ဇင်လင်း - ပြည်တွင်းငြိမ်ချမ်းရေး နဲ့ သစ္စာ သမာဓိ သတ္တိ ရှိရေး


ဇင်လင်း - ပြည်တွင်းငြိမ်ချမ်းရေး နဲ့ သစ္စာ သမာဓိ သတ္တိ ရှိရေး
(ဒီလှိုင်း) အောက်တိုဘာ ၂၁၊ ၂၀၁၄
     
ယနေ့ မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူလူထုတို့ အလိုလား အတောင့်တဆုံး ဆန္ဒကို ပြောပါဆိုလျှင် “ပြည်တွင်းစစ် ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး” လို့ တသံတည်း ထွက်ကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအသီးသီး တောင်းဆိုနေတဲ့ “လွတ်လပ်ရေး၊ တန်းတူညီမျှရေးနဲ့ တရားမျှတရေး” ဆိုတဲ့ အခြေခံတောင်းဆိုချက်တွေကို ဖြည့်ဆည်းမပေးနိုင်ခဲ့ တာကြောင့် လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈-ခုနှစ်ကတည်းက ပြည်တွင်းစစ် ဖြစ်ပွားလာခဲ့တာ ခုဆိုရင် နှစ်ပေါင်း(၆၀)ကျော်ခဲ့ပါပြီ။ ဒီ ပြည်တွင်းစစ် ကို အစိုးရအဆက်ဆက်က ချုပ်ငြိမ်းအောင် မလုပ်နိုင်တာလား၊ ဒါမှမဟုတ် အာဏာရထားသူတွေက ပြည်တွင်းစစ် ကို မွေးထားပြီး စီးပွားရှာနေ ကြတာလား၊ လို့ မေးခွန်းထုတ်ဖို့ ဖြစ်လာပါတယ်။ မြန်မာ နိုင်ငံဟာ သယံဇာတကြွယ်ဝပါလျှက်နဲ့ အာရှဒေသအတွင်း ဆင်းရဲနုံချာတဲ့ နိုင်ငံဘ၀ကို ကျဆင်းခဲ့ရတာဟာ ဒီပြည်တွင်းစစ်ကို ရေရှည်ဆွဲ လုပ်စားနေကြသူ အာဏာရှင်တို့ကြောင့် ဖြစ်တယ်။ ဒီကနေ့အခြေအနေကို လေ့လာကြည့်ရင် မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးစီမံကိန်းတရပ်ကို ချမှတ် ဆောင်ရွက်နေပါပြီလို့ ဆိုနေကြ သော်လည်း၊ ဒုံရင်းအနေအထားကနေ သိသိသာသာရွေ့တာကို မမြင်ရနိုင် ဖြစ်နေပါတယ်။  

အစိုးရက တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေ အပေါ်တောင်းဆိုခဲ့တဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းရေးအစီအစဉ်ကို ၂၀၁၁ခုနှစ် စက်တင်ဘာလက ရုပ်သိမ်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ဆောင်ချက်တွေ တစုံတရာ အတိုင်းအတာအထိ၊ တိုးတက်ခဲ့တယ်လို့ ဆိုနိုင်ပါ တယ်။ အပစ်အခတ်ရပ်စဲရေးအတွက် ပဏာမ သဘောတူညီချက်တချို့ကို အဓိကကျတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး ရယူနိုင်ခဲ့ပြီး ရန်လို တိုက်ခိုက်မှုတွေ အထိုက်အလျောက် လျှော့ချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တပ်ဖွဲ့တွေ နေရာချထားရေးကိစ္စမှာ အခက်အခဲ အဟန့်အတားတွေ ကြုံနေခဲ့ တာတွေ့ရပါတယ်။ ဒါပေမယ့်၊ ဆက်ဆံရေးရုံးတွေ ဖွင့်နိုင်တာ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့သဘောတူညီမှုရရှိခဲ့တာတွေကိုတော့ အပေါင်းလက္ခဏာ ဆောင်တယ်လို့ ပြောနိုင်ပါတယ်။

