မောင်မောင်လတ် (ရွှေအင်းလေး စာပေ) - အတိတ် က ဆက်သွယ်ရေး


မောင်မောင်လတ် (ရွှေအင်းလေး စာပေ) - အတိတ် က ဆက်သွယ်ရေး
(တပိုင်းတစ လွင့်မျောနေတဲ့ အိပ်မက်များ)
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၄


ပြီးခဲ့တဲ့ ရက်ပိုင်းက ထူးထူးခြားခြား လွိုင်လင် တယ်လီဖုန်း အိတ်ချိန်းရုံးရဲ့ ဖုံးနံပါတ် မေးမြန်းတာကို တွေ့ရတော့ ဘာရယ်မှတော့ မဟုတ်၊ အတိတ်က ရှားရှားပါးပါး မြို့လွိုင်လင်ရဲ့ တယ်လီဖုန်းအိတ်ချိန်း ဆက်သွယ်ရေး အကြောင်း မီးခိုးကြွက်လျှောက် အတွေးတွေ နောက်ပြန်ဆုတ်ခဲ့ရ။

ခုခေတ် အခုအခါ သက်တောင့် သက်သာ နဲ့ ဆံပင်ညှပ်ခြင်း ဆိုတဲ့အရာကို  မျက်စိ စုံမှိတ် အနားယူရင်း ပြီးစီးသွားတဲ့ အခါတိုင်း.ငယ်ငယ်တုန်းက စက်ကပ်ကြေး အသွား တုံးတုံးနဲ့ အညှပ်ခံရ လို့ “အား.. အား..” အော်ပြီး ဆံပင်အမြန် ညှပ် ပြီးပါစေ လို့ ကြိတ် ဆုတောင်းခဲ့ ရတာကို အလီလီ အခါခါ ပြန်ပြန် သတိရမိသလိုပါပဲ။  ဒီနေ့ ဒီချိန်အခါ မိုင်ထောင်ချီ ကွာဝေးတဲ့ အရပ်ကနေ  တခြား တနေရာကို အေးအေး သက်သက်သာ နေ့ည မရွေး ဆက်သွယ် စကားပြောနိုင်တဲ့ အခါတိုင်း အတိတ်က ခက်ခက်ခဲခဲ ပင်ပမ်းတကြီး ကြိုးစားပမ်းစား ဆက်သွယ်ရတဲ့ ဆက်သွယ်ရေး စနစ်အကြောင်း ပြန်ပြန် တွေးမိရတာကိုက ရယ်စရာ လိုလို။

×××××

တချိန်က မြို့တမြို့ နဲ့ တမြို့ စကားပြောနိုင်ဖို့ တိုက်ရိုက် အော်တို တယ်လီဖုန်းတွေ မပေါ်ခင် ဆက်သွယ်ရေး လမ်းကြောင်း အဆင်ပြေအောင် ကြားခံ တယ်လီဖုန်း အိတ်ချိန်းစက်ခုံတွေက တဆင့် ချိတ်ဆက်ပေးရတဲ့ သဘောသဘာဝ  စနစ်တခု ရှိခဲ့ပါတယ်။  ဌာနပေါင်းစုံ ရုံးစိုက်ရာ ခရိုင်မြို့ကြီး တမြို့ရယ်လို အသိအမှတ်ပြုထားတဲ့ မြို့လွိုင်လင် အတွက် ဒီစနစ်အရ တယ်လီဖုန်း အိတ်ချိန်းရုံး တရုံး ဖွင့်ခဲ့တာ ဖဆပလ ခေတ်ဦး ကတည်းက ဆိုပါတော့။

