အရှင်စန္ဒိမာ (မွန်စိန်တောရ) - ဓါတ်ပုံနိုင်ငံရေး


အရှင်စန္ဒိမာ (မွန်စိန်တောရ)  - ဓါတ်ပုံနိုင်ငံရေး
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၄

သမ္မတဦးသိန်းစိန်နဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ပွင့်ဆိုင်တွေ့ဆုံမှု သုံးလေးကြိမ်လောက် လုပ်ခဲ့ပေမယ့် ဘာမှအရာမထင်ခဲ့ဘဲ ဓါတ်ပုံကြော်ငြာပဲ ဖြစ်ခဲ့တယ်။ ယခု ၁၄ပွင့်ဆိုင်တွေ့ဆုံမှုဆိုတာလည်း ဓါတ်ပုံနိုင်ငံရေးပဲ ဖြစ်အုံးမှာပါ။ ပထမခြေလှမ်းပါ။ နောင်မှာ ဒီလို တွေ့ဆုံမှုတွေ ဆက်လုပ်သွားအုံးမယ်ဆိုတာကလည်း ကြိုးရှည်ရှည်လံပြီး အချိန်ဆွဲထားတဲ့သဘောပါ။    

လက်ရှိနိုင်ငံရေးဖိနှိပ်မှု၊ လူမှုဘဝဆင်းရဲကြပ်တည်းမှု မြင့်မားလာနေတဲ့အချိန်မှာ အာရုံလွှဲ အပေါ်ယံဖြေလျှော့ပြ နိုင်ငံတကာအမြင်မှာ ဘက်ပေါင်းစုံပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံမှု ဆွေးနွေးညှိနှိုင်းအဖြေရှာမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်လို့ အကြောင်းပြစရာ ဆင်ခြေပေးစရာ ရှာတဲ့အနေနဲ့ ဒီ ၁၄ပွင့်ဆိုင်တွေ့ဆုံပွဲကို ထလုပ်လိုက်တာ မြင်သာလှတယ်။  

လုံးဝမတွေ့တာထက် တွေ့တာကောင်းတယ်။ ယခု ပထမခြေလှမ်းသာ ဖြစ်တယ်။ နောင်ဒါမျိုး ဆက်လုပ်ဖို့ ရှိသေးတယ် စသည်ဖြင့် ရသေ့စိတ်ဖြေ မရေမရာ မျှော်လင့်ချက်တွေ ပေးတယ်။ ဤနည်းအားဖြင့် အစိုးရအတွက် အသက်ရှူပေါက်ရသွားတယ်။ အနာဂတ် တိုင်းပြည်နဲ့ပြည်သူလူထုအတွက် ရိုးသားတဲ့ ဖြူစင်ဖြောင့်မတ်တဲ့ စိတ်စေတနာအရင်းခံနဲ့ လုပ်တဲ့ ဆွေးနွေးပွဲအဖြစ် ဘယ်လိုမှ ခံစားလို့ မရတာ အမှန်ပါ။

ဦးသိန်းစိန်ရဲ့  ထိပ်သီးနှစ်ဦးတွေ့ဆုံမှု ဓါတ်ပုံနိုင်ငံရေးဟာ အချိန်အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်ခဲ့တယ်။ ပြည်တွင်းပြည်ပကို မျက်လှည့်ပြပြီး သူတို့လိုချင်တာ ရအောင် ယူနိုင်ခဲ့တယ်။ ထိပ်သီးနှစ်ဦးရဲ့ ဓါတ်ပုံက အလုပ်မဖြစ်တော့ဘဲ အလိမ်ပေါ်သွားတော့ ယခု ထိပ်သီး ၁၄ဦးဓါတ်ပုံနဲ့ မျက်လှည့်ပြပြန်တယ်။

ဒီလို အမြန်ကောက်ချက်ချဖို့ စောသေးတယ်။ စောင့်ကြည့်ဖို့ သင့်တယ်လို့ ယူဆသူတွေ ရှိကောင်းရှိမယ်။ ဘယ်လိုပင်အမြင်ရှိပါစေ လက်ပန်းတောင်းတောင် ဒေသခံပြည်သူတွေရဲ့ မျှော်လင့်ချက်မဲ့အခြေအနေကတော့ မျှော်လင့်ချက်မဲ့လျှက်ပါ။ လယ်သိမ်းခံလယ်သမားတို့ရဲ့ လယ်ယာမဲ့ဘဝအခြေအနေလည်း နဂိုအတိုင်းပါ။ ထောင်ထဲရောက်သွားခဲ့ကြတဲ့ လယ်သမားများလည်း ထောင်ထဲမှာ ဆက်ရှိနေလျှက်ပါ။ အဖမ်းခံထားရတဲ့ သတင်းမီဒီယာသမားတွေလည်း အဖမ်းခံထားရတဲ့အတိုင်းပါ။ ကိုထင်ကျော်ကိုလည်း တရားရုံးတစ်ခုချင်းစီက ထောင်ဒဏ်တွေ ဆက်လက်ချမှတ်နေလျှက်ပါ။ သတင်းထောက်ကိုပါကြီးအမှုလည်း လွတ်လပ်ပွင့်လင်းမျှတတဲ့ တရားစီရင်ရေးနဲ့ အလှမ်းဝေးနေလျှက်ပါ။ မကျေနပ်လို့ ဆန္ဒပြသူတွေကို ပုဒ်မ ၁၈ နဲ့ ဟန့်တားဖမ်းဆီးနေလျှက်ပါ။

တဖက်မှာတော့ PR စနစ် ရှေ့ခရီးဆက်မယ်။ နာဂစ်အခြေခံဥပဒေကို အပေါ်ယံလောက် ပြင်မယ်။ ခရိုနီတွေနဲ့ ထိပ်ပိုင်းစစ်ဗိုလ်တွေရဲ့ စီးပွါးဥစ္စာတွေ ဒီရေအလား ဆက်လက်တိုးပွားနေမယ်။

ပြည်ပအိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားများ ဆက်လက်တိုးပွားနေမယ်။ ပြည်တွင်းက စက်ရုံအလုပ်သမားတွေရဲ့ လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုသံတွေ ဆက်ကြားနေရမယ်။ ထွန်တုံးတိုက်ပွဲတွေ ဆက်ပေါ်ပေါက်နေမယ်။ ထောင်ထဲမှာ လယ်သမားဦးရေ ဆက်လက်တိုးပွားနေမယ်။

အစိုးရပိုင်းက ပုဂ္ဂိုလ်တွေကတော့ ဒီမိုကရေစီဆက်လက်ဖေါ်ဆောင်နေတယ်။ လူ့အခွင့်အရေးတွေ တိုးတက်နေတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှေ့ဆက်သွားနေတယ်။ အခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်တွင်းမှာ ဆောင်ရွက်လျှက်ရှိတယ်လို့ ဆက်ပြောနေကြအုံးမယ်။

ဒီလိုပါပဲ။ ၆၂ ခုနှစ်က စခဲ့တဲ့ စစ်အာဏာရှင်စနစ်ဟာ အမည်အမျိုးမျိုးနဲ့ ယနေ့အချိန်အထိ ပန်းပန်လျှက်ပါ။  

အရှင်စန္ဒိမာ (မွန်စိန်တောရ)