ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) - ဓမ္မအစွမ်း၊ ဘဝလန်း၊ ချမ်းမြေ့သာယာ အဇူဇာ (ပဋ္ဌာန်းပွဲ)


ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) - ဓမ္မအစွမ်း၊ ဘဝလန်း၊ ချမ်းမြေ့သာယာ အဇူဇာ (ပဋ္ဌာန်းပွဲ)
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၄

        ဒီတစ်ခေါက် ပေါ့တလန်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်ကို အမိနိုင်ငံပြန်ခါနီး နှုတ်ခွန်းဆက်အဖြစ်နဲ့ သီတင်းကျွတ်တရားပွဲ ဟောကြားပေးဘို့ရောက်ခိုက်မှာ သီရီမင်္ဂလာ ဆရာတော် အရှင်သိရိန္ဒက " မကြာမီ လော့စ်အင်္ဂျလိမြို့က အဇူဇာဗြဟ္မဝိဟာရကျောင်းမှာ ကျင်းပမည့်ပဋ္ဌာန်းပွဲအကြောင်းကိုလည်းစာလေးတစ်ပုဒ်လောက်ချီးမြှောက်ပါဦး"လို့ တိုက်တွန်း ပါတယ်။
        " အဇူဇာပဋ္ဌာန်းပွဲကို အချိန်ပိုင်းလောက်တော့ သွားပြီးရွတ်ဖတ်ပူဇော်ပေးခဲ့ဘူးပါတယ်။ အခြေအနေအရပ်ရပ်ကိုတော့ သိပ်ပြီးထဲထဲဝင်ဝင်မသိလှဘူး။ ကိုယ်တိုင်ပါဝင်ခံစားကြည့်ဖူး မှလည်း စာကရေးလို့ကောင်းတာ " လို့ပြောတော့ " တပည့်တော်တို့ကိုယ်တိုင် တွေ့ကြုံခံစား ရတာကို ပြောပြပေးမယ်လေ၊ အဲဒါပြန်ရေးပေါ့"တဲ့။
        "ဒကာ ဒကာမတွေအနေနဲ့က ဘယ်လိုတွေ့ကြုံခံစားကြရတယ်၊ ကြွရောက်လာတဲ့ သံဃာတော်များအနေနဲ့လည်း ဘယ်လိုတွေ့ကြုံခံစားရတယ်ဆိုတဲ့အကြောင်း နဲနဲပြောပြပါ ပါလား"ဆိုတော့....
        "ဒီ ( အမေရိကန် ) မှာ ရောက်နေကြတဲ့ ဒကာ ဒကာမများအနေနဲ့ ကိုယ့်နိုင်ငံမှာနေခဲ့ စဉ်က နံနက်ခင်း ဆွမ်းခံချိန်မှာဆိုရင်ပဲ နေ့စဉ်နှင့်အမျှ သံဃာတော်တွေကို အတန်းလိုက်အစု လိုက် ဖူးမြော်ပူဇော်ခွင့်ရခဲ့ကြပေမယ့် ဒီမှာတော့ ဟိုတစ်ကျောင်း၊ ဒီတစ်ကျောင်း ဆိုသလို အကြောင်းကြီးငယ်ရှိလို့ ရောက်တဲ့အခါလောက်မှာသာ သံဃာတစ်ပါးစ၊ နှစ်ပါးစ၊ အလွန်ဆုံး သုံးလေးပါးဆိုသလို ဖူးမြော်ခွင့်ရကြတာလေ။
        ဒီပဋ္ဌာန်းပွဲကြီးကိုအကြောင်းပြုပြီး အခုလို သံဃာတော်အများအပြားကို တစ်စုတဝေး တည်း ဖူးမြော်ပူဇော်ခွင့်ရလိုက်တဲ့အခါကြတော့ သာသနာရောင်ဝါလင်းဆိုတဲ့ မြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့ကြုံလိုက်ရတဲ့အတွက် ကိုယ့်နိုင်ငံကိုပြန်ရောက်သွားသလို ရင်ထဲမှာ ကြည်နူးသွားကြတာပေါ့။ မြင်ကွင်းက ကြည်နူးစရာကောင်းတဲ့အခါ သဒ္ဓါစေတနာတွေလည်း ပိုမိုထက်သန်ပြီးတော့ စိတ်ရော ရုပ်ရော လန်းဆန်းသွားကြတာပေါ့ဘုရား။"ဆိုပြီး သူ့စကားကို ခေတ္တရပ်နားလိုက်ပါတယ်။
        သူ့စကားကိုကြားလိုက်ရတဲ့အခါ လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ - " ပန်းပေါင်းစုံတွေ လည်း ဖူးပွင့်ဝေဆာ၊ အရိပ်အာဝါသလည်း အေးမြ၊ စန်းရေများလည်း တသွင်သွင်စီး၊ ရွှေဥဒေါင်း ရွှေဟင်္သာစတဲ့ ကျေးငှက်သာဓကာတို့ကလည်း ဟိုဒီပြန်သွားရင်း ဂီတသံစုံတွေ ကျူးရင့်သာယာလှတဲ့ ဂန္ဓမာဓနတောင်ကြီးဆီကို ရောက်ရှိနားခိုခွင့်ရကြတဲ့ ခရီးသွားပုဂ္ဂိုလ် တွေဟာ ...
