မင်းကောင်းချစ် - စစ်ဒီမိုကရေစီဒလံနဲ့ အလံရှူး …မြူးတူးပျော်လောင်မြိုက် နိုင်ငံရေးဖလံမိုက်ကယ် ပြောင်ပြောင်မြင် ရွှေထင်မိတော့ မီးကျွမ်းသင့်တူး


မင်းကောင်းချစ် - စစ်ဒီမိုကရေစီဒလံနဲ့ အလံရှူး …မြူးတူးပျော်လောင်မြိုက် နိုင်ငံရေးဖလံမိုက်ကယ် ပြောင်ပြောင်မြင် ရွှေထင်မိတော့ မီးကျွမ်းသင့်တူး
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၄


    အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ပါမောက္ခချုပ် ဦးကျော်ဦးက အောက်တိုဘာ(၉) ရက်နေ့က UMFCCI မှာကျင်းပသွားတဲ့ စားပွဲဝိုင်းဆွေးနွေးပွဲမှာ "ယနေ့လူငယ်များသည် မိမိနိုင်ငံ၏ ယဉ်ကျေးမှု ဆိုသည့် တာဝန်ကြီးကိုမေ့လျော့နေကြပြီး အင်တာနက်သုံးခြင်း၊ Facebook သုံးခြင်းဖြင့်သာ အချိန်ကုန် နေကြ ကြောင်း" ဆိုပြီး ပြောသွားကြောင်း သတင်းတွေဖတ်လိုက်ရပါတယ်။

    ပါမောက္ခချုပ် ဦးကျော်ဦးဟာ အစစအရာရာ ချုပ်ချယ်တတ်တဲ့ အသိုင်းအ၀ိုင်းက ကြီးပြင်းလာသလား ဆိုတာတော့ သေသေချာမသိပါဘူး ။ဒါပေမဲ့ လူဆိုတာ ချူပ်ချယ်တာခံခဲ့ရရင် ဒါမှမဟုတ် ဗိုလ်ကျအနိုင်ကျင့်တာ ခံခဲ့ရရင် တခြားသူတွေကို ပြန်ချုပ်ချယ်တတ်၊ ဗိုလ်ကျအနိုင်ကျင့်တတ်ပါတယ် ။ ၂ နှစ် ၃ နှစ်သားကလေးဟာ လူကြီးတွေက သူ့ ကို ဆူပူချုပ်ချယ်သလို တခြားသူတွေကို တပုံစံထဲ ပြန်ပြောတတ်ပါတယ် ။ ငယ်စဉ်တောင်ကျေးက ရလါတဲ့ စိတ်အနာ (Psychological Trauma ) ဟာ လူတဦးနဲ့ တဦးမှာ ရောဂါအနုအရင့်မတူနိုင်ပေမဲ့ မိမိခံစားရသလို သူများကိုခံစားစေလိုတဲ့ စိတ်သဘောအခြေခံကတော့အတူတူပါဘဲ ။

    အင်တာနက်သုံးတာ Facebook ,Twitter သုံးတာတွေဟာ ခေတ်လိုအပ်ချက်အရ ပေါ်ပေါက်လါတဲ့ မလွှဲမသွေဖြတ်သန်းရမဲ့ ခေတ်ရေစီးကြောင်းကြီးပါ ။ ဒီနေ့ ခေတ်ကာလရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေပါ တောင်ပြိုလါတာကိုလက်နဲ့ ကါတားဆီးလို့ မရစကောင်းပါဘူး ။ ပညာရေး ၊ စီးပွားရေး ၊ နိုင်ငံရေး ၊ ကျန်းမာရေး ၊ မီဒီယာနဲ့ လူမှု့ဆက်ဆံရေး ရှိရှိသမျှနယ်ပယ်အသီးသီးဟာ အင်တာနက်နဲ့ ကင်းကွာလို့ မရနိုင်တော့ပါဘူး ။ လောကမှာ ဘယ်အရာမဆို အကောင်းနဲ့ အဆိုးဒွန်တွဲနေစမြဲပါ ။

