ငြိမ်းချမ်းအေး - သေချင်းဆိုးများနဲ့ မသာ တိုင်းပြည်


ငြိမ်းချမ်းအေး - သေချင်းဆိုးများနဲ့ မသာ တိုင်းပြည်
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၄
 
 

စစ်တပ်က အားလုံး အထက် ရောက်နေတဲ့ စစ်အာဏာရှင် စနစ် အမြစ်မပြတ်သရွေ့ တိုင်းပြည် မှာ နေ့စဉ် ပူဆွေးသောက ရောက်နေရတဲ့ လူသေ ရက်စွဲချည်း ဖြစ်နေဦးမှာပါ။ စစ်ဝါဒ ခေါင်းထောင် ကြီးစိုး နေသရွေ့ တိုင်းပြည် မှာ နေ့စွဲတိုင်းဟာ မသာချနေရမယ့် အသုဘ နေ့တွေချည်းပါ။ အသုဘ မှ ရိုးရိုး အသုဘ မဟုတ် လူ ကို ခွေး သတ် သည့်နှယ် သေချင်းဆိုး နဲ့ သေရတဲ့ အသုဘ ရက်စွဲချည်းပါပဲ။

ဆိုတော့ ဒီ စနစ် ကို အလုံးစုံ မ ဖုတ်ကြည်း မ သင်္ဂြိုဟ်နိုင်သမျှ တိုင်းပြည် ဟာ “သေချင်းဆိုး ဖြစ်ရပ်များ ပြည့်နှက်နေတဲ့ မသာ တိုင်းပြည်” ပဲ ဖြစ်နေမှာပါ။

အဲ့ဒီလို တိုင်းပြည် မှာ ကိုယ့် အိမ် မှာ၊ လမ်းပေါ်မှာ၊ ကားပေါ် ရထားပေါ်မှာ၊ ထောင်ထဲ တန်းထဲမှာ၊ တော ထဲ တောင်ထဲ မှာ လူထု လူအများ လူမှု၊ စီးပွား၊ ကျန်းမာ၊ ရောဂါ၊ ကျည်ဆံ၊ မင်း အစိုးရ ခေါင်သူကြီး လုပ်တဲ့ ရန်သူ မျိုး ငါးပါး တနည်းနည်း ဒဏ်ကြောင့် သေချင်းဆိုး နဲ့ နေ့စဉ် ကြုံတွေ့နေရဦးမှာပါ။

အဲ့သလို တိုင်းပြည်မျိုးမှာ မုဆိုးမ အသစ်တွေ၊ မုဆိုးဖို အသစ်တွေ၊ အမိမဲ့ အဖမဲ့ သားသမီးတွေ၊ သားသေ သမီးသေ အဖေ အမေ တွေ နေ့စဉ် တိုးပွားနေဦးမှာပဲ။

အဲ့ဒီ တိုင်းပြည်မျိုးမှာ တရားဥပဒေ ဆိုတာ နေ့စဉ် အဓမ္မ မုဒိမ်းကျင့်ခံနေရမယ်။ တရားမျှတမှု ဆိုတာ နေ့စဉ် သားလျှော ပျက်ကျနေမယ်။

အဲ့ဒီလို တိုင်းပြည်မျိုးမှာ ဥပဒေ ဆိုတာ မတရားမှု တွေ ကျူးလွန်ဖို့ အကာအကွယ် ဖြစ်နေမယ်၊ ပုဒ်မ တွေဟာ လူသာမန် လူအများ ကို ဖိနှိပ်ဖို့ လက်နက် ဖြစ်နေမယ်။

အဲ့သလို တိုင်းပြည်မျိုးမှာ ဝန်ကြီး ကနေ လယ်သမား အထိ လိုတမျိုး မလိုတမျိုး ရှုံ့ချည်နှပ်ချည် လိုသလို အရေးယူနိုင်၊ မယူနိုင်တဲ့ သားရေကြိုး ဥပဒေ ရဲ့ မတရားမှု ဒဏ် ကို ခံရတယ်၊ ထိုးနှက်ခြင်း ကို ခံရတယ်။

အဲ့သလို တိုင်းပြည်မှာ ဥပဒေ ပြင်ပ ဖမ်းဆီးခြင်း၊ စစ်ဆေးမေးမြန်း ညှဉ်းပန်း ခံရခြင်းဟာ နိစ္စဓူဝ အာဏာရှင်များ ထမင်းစား ရေသောက် ဓလေ့ တခုသာ ဖြစ်တယ်။