လူမှန်း သိတတ်စ အရွယ်မှာတော့ အဲဒီ တယ်လီဖုန်း အိတ်ချိန်းရုံးရဲ့ တာဝန်ခံက  အန်ကယ် ဦးမြမောင်ပါ။  သူက (၁၉၆၀) ပြည့်လွန်နှစ်များဆီက မြန်မာ့ လက်ရွေးစင် လက်ဝှေ့ အကျော်အမော် တယောက်ပါ။  သူ့ လက်ထောက်တွေက ရပ်ကွက် (၁) က ကိုမြင့်ဇော် နဲ့ ရပ်ကွက် (၄) က ကိုလှဌေး (နိုင်ငံရေးမှုနဲ့ ထောင်ကျဖူးခဲ့သူ) ပါပဲ။

ခေတ်ပေါ် ဆက်သွယ်ရေးနည်းတွေနဲ့ ထိပါး ကျင်လည် ခုံမင်နေတဲ့ နှောင်းခေတ်ပိုင်း လူငယ် တွေအတွက် “သြော်.. အခုတော့လည်း ပုံပြင် တပုဒ်လိုပါပဲ” လို့ ဆိုစမှတ် ပြုလောက် နိုင်တဲ့ အဖြစ်အပျက်လေး တခုကို  နည်းစနစ်  ပညာရပ်ဆိုင်ရာ အပိုင်း အကျယ်မချဲ့ဘဲ ခပ်လွယ်လွယ် နဲ့ ရှင်းလင်းရရင်တော့ အဖြစ်အပျက်လေးက ရိုးရိုးရှင်းရှင်း။

တတိယနှစ်အတွက် အောင်စာရင်းမှာ နာမည်မပါလာတာကို သိရတော့ ဇောချွေးတွေ ပြန်ပြီး ကတုန်ကယင်နဲ့ တမြို့လုံး အရေးပေါ် အားကိုး အားထားရာ တယ်လီဖုန်း အိတ်ချိန်းရုံးကို အရောက်ပြေးတော့ ကိုမြင့်ဇော်ကြီးက ည ဂျူတီကျချိန်။  သူကိုယ်တိုင် အလုပ်တဖက်နဲ့ စာပေးစာယူ တက်နေတဲ့သူမို့ စာနာ နားလည်မှု အပြည့် နဲ့ ရန်ကုန်ကို ဆက်သွယ်ဖို့ ကြိုးစားပေးနေတာကို နံဘေးကနေ ကျောက်ရုပ်လို တုတ်တုတ်မျှ မလှုပ် ငြိမ်သက်ခြင်းနဲ့ စိုးရိမ်ခြင်း အလယ်၊ ရင်ထဲမှာတော့ တရုတ်နှစ်သစ်ကူး ဗျောက်အိုး ဖောက်သလို တဒိန်းဒိန်း တဒိုင်းဒိုင်း။

စက်ခလုတ်ခုံပေါ်က ပလပ်ပေါက် တခုပြီး တခု ပြောင်းရွှေ့ ထည့်သွင်းရင်း မရ ရအောင် ကြိုးစားနေတာ မြင်ရလေ ရင်ခုန်လေ၊ ဆက်သွယ် ချိတ်ဆက်မရလို့ လိုင်းပြုတ်ပြုတ် ကျလာတာ တွေ့ရလေ၊ အာခေါင်ခြောက်လာလေ၊ နေမထိ ထိုင်မတတ်။

×××××

လိုင်းအရှင်း စောင့်ကာ ဆက်သွယ်ရေး အတွက် လမ်းကြောင်း ရှာနေဆဲ၊ ရပ်ကွက်(၁) ရုံးကြီးလမ်းက နေပါလိစ် နီပေါလူမျိုး လူပျိုကြီး ကို ကိုင်းလက် တယောက် သုတ်သီးသုတ်ပျာ ရောက်လာပါတယ်။