        ပန်းပေါင်းစုံတို့ရဲ့ လှပတဲ့အဆင်း၊ သင်းပျံ့တဲ့အနံ့၊ ရွှေဥဒေါင်းရွှေဟင်္သာစတဲ့ ကျေးငှက် သာဓကာတို့ရဲ့ သဘာဝအလှနဲ့ သဘာဝဂီတကို ကြည့်ရှုနားဆင်ခံစားခွင့် ရလိုက်တဲ့အခါ ခရီးတလျောက် ပန်းသမျှ ၊ နွမ်းသမျှတွေ ပြေပျောက်ပြီး လန်းဆန်းနုပျိုသွားသလို။
        ဓမ္မခန္ဓာ ရှစ်သောင်းလေးထောင်ဆိုတဲ့ ပန်းပေါင်းစုံတို့နဲ့ ဖူးပွင့်ဝေဆာပြီး သင်္ကန်း အရောင် ပြောင်ပြောင် ဝင်းဝင်း၊ ရွှေ့အဆင်းရှိကြတဲ့ သံဃာတော်ဆိုတဲ့ ရွှေဥဒေါင်း ရွှေဟင်္သာတို့ရဲ့ ကျူးရင့်သင်အံ စာသံပေသံတို့ကို နားဆင်ဖူးမြော်ပြီး တရားအရိပ်မှာခိုလှုံ တရားရေအေးတို့ကိုလည်း သောက်သုံးခွင့်ရကြတဲ့ သံသရာခရီးသည်များဟာလည်း ပန်းသမျှ နွမ်းသမျှ လွမ်းသမျှတို့သာမက အပြင်ပူ၊ အတွေးဆွေးတို့ပါ ငြိမ်းအေးပြီး ဘဝကို လန်းဆန်း နုပျိုသွားစေတယ်"ဆိုတဲ့ သာသနာ့ဂုဏ်ကျေးဇူး အောက်မေ့ပူဇော်ပုံ စာသားတို့ကို ပြန်လည် သတိရမိလိုက်ပါတယ်။
        "ပြီးတော့ - ကြွရောက်လာကြတဲ့ သံဃာတော်များအနေနဲ့လည်း ကိုယ့်နေရာမှာတော့  ဣနြေ္ဒကြီးတွေနဲ့ အထီးကျန်ဆန်ဆန် နေကြရတာလေ၊ အခုလို သမဂ္ဂတွေနဲ့တွေ့လိုက်တဲ့အခါ တရင်းတနီး စကားလက်ဆုံ ပြောဆိုခွင့်လည်းရ၊ ပြောကြဆိုကြတဲ့အခါမှာလည်း ဒကာ ဒကာမတွေနဲ့ ပြောဆိုဆက်ဆံရသလိုဣနြေ္ဒကြီးတစ်ခွဲသားလုပ်မနေရဘဲ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောကြရတာဆိုတော့ အားလုံး ငယ်မူပြန်သလို အသက်တွေ ပြန်ငယ်ကုန်ပြီး တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းတွေ ဖြစ်ကုန်ကြတော့တာပဲဘုရား" လို့ ဆက်ပြော ပါတယ်။
        သူပြောမှပဲ စာရေးဆရာကြီး ဦးတက်တိုးပြောဖူးတဲ့ စကားတစ်ခုကို ပြေးပြီးသတိရလိုက် မိတယ်။ ဆရာကြီးက- သူ့အိမ်ကနေ ကန်တော်ကြီးစောင်းကို နံနက်စောတိုင်း လမ်းလျောက်လေ့ရှိပါသတဲ့။  လမ်းမှာ တွေ့ကြတဲ့သူတွေက "ဆရာကြီး"လို့ခေါ်ပြီး နှုတ်ဆက်တဲ့အသံကြားရရင် ဘာမှ ထွေထွေထူးထူးမခံစားရဘူး။ လောကဝတ်အရ အလိုက် အထိုက် နှုတ်ဆက်ပြီး ကိုယ့်လမ်းကိုယ်ပဲ ဆက်လျောက်နေမိတယ်။