ဒီနေရာမှာ သမ္မ္မတ ဦးသိန်းစိန်ကိုတော့ အနည်းငယ် နှိုးဆော်ချင်တာရှိပါတယ်။ အစိုးရတစ်ရပ်ရဲ့ ဦးစီးပဲ့ကိုင်ဖြစ်လာခဲ့တဲ့ သမ္မ္မတ တစ်ဦးအနေနဲ့ စကားတစ်ခွန်း သို့မဟုတ် ကတိတစ်ခုကို ပြီးစလွယ် မပြောဖို့ဖြစ်ပါတယ်။ မြန်မာ့အစဉ်အလာ စကားတစ်ရပ်ဖြစ်တဲ့ ဆိုခဲစေ၊ မြဲစေ ဆိုတဲ့အချက်ကို လိုက်နာစေချင်ပါတယ်။ အစိုးရခေါင်းဆောင်တွေအနေနဲ့ မိမိစကားကို မိမိ သစ္စာရှိရှိ တာဝန်ယူရ ပါတယ်။ တည်ကြည်ခြင်းဆိုတဲ့ သမာဓိရှိဖို့လည်းလိုသလို၊ ကိုယ်စကားကို ကိုယ်တိုင် တာဝန်ယူ အကောင်အထည်ဖေါ်ရဲတဲ့ သတ္တိလည်း ရှိဖို့လိုပါတယ်။ အစိုးရခေါင်းဆောင်တိုင်းဟာ သစ္စာ သမာဓိ သတ္တိ ဆိုတဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို မမေ့သင့်ဘူး ထင်ပါတယ်။ အစိုးရသက်တမ်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စု လွှတ်တော်မှာ ၂၀၁၂ ခုနှစ် မတ်လ(၁) ရက်နေ့က သမ္မ္မတ ဦးသိန်းစိန် ပြောကြားခဲ့တဲ့မိန့်ခွန်းကို ဦးသိန်းစိန်အနေနဲ့ စောင့်ထိန်းဖို့ လိုပါတယ်။

“ ကျွန်တော်တို့အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် အဆင့်(၃)ဆင့်ချမှတ်ပြီး အကောင်အထည်ဖေါ် ဆောင် ရွက်နေတာ ဖြစ်ပါတယ်။ ပထမအဆင့်ဟာ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးဖို့ဖြစ်ပါတယ်။ ပြည်နယ် အဆင့်မှာ နှစ်ဘက် ရန်လိုမှုတွေ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲဖို့။ နှစ်ဦးနှစ်ဘက် သဘောတူထားတဲ့ နယ်မြေဒေသတွေမှာပဲ နေထိုင်ကြဖို့ ယင်းသတ်မှတ်နေရာမှ အပ ကျန်နေရာဒေသများကို သွားရောက်လိုရင် လက်နက်ကိုင်ဆောင်ခြင်း မပြုဘဲ သွားလာဖို့ နှစ်ဘက် ညှိနိုင်းသဘောတူထားတဲ့ နေရာများမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားရှိဖို့၊ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မယ့် နေရာ၊ အချိန်၊ နေ့ရက်တွေ ညှိနိုင်းသတ်မှတ်နိုင်ဖို့ပဲ ဖြစ်ပါ တယ်။” လို့ သမ္မတဦးသိန်းစိန် စကားဆိုခဲ့ဖူးပါတယ်။

ဒုတိယ အဆင့်မှာ ပြည်ထောင်စုက ဘယ်တော့မှ ခွဲမထွက်ဖို့၊ ဒို့တာဝန်အရေးသုံးပါးကို လက်ခံဖို့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ နှစ်ဘက်ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ဖို့၊ နိုင်ငံရေးပါတီများထူထောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ဖို့၊  လွှတ်တော်ထဲမှာ တခြား တိုင်းရင်း သားတွေ နဲ့ ဆွေးနွေးညှိနိုင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဦးသိန်းစိန်က ဆိုခဲ့ပါတယ်။

