လောအယ်စိုး - "ကိုပါကြီး" သို့မဟုတ် မမှိန်တဲ့ ကြယ်


လောအယ်စိုး - "ကိုပါကြီး" သို့မဟုတ် မမှိန်တဲ့ ကြယ်
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၄

ကိုပါကြီး သတင်းဆိုးကြောင့် ကျနော်တုန်လှုပ်ပြီး အထူးကြေကွဲမိပါတယ် ။ ဇနီးသည်မသန္တာနှင့်အတူ မိသားစုဝင်တွေ ဘယ်လောက်အထိ ၀မ်းနည်း နာကျင် နာကျည်းနေကြမယ် ဆိုတာ ကျနော် ခန့်မှန်းနိုင်ပါတယ်။
သူပုန်ရဲ့ လူပဲပြောပြော၊  နိုင်ငံရေးသမား တယောက်လို့ပဲ ပြောပြော၊  ဘယ်လိုပဲ တံဆိပ်တွေကပ်နေပါစေ ... သတင်းထောက်တွေ ဆိုတာ စက်ရုပ်တွေ မဟုတ်ပါဘူး ခံစားချက်ရှိကြသူတွေဖြစ်ပြီး ခံယူချက်၊ အခြေခံမူ တခုစီတော့ ရှိကြသူတွေလို့ ကျနော်အပြည့်အ၀ ယုံကြည်ပါတယ်။
အာဏာရှင် စစ်ဘီလူးတွေက လူသတ်လက်နက်တွေကိုင်စွဲပြီး သူတို့တတွေရဲ့ အာဏာ၊ တန်ခိုး သွေးညှီနံ့ တွေကိုသာ ထင်ရှားစေကြတယ်။ ကျနော်တို့ သတင်းထောက်တွေက ကလောင်ကိုင်မယ် ၊ ကွန်ပြူတာကိုင်မယ် ၊ ကင်မရာကိုင်ပြီး အသံမဲ့နေသော အဖိနှိပ်ခံတွေအတွက် ... သူတို့ဘယ်လိုဖိနှိပ်ခံနေရတယ် ... ဆိုတဲ့ နင်းပြားဘ၀တွေကို ကမ္ဘာကြီးကသိရှိဖို့ ကိုယ်စား တိုက်ပွဲဝင်ပေးနေတဲ့သူတွေ ဖြစ်ပါတယ်။
ကျနော့်ရဲ့ ခံယူချက်တွေအပေါ် ကိုပါကြီးနားလည်ပြီး ထပ်တူခံစားပေးမယ်လို့ ကျနော်ယုံကြည်ပါတယ်။ သမိုင်းတခုကို အတူဖြတ်သန်းကြရင်း နေရာ၊ ဒေသ၊ ပုံသဏ္ဍာန်မတူသော စစ်မြေပြင်တိုက်ပွဲအသီးသီးမှာ ကျနော်တို့တတွေ တိုက်ပွဲဝင်ကြတယ်။
ကိုပါကြီး ... ကျနော့်ကို အတ္တဆန်တယ်လို့ ပြောချင်ပြောပါ ။ ကျနော် တိုင်းပြည်ကနေ သို့မဟုတ် စစ်မြေပြင်တခုကနေ ရေခြားမြေခြားတနေရာကို ထွက်ခွာလာခဲ့ပါတယ်။ ကျနော်ထက် အသက်ကြီးသော ဖြတ်သန်းမှု့ ကြီးသော ကိုပါကြီးက အဲ့ဒီ စစ်မြေပြင်မှာ ကျဆုံးသွားခဲ့ပါတယ်။
တဦးချင်းလူပုဂ္ဂိုလ်တွေ၊ အဖွဲ့ အစည်းတွေက အသံတွေ အမျိုးမျိုးပေးပြီး ကင်ပွန်းတပ်နေပါစေ ... ကိုပါကြီး ... အစ်ကိုဟာ ကျနော့်အတွက် ပြည်သူဘက်ကရပ်တည်သော သတင်းထောက်ကြီးတဦးပါ ။ သမိုင်းမရိုင်းသွားခဲ့သော မြန်မာပြည်ရဲ့ သားကောင်းတဦးပါ။
ကျော်ကြားမှု့တွေနဲ့ ပြည်သူ့ဘက်ကရပ်တည်သူ ဆိုသူများက အခြေအနေတခုခုကြောင့် အကြောင်းတစုံတရာကြောင့် ကိုပါကြီးကျဆုံးသွားမှု့ အပေါ် နှာစေးနေကြပါစေ ... သူတို့တတွေအပေါ် ခွင့်လွှတ်နားလည်ပေးလိုက်ပါလို့ ကျနော် နာကျင်ခြင်းများစွာနဲ့ မေတ္တာရပ်ခံပါရစေ။
အမိမြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာကြီးမှာတော့ စွန့်လွှတ်ရဲသူ ကိုပါကြီးကို ထိုက်ထိုက်တန်တန် နေရာပေးပါလိမ့်မယ်။ မုန်တိုင်းတွေကြားမှာ ကြယ်တွေ သတ္တိရှိစွာ လင်းလက်နေဆဲ လင်းလက်နေပါဦးမယ်။
ခေတ်အဆက်ဆက် သူရဲကောင်းအဖြစ် ပြည်သူနှလုံးအိမ်မှ အသိအမှတ်ပြုခြင်းခံရသူတွေ ဘယ်သောအခါမျှ မသေဆုံးပါ။ အစ်ကို ကိုပါကြီး မြန်မာ့သမိုင်းစာမျက်နှာတွင် ကွယ်လွန်သွားမည့်သူ တဦးမဟုတ်ပါ။
ဦးညွတ်လျှက် ...

လောအယ်စိုး

၁၀.၂၅.၂၀၁၄