ရန်နောင်(ဗို်လ်တထောင်) - လမ်း ၅ဝ စေတနာဆေးကုခန်းကို ဦးဝင်းတင် ကွယ်လွန်ခြင်း ၆ လပြည့်တွင် ဖွင့်လှစ်

 

  ရန်နောင်(ဗို်လ်တထောင်) -  လမ်း ၅ဝ စေတနာဆေးကုခန်းကို ဦးဝင်းတင် ကွယ်လွန်ခြင်း ၆ လပြည့်တွင် ဖွင့်လှစ်
 (မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၄

  
နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့်၎င်းတို့၏ မိသားစုဝင်များအတွက် ဆေးခန်းတခုကို
သတင်းစာဆရာကြီး  ဦးဝင်းတင် ကွယ်လွန်သည့် ၆ လပြည့် အမှတ်တရအဖြစ် အင်္ဂါနေ့က ရန်ကုန်မြို့တွင် ဖွစ်လှစ်လိုက်သည်။

ပုဇွန်တောင်မြို့နယ် အမှတ် ၁၁၉၊ လမ်း၅၀ (အလယ်ဘလောက်)တွင် တည်ရှိသော ထိုဆေးခန်းကို  တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာတို့တွင် ဖွင့်လှစ်ထားမည်ဟု ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ထိပ်တန်းခေါင်းဆောင်တယောက်ဖြစ်သော  ဦးဝင်းတင် မကွယ်လွန်မီ ၂ နှစ်ခန့်က တည်ထောင်ခဲ့သော ထိုဖောင်ဒေးရှင်းသည် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊  စာနယ်ဇင်းသမားများ၊ စာရေးဆရာများအတွက် နာမကျန်းထောက်ပံ့ငွေကို ၂လတစ်ကြိမ် ပေးအပ်ခဲ့သည်မှာ သိန်းရှစ်ရာကျော်ခဲ့ပြီဖြစ်သည်။

သူ၏ မိတ်ဆွေဟောင်း၊ လုပ်ဖော်ကိုင်ဘက်ဟောင်း ၃ ဦးဖြစ်သော ဦးတင်ဦး၊ စာရေးဆရာ မောင်မိုးသူ၊  ဦးမောင်မောင်ခင် (ဦးပြားကြီး) တို့က စေတနာဆေးကုခန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆေးခန်းဖွင့်ပွဲနှင့်အတူ ပြုလုပ်သော ဦးဝင်းတင် ကွယ်လွန်သည့် ၆ လပြည့် အမှတ်တရအစီအစဉ်သို့  နိုင်ငံရေးလောကမှ ထင်ရှားသူ အများအပြား တက်ရောက်ပြီး အမှတ်တရစကားများ ပြောကြားခဲ့ကြသည်။

# #

ဦးဝင်းတင်အမှတ်တရ ပြောစကားကောက်နုတ်ချက်
===========================



"ကျနော်တို့အတွက် ဦးဝင်းတင်ကွယ်လွန်ခြင်းဟာ အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီးတခုပါ။
သူဟာ ငွေ ကြေးအင်အား မရှိပေမယ့် ဖောင်ဒေးရှင်းထောင်ပြီး ဘဝတူ နိုင်ငံရေးအကျဉ်းသားတွေ၊ စာနယ်ဇင်းသမားတွေကို စောင့်ရှောက်ခဲ့တာပါ"

 ဦးတင်ဦး
NLD နာယက၊ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း နာယက

............................................................................
 


ကျနော်နဲ့ဦးဝင်တင်ဟာ ဟိုအရင်သူကြေးမုံမှာလုပ်ကတည်းက သိခဲ့တာပါ၊ သူမန္တလေးကို ဟံသာဝတီသတင်းစာလုပ်ဖို့ ရောက်လာတော့လည်း
ဒေါ်ဒေါ်က ကူညီပေးပါ ဆိုလို့ပြောတော့ သူ့ကိုတိုက်ခန်းငှားပေးရင်း ကျနော်တို့ ရင်းရင်းနှီးနှီးနေခဲ့ကြပါတယ်။
သူဘယ်လောက်ရိုးသလဲဆိုလို့ရှိရင် သူ့ကိုဧည့်စာရင်းလာစစ်တော့ ဧည့်စာရင်းမတိုင်ထားလို့ ဂါတ်တဲခေါ်သွားတော့လည်း ဒီအတိုင်းလိုက်သွားတာပါပဲ။
တခြားသူတွေအပေါ်မှာ တည်တည်ခန့်ခန့်နေပေမယ့် ကျနော်နဲ့ ကိုပြားကြီးကိုတော့ သူက နောက်နောက်ပြောင်ပြောင် ချစ်ချစ်ခင်ခင်နေတတ်ပါတယ်၊
သူထောင်ကျတော့ ကျနော်တို့ ထောင်ဝင်စာပေးရင် သူဟာကိုပြားကြီးကိုပြောပါတယ်၊
 မိုးသူကိုတွေ့ရင်ပြောလိုက်ပါ မိုးသူဆိုတဲ့ကောင်ဟာ စာလည်းရေး ပန်းချီလည်းဆွဲ၊ ရုပ်ရှင်လည်းရိုက်ပေမယ့် သီချင်း မဆိုတတ်ဘူး။
ဒီကောင် သီချင်းဆိုတတ်အောင် ငါသင်ပေးဖို့ သီချင်း ကျင့်နေတယ်လို့ပြောလိုက် တဲ့။ သီချင်းကတော့ ၁၈နှစ်နဲ့ ၉လရှိပြီ။
အဲဒီလိုအကျဉ်းကျနေတဲ့အချိန်မှာတောင် ကျနော်တို့ကို နောက်ပြောင် ဟာသပြောနိုင်သူတဦးပါ။
  
စာရေးဆရာ မောင်မိုးသူ

............................................................................


ကျနော်စစ်ကြောရေးဝင်တော့ ဘဘဦးတင်ဦးရဲ့နည်းကို သုံးခဲ့တာပါ။
ဘဘဦးတင်ဦးက သူ့ကို စစ်ကြောရေးဝင်လို့ရှိရင် တခြားအခန်းတွေမှာ ဘယ်သူတွေရှိလဲ ကြည့်ပြီး ရှိတဲ့သူကို အားပေးတဲ့ နည်းပါ။
 ကျနော်တို့ အထဲမှာနေတဲ့သူတွေဟာ ကိုယ့်ခေါင်းဆောင်က တခဏတာ လာအားပေးတာကို အရမ်းကို အားတက်ခဲ့ရတာပါ။
ကျနော်လည်း ဘဘဦးတင်ဦးနည်းကို ကျနော် တို့စစ်ကြောရေးလုပ်တော့ အစောင့်တွေ လက်ထဲက  အတင်း ရုန်းကန်ထွက်ပြီး တွေ့ရာ အခန်းထဲကို ပြေးဝင်လိုက်တော့ ဘဘဦးဝင်းတင်ဖြစ်နေပါတယ်။
ဘဘဟာ သူ့တကိုယ်လုံးမှာ ဒဏ်ရာတွေပြည့်နေပေမယ့် အသံမာမာ နဲ့ စကားပြောတာပါ။
ဒါဟာ ဘဘရဲ့ စိတ်ဓာတ်ပါပဲ။

ဦးမင်းကိုနိုင်
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း