တတိယအဆင့်မှာတော့ နိုင်ငံတော် အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးအင်အားစု တွေ ပြည်သူ့ ကိုယ်စားလှယ်တွေ စတဲ့ နိုင်ငံတော်မှာရှိတဲ့ အဓိကကျတဲ့သူတွေ အားလုံးပါဝင်တဲ့ ဒီ လွှတ်တော်ကြီးမှာ သဘောတူ လက်မှတ် ရေးထိုး ကြဖို့ ဖြစ်ပါတယ်၊ - - ဖွဲ့စည်းပုံအခြေခံဥပဒေကို အများဆန္ဒနဲ့ သဘောတူ ပြင်ဆင်ပြီး မိမိတို့ရဲ့ လိုလားချက်တွေ ရရှိအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်တဲ့အကြောင်း သမ္မ္မတက ပြောခဲ့တာတွေ့ရတယ်။

သမ္မတဦးသိန်းစိန်က “တိုင်းရင်းသားအင်အားစုအားလုံးပါဝင်နိုင်ခွင့်ရှိသည့် နိုင်ငံရေးလုပ်ငန်းစဉ်”၊ အပစ်အခတ် ရပ်စဲရေး လုပ်ငန်း စဉ်တွေ အပြီးမှာ “ပင်လုံစိတ်ဓာတ်” ကို အခြေခံတဲ့ ယုံကြည်မှုတည်ဆောက်ရေး၊ နောက်ပိုင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ရေး အစရှိသဖြင့် အလေးပေးပြော ဆိုခဲ့တာလည်း တွေ့ရပါတယ်။  ဒါပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေက နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ ဆွေးနွေးဖြေရှင်းဖို့၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ လွှတ်တော် ပြင်ပမှာ ပင်လုံကဲ့သို့သော အမျိုးသားညီလာခံကြီးတရပ် ခေါ်ယူကျင်းပပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့၊ စသဖြင့် တောင်းဆိုခဲ့တာတွေလည်း ရှိပါတယ်။ 

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ အကြား ပဓါနကျတဲ့ သဘောထားကွဲလွဲမှု တွေကို ယေဘုယျ သုံးသပ် ကြည့်ရင် အစိုးရက တိုင်းရင်းသားတွေကို လက်နက်စွန့်ဖို့ဖိအားပေးတိုက်တွန်းနေတယ်။ နောက် ဥပဒေ ဘောင်အတွင်းဝင်ပြီး နိုင်ငံရေးပါတီတွေ ထူထောင်ခိုင်းနေတယ်။ ပြီးရင် ရွေးကောက်ပွဲဝင် ပါလီမန်လွှတ်တော်ထဲမှာ ရပိုင်ခွင့်တွေ ဆွေးနွေးညှိနှိုင်း ယူဖို့ ပြောနေတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေက လက်မခံနိုင်ဘူး။ တိုင်းရင်းသားတွေ အယူအဆက သူတို့ကိုယ်ကို ကာကွယ်ဖို့ တန်းတူအခွင့်အရေးတွေရရှိဖို့ သူတို့လက်နက်ကိုင်တာဖြစ်တယ်။ အရင် စစ်အစိုးရရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့မယုံကြည်ဘူး။ အထူးသဖြင့် ပုဒ်မ ၃၃၈- လက်နက်ကိုင် တပ်အားလုံး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အောက်တွင် ရှိရမည် ဆိုတဲ့အချက်ကို တိုင်းရင်းသားအများစုက ဘ၀င်မကျနိုင်ဖြစ်နေတယ်။

လောလောဆယ်မှာ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က လက်နက်ကိုင် တိုက်ပွဲတွေကြောင့် တပ်မတော် တပ်ဖွဲ့ များအပေါ် အစိုးရ အနေနဲ့ ထိန်းချုပ်နိုင်စွမ်း ရှိ/မရှိ မေးခွန်းထုတ်စရာတွေလည်း ရှိနေတယ်။ မကြာသေးမီက (SSPP/SSA) ဗဟို ဌာနချုပ်ရဲ့ အောက်တိုဘာ (၁၀)ရက်နေ့စွဲပါ ထုတ်ပြန်ကြေညာချက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)နဲ့ အစိုးရတပ်မတော်တို့ ကြား ဖြစ်ပွားခဲ့တဲ့ တာဖာဆောင်တိုက်ပွဲဟာ အကြောင်းမသင့်လို့ မမျှော်လင့်ပဲ မှားယွင်း ဖြစ်ပွားတဲ့ တိုက်ပွဲ မဟုတ်ဘဲ အစီအစဉ်ရှိရှိ တိုက်ခိုက်ထိုးစစ်ဆင်ခဲ့တာဖြစ်တယ်လို့ ဆိုတယ်။