ဒီလို မတရားမှုတွေရဲ့ ဒဏ်ခံ သားကောင်ဟာ ဒီကနေ့ အတွက် အလွတ်သတင်းထောက် ကိုပါကြီး ဖြစ်တယ်။ နောက် တနေ့ ခင်ဗျား ဖြစ်နိုင်တယ်၊ ကျနော် ဖြစ်သွားနိုင်တယ်။ ဒီကနေ့ သူတို့ဟာ ကိုပါကြီး အတွက် လာသွားတယ်။ မနက်ဖြန် ခင်ဗျား အတွက် လာနိုင်တယ်၊ ကျနော့် အတွက် လာနိုင်တယ်။ အတိတ်မှာ သူတို့ဟာ ရဟန်း ရှင်လူ ကျောင်းသား တိုင်းရင်းသား လူမျိုးစုစုံ အတွက် လာခဲ့တယ်၊ အနာဂတ် မှာလည်း လာဦးမယ်။ ဒီ စစ်ကျင့်၊ စစ်ကြံ၊ စစ် အတွေး၊ စစ် အလုပ်တွေ တိုင်းပြည် မှာ အပြည့်အဝ မပျောက်သေးသရွေ့ ကိုပါကြီး ဟာ ပထမ သေချင်းဆိုး ကြုံရတဲ့ သူ မဟုတ် သလို၊ နောက်ဆုံး သေချင်းဆိုး ကြုံရမယ့် သူလည်း မဟုတ်ဘူး။

ဒီလို နောက်ခံ လက်ရှိ ပကတိ အခြေအနေ ဟာ ဒီမိုကရေစီ နိုင်ငံရေး သမားများ အပါအဝင် အခု လူအများစု ယုံကြည် ကိုးစား မျှော်လင့်နေတဲ့ စစ်လွှတ်တော် နိုင်ငံရေး အလုပ်မဖြစ်ကြောင်း ထပ်ဆင့် ညွှန်းဆိုနေတယ်။ စစ်လွှတ်တော် နိုင်ငံရေး ကိုချည်း အသားပေး ဇောက်ချ လုပ်ချင်လို့ မရဘူး။ စစ်လွှတ်တော် နိုင်ငံရေး ကို လူအများ “သိဒ္ဓိ” တင် ချီးဝှဲ နေတာတွေ ရပ်သင့်ပြီ။

စစ်လွှတ်တော် အတွင်းကနေ ပြင်မယ် ဆိုတဲ့ စစ်ဝါဒကြီးစိုးရေး အခြေခံ စစ်ဖွဲ့စည်းပုံ ဖျက်သိမ်းရေးဟာ စလုံးရေ စ ပုဒ်မ - ၄၃၆ ဂိတ်ပေါက်မှာ တစ်နေပြီဆိုတာ အခု လက်တလော ထွက်လာခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်ရေး လွှတ်တော် ကော်မတီ အစီရင်ခံစာ ပါ စစ်တပ် သဘောထား က သက်သေပြုတယ်။

စစ်တပ် ဟာ သိက္ခာ ရှိရှိ ဗမာ့နိုင်ငံရေး က နောက်ဆုတ်ပေးနေပြီ ဆိုတာ မဟုတ်ကြောင်း က လည်း စစ်ဖွဲ့စည်းပုံ ပုဒ်မ - ၆(စ) ပါ “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ တွင် တပ်မတော် က အစဉ်တစိုက် ဦးဆောက် ပါဝင်ရေး” ကို လက်ရှိ စစ်တပ် နဲ့ စစ်အုပ်စု အသိုက်အမြုံ တခုလုံးက ဆက်လက် ဆုပ်ကိုင် ထားလိုတဲ့ အစီရင်ခံပါ သဘောထား က ထပ်မံ သက်သေပြုနေတယ်။

ဒီ အခြေအနေမှာ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းစစ် ရပ်စဲရေး ဘယ်လောက် အော်အော် စစ်တပ် သေနတ်ပြောင်း စိုးမိုးနေတာကို မကျော်နိုင်ဘူး။ သေနတ်ပြောင်းဝအောက် ရောက်နေတဲ့ တရားဥပဒေ က ပြည်သူကို အကာအကွယ် မပေးနိုင်ဘူး။ သေနတ်နဲ့ ချိန်ပြီး တိုင်းပြည် ငြိမ်းချမ်း တည်ငြိမ်ရေး တည်ဆောက်ချင်နေသရွေ့ စစ်ပွဲတွေလည်း ရပ်မှာ မဟုတ်ဘူး။

သေနတ် သရဏံ ဂစ္ဆာမိ တိုင်းပြည်မှာ ပွားများ နေသရွေ့ “အင်အားသည်သာ အမှန်တရား” ဖြစ်နေဦးမယ်။ “အမှန်တရား သည် အင်အား” က နောက်ရောက်နေဦးမယ်။