        အဲ.. တစ်ယောက်ယောက်က "ဟေ့လူ"လို့ ခေါ်သံကြားလိုက်ရပြီဆိုရင်တော့ ခြေလှမ်းက အလိုလိုတုံ့ပြီး ရပ်သွားမိတယ်။ ဒီခေါ်သံဟာ ကိုယ့်ရဲ့ ငယ်ပေါင်းကြီးဘက် တစ်ဦးဦးပဲဖြစ်မယ် ဆိုတဲ့အသိက အသက်ကြီးလို့ ကျန်းမာရေးအရ လမ်းလျောက်နေရ တယ်ဆိုတာကို မေ့သွားပြီး နုပျိုတဲ့အရွယ်ဆီပြန်ရောက်သွားတယ်၊ နှုတ်ဆက်သူကမှီလာလို့ ကိုယ်ထင်သလို ငယ်ပေါင်းမိတ်ဆွေမှန်းလည်းသိလိုက်ရော တခါတည်း ငယ်မူပြန် သွားလိုက်တာ စကားတွေ ဟိုပြော ဒီပြောနဲ့ ကန်တော်ကြီးတပတ်လုံး လမ်းလျောက်လာ တာတောင် မောရပန်းရမှန်းမသိတော့ဘဲ တခါတည်း လန်းဆန်းနုပျိုသွားသလို ခံစားလိုက်ရ ပါသတဲ့။
        အခုလည်း အရှင်သိရိန္ဒပြောသလိုဆိုရင်တော့ အဇူဇာပဋ္ဌာန်းပွဲမှာ ဆရာတွေရော ၊ ဒကာ ဒကာမတွေပါ ဓမ္မအစွမ်းနဲ့ ဘဝတွေလန်းဆန်းနုပျိုသွားကြတယ်လို့ပဲ ဆိုရမယ်ထင်ပါရဲ့။
        ပြီးတော့ အရှင်သိရိန္ဒဆက်ပြောတာက "ဒီပဋ္ဌာန်းပွဲကြီးကို ဦးဆောင်ကျင်းပတဲ့ အဇူဇာဆရာတော်ဦးဧသကနဲ့ အဇူဇာကဆရာတော်များ၊ လော့စ်အင်္ဂျလိမှာရှိတဲ့ ဒကာ ဒကာမများအနေနဲ့ " ဆရာ ဒကာ၊ နှစ်ဖြာနှစ်ဝ၊ သဒ္ဓါမျှကြပုံ" ကိုလည်း အဝေးရောက် သံဃာတော်များအနေနဲ့ တွေ့မြင်ပြီး မုဒိတာပွားနှိုင်ကြတယ်။
        အထွေထွေရောဂါကုဆရာဝန်များရော၊ သွားဘက်ဆိုင်ရာ ဆရာဝန်များပါ အစုံအလင် စုပေါင်းပါဝင်ကြတဲ့ဒီပွဲကြီးမှာ ကြွရောက်လာကြတဲ့ ဆရာတော်များအနေ နဲ့လည်း ကျန်းမာရေး ကိစ္စ၊ သွားကိစ္စတွေကို မြန်မာလို ပြည့်ပြည့်စုံစုံ ပြောဆိုနိုင်ကြပြီး ဆိုင်ရာ ဆရာဝန်များရဲ့ အခမဲ့ စစ်ဆေးကုသခွင့်ကို ရရှိတဲ့အတွက်လည်း ဆရာရော ဒကာပါ ကုသိုလ်၊ ကျန်းမာ နှစ်ဖြာနှစ်ဝ ပြည်စုံကြရတာပေါ့။"တဲ့။
        ဒီလိုဆိုတော့လည်း အဇူဇာပဋ္ဌာန်းပွဲဆိုတာ ဓမ္မအစွမ်းနဲ့ ဘဝတွေလန်းဆန်းနုပျိုရုံ သာမက ကျန်းမာရေး၊ ဝမ်းသာရေး၊ ကုသိုလ်ရေးတွေပါ ပြည့်စုံစေတဲ့ပွဲကြီးလို့ ဆိုရပါလိမ့်မယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
ခေတ္တ.သိရီမင်္ဂလာကျောင်း၊ Portland,Oregon,U.S.A

10/1/2014