‘‘တစ်ချိန်တည်း တစ်ပြိုင်တည်း နှစ်နေရာ၊ သုံးနေရာကို လက်နက်ကြီးပစ်ကူဖြင့် ခြေလျင် တပ်များထိုးစစ်ဆင်တိုက်ခိုက်တဲ့ သာဓက ကို ကြည့်ခြင်းအား ဖြင့် လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပေသည်’’ လို့ တာဖာဆောင်းတိုက်ပွဲနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရတယ်။ တာဖာဆောင်းတိုက်ပွဲကြောင့် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး အစီအစဉ်တွေအတွက် ယုံကြည်မှုကို ထိခိုက်ကြောင်းလည်း ရှင်းလင်းချက်မှာ ဖော်ပြထားတယ်။ တာဖာဆောင်မှာ ဖြစ်ပေါ်လာတဲ့ စစ်ရေး ပဋိပက္ခတွေအရ အောက်တိုဘာမှာ အစိုးရလုပ်ချင်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ ဖြစ်နိုင်ခြေ မရှိတာတွေ့ရတယ်။ လက်ရှိအစိုးရအနေနဲ့ သတိပြုသင့်တဲ့ အချက်က တိုင်းရင်းသားတို့ရဲ့“နိုင်ငံရေးမျှော်မှန်းချက်” ကို အလေးဂရုပြုဖို့ပါပဲ။

ဒါ့အပြင် ပြည်တွင်းစစ်အဆုံးမသတ်နိုင်တာကြောင့် အစိုးရအဆက်ဆက်ဟာ ကာကွယ်ရေးအသုံးစရိတ်ကို တိုးသုံးနေတာကလည်း တိုင်းပြည်ဆင်းရဲခြင်းရဲ့အကြောင်းရင်းလို့ ဆိုရမယ်ထင်တယ်။ ၂၀၁၃ ခုနှစ် ဇန္န၀ါရီ(၃၁)မှာ ဘဏ္ဍာအခွန်ဝန်ကြီးက ကာကွယ်ရေး အသုံးစရိတ် (၁၄ ဒဿမ ၄ %) အထိ လျှော့ချခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပညာရေးအသုံးစရိတ်(၆ ဒဿမ ၅ %)၊ ကျန်းမာရေးအသုံးစရိတ် (၃ ဒဿမ ၄ %) တို့နဲ့ နှိုင်းယှဉ် ကြည့်ရင် အချိုးအစားအရ မြင့်မားနေဆဲဖြစ်တယ်။

ပြည်တွင်းစစ်ရဲ့ နောက်ဆိုးကျိုးတခုကတော့ မူးယစ်ဆေးဝါးပြဿနာပါပဲ။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) အစီရင်ခံစာအရ၊ မြန်မာနိုင်ငံဟာ ကမ္ဘာ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ကြောင်း မှတ်တမ်းတင် ခံရပါတယ်။ (UNODC) အစီရင်ခံစာ အရ၊ ရှမ်း နဲ့ ကချင်ပြည်နယ်တွေမှာဘိန်းစိုက်ပျိုးမှု ပမာဏ အကြီးမားဆုံးလို့ဆိုပါတယ်။ ပြည်တွင်းစစ်နဲ့ မူးယစ်ဆေးဝါးရောင်းဝယ် ဖေါက်ကားမှုတို့ဟာ ခွဲခြားမရတဲ့ နာတာရှည်ရောဂါကြီး ဖြစ်နေတာတွေ့နိုင်ပြီး၊ အစိုးရယန္တရားအတွင်းမှာ “ရာဇ၀တ်မှုထိန်းချုပ်နိုင်ရေး”၊ “ဥပဒေနဲ့အညီ ပုံမှန်လည်ပတ်နိုင်ရေး” သည်ပင်လျှင် တိုင်းပြည်ငြိမ်းချမ်းမှဖြစ်နိုင်ပါလိမ့်မယ်။