“လာ အကို ကျနော် ဘာလုပ်ပေးရမလဲ” မေးလိုက်သူက ကိုမြင့်ဇော်ပါ။

တရပ်ကွက် သားလည်းဖြစ်၊ စီနီယာကြီးလည်း ဖြစ်တဲ့ ကိုကိုင်းလက် ကို လေးစားသမှုနဲ့ နှုတ်ဆက်တော့ “အမေ ဆုံးသွားပြီကွာ၊ အဲဒါ မေမြို့ က ဒီဖုံးနံပါတ် ကို ဆက်ချင်တယ” ဆိုတော့ ကိုမြင့်ဇော်က နာရီ တချက်ကြည့်လိုက်ပါတယ်။  အချိန်က ည (၇) နာရီ ဝန်းကျင်။
“ဟာ  ဒီအချိန်က  အရမ်း ကျပ်တယ် ကိုကိုင်းလက်” လို့ ပြောပြီး တခဏ အော်ပရေတာကြီး ကိုမြင့်ဇော် တယောက် အတွေးနယ်ချဲ့  စဉ်းစားလိုက်တယ်ထင်ရဲ့။

“ဒီလို လုပ်မယ်ဗျာ၊ အခုအချိန်ဆို မေမြို့ အိတ်ချိန်း ကို တဆင့် ထောက်ပေးမယ့် မန္တလေး နဲ့ မိတ္ထီလာ က အရမ်းကျပ်တဲ့ အချိန်၊ ကျနော် တခါမှ မစမ်းဖူးတဲ့ လိုင်းတို ရိုက်တင်ပြီး သွားကြမယ်ဗျာ၊ ဒီအချိန်က ကံကိုပဲ အားကိုးရတော့မှာပဲ" လို့ဆိုလိုက်တော့ ခုန်ပေါက်ပြေးလွှားနေတဲ့ စိတ်အလျင်တွေ တခဏချင်း အိတ်ချိန်းစက်ခုံပေါ် အာရုံရောက်သွားခဲ့ရတဲ့ အခြေအနေမှာ တယ်လီဖုန်းကြိုး ဂျပ်ပင် အနီ၊ အဝါ၊ အစိမ်းတွေနဲ့ အော်ပရေတာ ကိုမြင့်ဇော်ရဲ့ ပဉ္စလက် ကကွက်တွေက လှလှပပ..သေသေသပ်သပ်။

×××××

အဲဒီ ခေတ်ကာလ  မိတ္ထီလာ ဆိုတာက  အထက် မြန်မာနိုင်ငံ တခွင်ရဲ့ အဓိက လမ်းဆုံ လမ်းခွ၊ ကား ရထား ပေါင်းစုံက မိတ္ထီလာ မှာ စုံတယ်၊ ခွဲထွက်တယ်။  မန္တလေးဆိုတာကတော့  ဒုတိယ မြို့ တော်ကြီး။  အချိန်ကလည်း အချိန်ကောင်း ညဥ့် (၇) နာရီ။

အခြေအနေက ဘယ်လို အကျဉ်း အကျပ် ရောက်စေဦးတော့ တမြို့တည်း၊ တရပ်ကွက်တည်း သား ခင်မင်လေးစား တာရယ်၊ နာရေးကိစ္စ အကြောင်း ခံရတာရယ် မဖြစ်ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓာတ်တွေ စုစည်း ပေါင်းစုံပြီး သကာလ၊ အော်ပရေတာာကြီး ကိုမြင့်ဇော်ရဲ့ လက်ကွက် အရွှေ့ဆီ မျက်လုံးရယ်၊ နားရယ် အာရုံတွေက  တစုတပေါင်းတည်း စူးစူးစိုက်စိုက်။

“အိုကေ.. ကိုကိုင်းလက် စပြီဗျာ” လို့ ပြောပြီး ကိုမြင့်ဇော်က ပလပ်ပေါက်တခုထဲ တယ်လီဖုန်း ဂျပ်ပင် တခု ထိုးထည့်လိုက်တယ်။  စက်ခလုတ်ခုံ လက်လှည့်ပြီး ဖွင့်လိုက်တော့ ကလော အိတ်ချိန်းက ချက်ချင်း အသံပေးလာပါတယ်။

“ဟဲလို ကိုလွိုင်လင် ဘာလုပ်ပေးရမလဲ”။

“နာရေးကိစ္စဗျာ၊ မေမြို့ကို ဆက်ချင်လို့၊ အဲဒါ ခင်ဗျား လိုင်းတို တချက်လောက် တင်ပေးပါလား၊ ဒီအချိန် မိတ္ထီလာ နဲ့ မန္တလေးက  အရမ်းကျပ်နေတယ်လေ” ဆိုတော့၊