အခု ကိုပါကြီး ဖြစ်ရပ် အတွက် စုံစမ်းရေး ကော်မရှင် တွေ ဖွဲ့ဖို့ တောင်းဆို နိုင်တယ်၊ လူသေ အလောင်း ဆေးစစ်ချက် မှတ်တမ်းတွေ ထုတ်ပြခိုင်းနိုင်တယ်၊ တရား ဥပဒေ အတိုင်း ဖြစ်စေရမယ် လုပ်နိုင်တယ်၊ သတင်းစာ ရှင်းလင်းပွဲ တွေ ခေါ်နိုင်တယ်၊ အစီရင်ခံစာ တွေ ထုတ်နိုင်တယ်။

ဒါပေမယ့် ဒီလို သေချင်းဆိုး သေပွဲ ဝင်ရတဲ့ ဖြစ်စဉ် တွေ တိုင်းပြည်မှာ ရပ် သွား မှာ မဟုတ်ဘူး။ စစ်တပ် ဂုဏော အနန္တော ဖြစ်နေသရွေ့၊ စစ်ဖွဲ့စည်းပုံ သာ ကိုးကွယ်ရာ ရတနာ ဖြစ်နေသရွေ့ လူအများ တနေ့ မဟုတ် တနေ့၊ တနည်း မဟုတ် တနည်း နဲ့ သေချင်းဆိုး ဖြစ်ရပ်တွေ ကြုံနေရဦးမယ်။

သေချင်းဆိုး ရက်စွဲ လ နှစ် တွေ ကုန်ချင်ရင် စစ်ဝါဒ ကို လုံးဝ ဥဿုံ ချေမှုန်း ရန်မှ တပါး အခြား မရှိပါ။ ဒါမှသာ သေချင်းဆိုးများ နဲ့ မသာ တိုင်းပြည်

လူအများ ဘောလုံးပွဲကလေး နိုင်၊ ဖုန်းဈေးလေးကျ၊ အကြောင်းအပေါင်း သင့်နေသူများ ကားသစ်လေး စီးနေရရ၊ အထိုက်အလိုက် စိတ် အချဉ် ပေါက်မှု တွေ ဆန္ဒ ထုတ်ဖော်ခွင့် ရနေရုံနဲ့ ခွေးတူဝက်တူ ဒီမိုကရေစီ၊ ဖားတပိုင်း ငါးတပိုင်း စစ်လွှတ်တော် နိုင်ငံရေး ကို ရောင့်ရဲတင်းတိမ် သာယာ မိန်းမော ရေစုန်စီး မနေကြပါနဲ့။ ရေစုန်မျော သွားပါမယ်။

နေ့ခင်း အိပ်မက် မက်နေရာကနေ ထဖို့ အချိန်တန်ရုံမက နောက်ကျနေပါပြီ။ စစ်အာဏာရှင် စနစ် ဟာ ကင်ဆာ မြစ်ပွားနာ ပါ၊ စနစ်အောက်က လူ အားလုံး နောက်ဆုံး တချိန်ချိန် ပြန့်ပွား ကူးစက် အထိနာကြမှာချည်းပါ။ ဒါ့အပြင် မျိုးရိုးပါ လိုက်ပါတယ်။ သားစဉ်မြေးဆက် ခံရမှာပါ။

အနာဂတ် မျိုးဆက် ကို သေချင်းဆိုးများ နဲ့ မသာ တိုင်းပြည် ပဲ အမွေ ပေးခဲ့ချင်တယ် ဆိုရင်တော့ အခု ဖြစ်ပေါ်နေတဲ့ အတုအယောင် စစ်မိုကရေစီ ကို လက်ခုပ် လက်ဝါး တီး အလိုတူ အလိုပါ ယုံကြည် ကိုးစား မျှော်လင့်ကြပေါ့။ အားပေးသူ၊ ထောက်ခံသူ၊ ပူးပေါင်းသူ အားလုံး သမိုင်း တရားခံ အဖြစ်ခံကြပေါ့။

စစ်လွှတ်တော် နိုင်ငံရေး ယုံစား အားကိုး ဇောင်းပေး နေသရွေ့ လူထု ဘဝဟာ တတိတိ အမှည့်ခြွေ ခံရင်း လုံးပါးပါး နေရဦးမှာပါပဲ။ နောင် ဆယ်နှစ်လား၊ အနှစ် နှစ်ဆယ် လား။ ကြာသလောက် ခံ ရဦးမယ်။ ကြာသလောက် သေချင်းဆိုး နေဦးမယ်။ ကြသလောက် မသာချ တိုင်းပြည် ပဲ ဖြစ်နေဦးမယ်။

လူထု ကို မနာစေချင်လို့ပါဆိုသူများ မိမိ အလုပ်၊ လမ်းစဉ်ကို ပြန်လည်စဉ်းစား သုံးသပ်သင့်ပါပြီ။

ငြိမ်းချမ်းအေး
အောက်တိုဘာ ၂၄၊ ၂၀၁၄
မိုးမခ