ဒီတော့ ခြုံငုံသုံးသပ်ရရင် “နှစ်ဘက် ရန်လိုမှုတွေ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲဖို့။ နှစ်ဦးနှစ်ဘက် သဘောတူထားတဲ့ နယ်မြေဒေသ တွေမှာပဲ နေထိုင်ကြဖို့” လို့သမ္မတဦးသိန်းစိန် လူသိရှင်ကြားပြောဆိုခဲ့တဲ့ ကတိစကားတစ်ခွန်းကို တပ်မတော်က အကြိမ်ကြိမ် ချိုး ဖေါက်နေတာနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်အစိုးရက တာဝန်မယူနိုင်တာ ဘာကြောင့်လဲ။ 

ဆင်းရဲမွဲတေမှုတိုက်ဖျက်ပါ့မယ် လို့ အထပ်ထပ် ကတိပေးခဲ့တာလည်း သမ္မတဦးသိန်းစိန်အစိုးရပါပဲ။ ပြည်တွင်းစစ်ဆင်နွှဲနေခြင်းအားဖြင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အောင်မြင်နိုင်မယ်ထင်ပါသလား လို့လည်း မေးစရာဖြစ်လာပြန်ပါတယ်။ ဒါတင်မက သမ္မတဦးသိန်းစိန်က “တိုင်းရင်းသားအင်အားစု အားလုံးပါဝင်နိုင်ခွင့်ရှိသည့် နိုင်ငံရေး လုပ်ငန်းစဉ်” တစ်ခုဖေါ်ဆောင်ဖို့နဲ့ “ပင်လုံစိတ်ဓာတ်” ကို အခြေခံတဲ့ ယုံကြည်မှု တည်ဆောက်ရေး အကောင်အထည် ဖေါ်ဖို့ စသဖြင့်လည်း ကတိစကားတွေ ဆိုထားပါသေးတယ်။ ဒါပေမယ့် လက်တွေ့ဖြစ်နေတဲ့ အခြေအနေတွေကတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ကတိစကားတွေနဲ့ ဖီလာချည့်ပါပဲ။ 

သမ္မတဦးသိန်းစိန်အစိုးရ (၅)နှစ်သက်တမ်း အတွင်း ပြည်တွင်းစစ်ရပ်စဲအောင် မဆောင်ရွက်နိုင်ဘူးဆိုရင်တော့ ပြည်လူထုဘက်က မေးခွန်းအဟောင်းကို ပြန်မေးရတော့မှာပါပဲ။ လက်ရှိအစိုးရဟာ အရင်အစိုးရတွေလိုပဲ ငြိမ်းချမ်းရေး ဆိုတဲ့ ဝေါဟာရကို ၀ါဒဖြန့်ရုံသက်သက် သုံးနေတာလား။ အာဏာမြဲရေး ကိုယ်ကျိုးစီးပွားအဓွန့်ရှည်ရေးအတွက် ပြည်တွင်းစစ်ကို ဆက်မွေးထားနေတာလား။ ဒီမေးခွန်းတွေကို ငြင်းဆိုချင်ရင်တော့ သမ္မတ ဦးသိန်းစိန်အနေနဲ့“သစ္စာ၊ သမာဓိ၊ သတ္တိ”ဆိုတဲ့ ကျင့်ဝတ်တွေကို စောင့်ထိန်းဖို့ မမေ့သင့်ကြောင်း ရိုးသားစွာ နှိုးဆော်လိုက်ပါရစေ။  

((အောက်တိုဘာလ (၂၀) ရက်၊ ၂၀၁၄၊ တနင်္လာနေ့၊ ဒီလှိုင်းစာစောင်မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။))