“အိုကေ..၊ ကျနော် ယင်းမာပင်ကို လှမ်း တင်ပေးလိုက်ပြီနော်”။

“ဟဲလို.. ဟဲလို.. လွိုင်လင်ကလား၊ ယင်းမာပင် ကပါ၊ ဘာ အကူအညီပေးရမလဲ အန်ကယ်”

“အန်ကယ်ဦးမြမောင်မဟုတ်ဘူး၊ ကျနော် မြင့်ဇော်ပါ အမရေ။  မေမြို့ ကို တင်ချင်လို့၊ အဲဒါ အမ လိုင်းတို တချက်လောက် တင်ပေးပါဦး"။

"ဒါဆိုရင် ပျော်ဘွယ်ကို ချိတ်ပေးလိုက်မယ်၊ အဲဒီကနေတဆင့် ဆက်ကြိုးစား၊ ဟုတ်ပြီနော် မောင်လေး”။

“ဟဲလို.. ဟဲလို.. ပျော်ဘွယ်ကပါ၊ ဆို.. လွိုင်လင် က ဘယ်သွားချင်လဲ”။

"ကျနော်ဗျာ နာရေးကိစ္စနဲ့ မေမြို့ ကို ချိတ်ချင်လို့ပါ၊ ဒီအချိန် အကိုဘက်က တင်ပေးလို့ဖြစ်လား”။

"မဖြစ်ဘူး ညီလေးရ၊ ဒီလို လုပ်မယ် စဥ့်ကိုင်ကို ထည့်ပေးလိုက်မယ်၊ စဥ့်ကိုင်ဆို နည်းနည်း ချောင်မယ်၊ ဟုတ်ပြီနော်၊ ကဲ.. ချိတ်လိုက်ပါပြီကွာ”။

“စဥ့်ကိုင်ကပါ၊ ဘယ်ကို သွားမလဲ ပြောပါ ခင်ဗျာ”။

"သြော်.. အကိုရေ...မေမြို့ ကို ရမလား မသိဘူး၊ နာရေး ပါအကို”
“ကောင်းပြီ၊ ချိတ်ပေးလိုက်ပြီ အကို..”။

“ဟဲလို.. ဟဲလို.. မေမြို့ အိတ်ချိန်းက ပြောနေပါတယ်”။

"ဟုတ်ကဲ့ အကို၊ ကျနော် လွိုင်လင် အိတ်ချိန်းကပါ၊ တည်းခိုခန်း (....) ဖုံးနံပါတ်ကို ချိတ်ပေးပါဦး၊ နာရေးကိစ္စပါ အကို”။

“ရတယ်၊ ခေါ်လိုက်ပြီနော်”။

“ဟဲလို.. ဟဲလို.. မေမြို့ (...) တည်းခိုခန်းကပါ”။

“ဟုတ်ကဲ့ ခင်ဗျာ၊ ကျနော် လွိုင်လင်က ဆက်နေတာပါ၊ အကို တည်းခိုခန်း နံဘေးက ဒေါ်(...) ကို ခေါ်ပေးလို့ ရမလားခင်ဗျား၊ နာရေး အကြောင်းကြားချင်လို့ပါ”။

