငံ တရားစီရင်ရေး စနစ်အောက်မှာ တည်ရှိနေတဲ့ ၂၀၀၈ ရန်ကုန် ကမာရွတ် စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု တရားခံ အစစ်ကို အရင် ဖော်ပါဦး။  သေသူများ အရိုးတောင် ဆွေးရော့မယ်။  ဒါကျ အပြစ်ရှိသူကို အပြစ်မပေးရအောင် တမင်များ ထိမ်ချန်ထားလေရော့သလား။

၂၀၁၀ သင်္ကြန် X2O မဏ္ဍပ် ဗုံးကွဲမှုနဲ့ မတရား စွပ်စွဲ ထောင်သွင်း အကျဉ်းချ ခံခဲ့ရသူ ကိုဖြိုးဝေအောင် တယောက် ဆိုရင် ထောင်တွင်းရ ရောဂါ နဲ့ ဆုံးတောင် သွားရှာပြီ။  သူ့အတွက် တရားမျှတမှု ကကော ဘယ်မှာပါလဲ။  ၂၀၀၃ မေ (၃၀) ဒီပဲယင်း လုပ်ကြံသတ်ဖြတ် ပစ္စည်းယူ၊ လုယက် ရမ်းကားမှုကြီး ကို ကြိုးကိုင်ခဲ့သူ၊ ခိုင်းစေခဲ့သူ၊ ကျူးလွန်ခဲ့သူ တရားခံတွေကကော ဘယ်မှာပါလဲ။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကြီး အတွင်း အကြမ်းဖက်ခံခဲ့ရတဲ့ သံဃာ၊ ကျောင်းသား ပြည်သူလူထုများအတွက်ကော တရားမျှတမှု က ဘယ်မှာပါလဲ။  ရန်ကုန်မြို့လယ် မှာ သေနတ်နဲ့ ပစ်သတ် ခံရတဲ့ ဂျပန် သတင်းထောက် နာဂါးအိ ခင်းဂျိ အတွက်ကော ခင်ဗျာ။  အားလုံး ရုပ်သံမှတ်တမ်းနဲ့တကွ သက်သေရှိတယ်။  ပစ်မိန့်ပေးသူ နအဖ စစ်အစိုးရ တာဝန်ရှိသူတွေ၊ စစ်တပ်ခေါင်းဆောင်တွေ တရားဥပဒေ ရှေ့မှောက် မရောက်သင့်ဘူးလား ခင်ဗျာ။

လူသတ်မိန့်ပေးသူတွေ ဥပဒေ အရ အရေးယူနိုင် မယူနိုင်တော့ မသိဘူး၊ အစိုးရ အဖွဲ့ တာဝန် အရှိဆုံး နအဖ ဝန်းကြီးချုပ် ဟောင်း ကတော့ အခု သမ္မတ လုပ်လျက်၊ စစ်တပ် ရာထူး နံပါတ် (၃) အဆင့် က အခု လွှတ်တော် နယက လုပ်လျက်၊ နံပါတ် (၁) နဲ့ (၂) က အခု စာဖတ် အနားယူ လောက စည်းစိမ် ခံမပျက် ဖြစ်နေတာ မျက်မြင်ပါ။

လတ်တလော ဖြစ်စဉ် တခု ဖြစ်တဲ့ စစ်တပ် ဦးပိုင် နဲ့ တရုတ် ဝမ်ပေါင် ကုမ္ပဏီ အကျိုးစီးပွား ကာကွယ် ဖို့ရာ ကိုယ့် နိုင်ငံသား တက္ကသိုလ်ကျောင်းသူ အရွယ် လူငယ် အမျိုးသမီးကလေး မဖြူနှင်းထွေး ကို ကိုယ့် အစိုးရ တရားရုံးမှာ မတရားစွပ်စွဲခံခဲ့ရတာကိုပဲ နစ်နာကြောင်း ကာချုပ်ကြီး အသံလေး တချက် ထွက်ပေးပါ့လား ခင်ဗျာ။  ဒါမှမဟုတ် အခု ကိုယ့်မြေမှာ တောင်ယာ လုပ်ရင်း ပိုက်နက်ကျူးလွန်မှု၊ ဖျက်ဆီးမှုများ နဲ့ ထောင် (၇) နှစ်ကျခံသွားရရှာတဲ့ သထုံ မြေသိမ်းခံ တောင်သူ (၉) ဦး အကြောင်း တရားမျှမျှတတ လုပ်ကြဖို့ ပြောပေးပါ့လား ခင်ဗျာ။

လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်၊ တရားဥပဒေ စိုးမိုးမှု နဲ့ တရားမျှတမှုဆိုတာ ပုတ်လောက်ကြီး ရေးပြမှ ရေးရေးမျှ မမြင်နိုင် ဖြစ်နေတဲ့ ကိုယ့်ဆီက လက်ရှိ အနေအထားကို ပြင်ဖို့ အရင် ဆိုစမ်းပါဦး စစ်ဗိုလ်ကြီးရယ်။  အနည်းဆုံး အရင်လုပ်သင့်တာက လက်ရှိ စစ်တပ်ခေါင်းဆောင် တယောက် အဖြစ် တာဝန်ယူတဲ့ အနေနဲ့ အရင် စစ်အာဏာသိမ်းပြီးချိန် ကစလို့ ဖြစ်ခဲ့တဲ့ ၆၂၊ ၇၄၊ ၇၅၊ ၇၆၊ ၈၈၊ ၂၀၀၇ လူထုအရေးတော်ပုံများ အတွင်းမှာ ပြည်သူ့အပေါ် စစ်တပ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်၊ ပစ်ခတ် သတ်ဖြတ် အဓမ္မ နှိမ်နှင်းခဲ့မှုတွေ အတွက်ပဲ တောင်းပန်စကား ဆိုပါဦး ခင်ဗျာ။

နိဂုံးချုပ်ရရင် တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လက်ကိုင်ထားတဲ့ အကျင့်အကြံ ဆောင်ပုဒ်ကတော့ “I practise what I preach ငါ ပြောသလို ငါ ကျင့်ကြံပြုမူပါတယ်” တဲ့။  လက်ရှိ စစ်ခေါင်းဆောင် အဟောင်း အသစ် ဗိုလ်ချုပ်များလည်း ပါးစပ်က ဘုရား ဘုရား၊ လက်က ကားရား ကားရား၊ “ငါ ပြောသလို လုပ်၊ ငါ လုပ်သလို မလုပ်နဲ့” လုပ်တတ်တဲ့ ဟစ်ပိုခရစ် အပြောသမား လူဝါကြီးများ သက်သက် မဖြစ်ရအောင် ဥပဒေစကား၊ တရားမျှတမှု အကြောင်းများ ပြောချင်ရင် အထက်မှာ ဆိုခဲ့တဲ့ ဗမာ့သမိုင်းဝင် တရားမဲ့မှုများကို အရင် ဖြေရှင်းပါ ခင်ဗျာ။

အဲ့သလို မှ မဟုတ်ရင် “ဘယ် ပါးစပ်က ဘာ စကား ထွက်တယ် ဆိုရပါ့” လို့ မေးရတော့မလို ပါပဲ ခင်ဗျာ။

ငြိမ်းချမ်းအေး
၁၅ အောက်တိုဘာ၊ ၂၀၁၄

(အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့ ထုတ် သည်လေဒီးစ် နယူးစ်ဂျာနယ်၊ အတွဲ (၂) အမှတ်စဉ် (၃၅) တွင် ပုံနှိပ်ပြီး ဖြစ်သည်။  မိုးမခ တွင် ထပ်မံ ဖော်ပြသည်။)


(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်း များတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။  ဆောင်းပါး ပါ အာဘော် ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေး ဆက်သွယ်နိုင်သည်။)