ခိုင်မာကျော်ဇော - မိုင်တိုင် ၆၅


ခိုင်မာကျော်ဇော - မိုင်တိုင် ၆၅
(သူ့ဖေ့စ်ဘွတ်) အောက်တိုဘာ ၂၄၊ ၂၀၁၄
လေးဆယ့်ကိုးထဲက 
တာထွက်ခဲ့တဲ့ ရထားကြီး
အမျိုးသားရေး 
တန်းတူရေး
ဖက်ဒရယ်အရေးတွေကို သယ်ဆောင်
ဂုဏ်ရောင်ပြောင်စွာ
မိုင်တိုင်များစွာ ဖြတ်ခဲ့တယ်။

စောဘဦးကြီး
မန်းဘဇန်
စောဘိုမြ
စောဘသင်
စောတာမလာဘော
မမောမပမ်း
မျိုးဂုဏ်ထမ်းလို့ 
ရှေ့ ဆောင် လမ်းပြခဲ့ကြတယ်။

ပဒိုမန်းရှာ
သွေးသစ္စာနဲ့ 
မှတ်တိုင်စိုက်ထူ အလံထူခဲ့
ဗိုလ်တာအယ်
ဗိုလ်ကျော်သောင်း
ထောင်သောင်းရဲဘော် အကျော်မော်တို့ 
ခြေလက် မျက်လုံး
နှလုံးသွေးစက် စတေးခဲ့ကြ
မော်ကွန်းမှတ်တိုင် ထူခဲ့ကြတယ်။

ထိုရထားကြီး
မိုင်တိုင် ၆၅ အရောက်
သစ္စာဖောက်သူ တယောက်နဲ့ 
ဖောက်ပြန်သူ တစုကြောင့်
ပူမှုတွေ ပွေရပေမယ့်
လူထုက ငြိမ်မခံ
အမာခံတွေကို ၀န်းရံ
ကရင့်အလံကို ထူမတ်
အရှိန်မပြတ်နဲ့ 
လမ်းမလွဲနဲ့ 
ဘီးမချော်နဲ့ 
ခရီးဆက်ကြ ချီတက်ကြလို့ 
မီးထိုးဆီထည့် အားဖြည့်ခဲ့တယ်။

ကရင့်တော်လှန်ရေး ရထားကြီး
မိုင်တိုင် ၆၅ ကိုဖြတ်ကျော်
ရောင်နီပေါ်ရာ
ပြည်ထောင်စု စခန်းသာဆီကို
ဂျူန်းဂျူန်းဂျက်ဂျက်
ခရီးဆက်လို့ နေလေပြီ၊


ခိုင်မာကျော်ဇော
၂၃ အောက်တိုဘာ၊ ၂၀၁၄