“ကိုင်ထားနော်…”။

“ဟဲလို ကျွန်မ ဒေါ် (...) စကားပြောနေပါတယ်”။

“ဟုတ်ကဲ့ အန်တီ ကိုကိုင်းလက် နဲ့ စကားပြောလိုက်ပါဦး ခင်ဗျား”။

×××××

အဖြစ်အပျက်က တိုရှင်း လိုရင်း ဆိုသလိုပါပဲ။  အချိန်တို ကာလ တခုအတွင်း မြို့တမြို့ပြီး တမြို့ လိုင်းချိတ်လိုက်တိုင်း အခက်အခဲမရှိ တောက်လျှောက် ကာယကံရှင် စကားပြောချင်သူ အထိ လိုရာ စကားပြောနိုင်တာက.ကံကြမ္မာ အလှည့်ပေး ခဲ့တာလား၊ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဆန္ဒ တွန်းအားကြောင့် ရယ်လား၊ အကူအညီ စိတ်ရင်း စေတနာ အကြောင်း ခံကြောင့် ရယ်လား၊ မသိတော့၊ မပြောတတ်တော့။  တိုက်ဆိုင်မှု မတော်တဆလို့ ဆိုရအောင်လည်း လုပ်သက် (၅)နှစ်ကျော်မှာ တခါမှ မကြုံဖူး တဲ့ အဖြစ်မို့ တိုက်ဆိုင်မှုရယ်လို့ ရမယ် ဖွဲ့မရ။

သြော်.. အချိန်တွေကလည်း ရပ်တန့်မနေ၊ ခေတ်ရေစီးကြောင်းကလည်း အချိန်နဲ့ အမျှ စီးဆင်းနေတဲ့ ကာလတခုမှာ နည်းပညာ၊ နည်းစနစ်တွေကလည်း ရေစီးကြောင်းနဲ့အတူ မျောလွင့်နေ၊ ခေတ်ကာလက နည်းစံနစ်နဲ့ ထပ်ချပ်မကွာ ဆိုတော့ အရာရာ အသစ်သစ်တွေနဲ့ ချိုမြိန် နေတဲ့ (၂၁) ရာစု လူငယ် မောင်မယ်တွေအတွက် အတိတ်က  ခယောင်းလမ်းကြမ်းအတွက် ခါးသက်သက် ရှတတ၊၊

အခုနေမှတော့ ပုံပြင်လေး တပုဒ်လို ဖြစ်သွားရှာခဲ့တဲ့ အဖြစ်လေး.လို့ ဆိုပါစေဦးတော့ ကြိုးစား ပမ်းစား ဆက်သွယ်ပေးခဲ့တဲ့ တယ်လီဖုန်း အော်ပရေတာ ကိုမြင့်ဇော် တယောက်  မီတာ (၁၀၀၀၀) ပြိုင်ပွဲ ပန်းဝင်ခဲ့တဲ့ အပြေးသမား တယောက်လို ခြေကုန်လက်ပန်းကျခဲ့တဲ့ အဖြစ်နဲ့အတူ နံဘေးမှာ ခန္ဓာကိုယ်က ထိုင်နေပေမယ့် စိတ်အလျင် အာရုံ ခံစားချက်တွေ တယ်လီဖုန်း လိုင်းကြော အတွင်း စီးဝင် မျောပါသွားခဲ့တဲ့ အဖြစ်က တခုတ်တရ  သတိတရ စရာ။

အိုမင်း ရင့်ရော်နေတဲ့ ခန္ဓာကိုယ်နဲ့ အပြိုင် လေးလံ ထိုင်းမှိုင်း ဟောင်းနွမ်းနေသော စိတ်စေရာ၊ အာရုံ ခံစားချက်တွေက အိတ်ချိန်းရုံး တယ်လီဖုန်း နံပါတ်တောင်းတဲ့  ကော်မန့်တခုကို ဖတ်ရင်း တွေးမိတွေးရာ တိမ်တိုက်လို ရွေ့လျား နေတဲ့ တခဏ၊ ဖန်သားပြင် အပေါ် ရုတ်တရက် ဓာတ်ပုံလေးတပုံ ပေါ်လာတော့ ရှေ့တိုး အကြည့်၊ ဓာတ်ပုံလေးက ပြုံးနေပါလား။

သြော်… … တချိန်က ခယောင်းလမ်းမဟုတ်၊ ဆူးခင်းလမ်းမဟုတ်၊ ပန်းခင်းလမ်းပါလား။    ။

မောင်မောင်လတ် (ရွှေအင်းလေး စာပေ)