    အင်တာနက်ကနေ ကောင်းတာတွေများများ ထုတ်ယူသုံးစွဲတတ်လါအောင် တိုက်တွန်းအားပေးရင်း လူမှု့ကွန်ယက်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေခွဲခြားတတ်ဖို့ အကြံပြုသင့်တဲ့ တက္ကသိုလ်တခုရဲ့ ပါမောက္ခချုပ်တယောက်က အခုလို အဆိုးမြင်မိန့် ခွန်းစကားဆိုတာကတော့ ရှက်စရာကောင်းလွန်းပါတယ် ။ ခေတ်အမြင်မရှိတဲ့ ဒီလိုပုဂ္ဂိုလ်မျိုးတွေ အရေးပါတဲ့နေရာရနေတာ.. တိုင်းပြည်အတွက် ၀မ်းနည်းစရာကောင်း ပါတယ် ။

    ပြီးတော့ အောက်တိုဘာ (၁၁) ရက်နေ့က မန္တလေးမြို့၊ ဓမ္မသာလခန်းမမှာကျင်းပတဲ့ PR အချိုးကျကိုယ်စားပြုစနစ်အကြောင်း နိုင်ငံရေးအကြပ်အတည်းတွေ နောက်ထပ်ဖြစ်မလာစေဖို့ ရွေးကောက်ပွဲစနစ်သစ်ကို အကောင်အထည်ဖော်သင့်ကြောင်း နိုင်ငံရေးစာပေတွေ ရေးသားနေတဲ့ စာရေးဆရာဦးကျော်ဝင်းကပြောသွားပါတယ်။

    မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေမှာ နိုင်သူအကုန်ယူစနစ်ဖြစ်တဲ့ FPTP စနစ်ကို ကျင့်သုံးခဲ့တဲ့အတွက် မြန်မာ့နိုင်ငံရေးမှာ အကြပ်အတည်းတွေရှိခဲ့ကြောင်း၊ PR စနစ် ကျင့်သုံးမယ်ဆိုရင်တော့ အထိုက်အလျောက် ထိန်းနိုင် မယ်လို့ ယူဆကြောင်းလည်း ဦးကျော်ဝင်းက ပြောပါတယ်။ တိုင်းပြည်အတွက်အခြေခံအကျဆုံးနဲ့  အရေးအကြီးဆုံး ပြသနာကြီးဖြစ်တဲ့ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို… တလုံးတပါဒတောင်ထည့် မပြောဘဲ သူ့ အကြိုက်ကတော့ PR အချိုးကျကိုယ်စားပြုစနစ်လို့ ပြောသွားတာပါဘဲ။

    အဟန့်အတားအနှောင်အယှက် ခြိမ်းခြောက်မှု့တွေကြားက ခက်ခက်ခဲခဲ ကောက်ယူထားလို့ ရလာတဲ့ ပြည်သူပြည်သား (၅) သန်းနီးပါးရဲ့ ဆန္ဒကို မသိချင်ယောင်ဆောင်ထားပြီး.. စစ်အာဏာရှင်စနစ်ကို ကျားကန် အသက်ဆက်ထားတဲ့ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုလူထုဆန္ဒနဲ့ ညှိနိုင်းပြင်ဆင်ဘို့ မလုပ်ဘဲ ၂၀၁၅ ရွေးကောက်ပွဲကို PR အချိုးကျကိုယ်စားပြုစနစ်နဲ့အဲ သွားချင်တဲ့ အာသီသရှိပုံရတယ်။
အခုလို ပြည်သူပြည်သားတွေကြား ၀ိဝါဒတွေကွဲပြား၊ မညီညွတ်မှု့တွေ ကြီးမားစေမဲ့ PR အချိုးကျကိုယ်စားပြုစနစ်အတွက် အချိန်ကုန်ခံမနေဘဲ နိုင်ငံတော်သမ္မတအကြံပေးတယောက်ဖြစ်တဲ့ ဦးကျော်ဝင်းကို အောက်ပါ အကြံပြုချက်သုံးချက်ကို လက်ရှိအစိုးရထံ မပြုရသေးဘူးဆိုရင် ပြုပေးဘို့ မေတ္တာရပ်ခံလိုက်ပါတယ်။

၁) နိုင်ငံရေးပြသနာတွေ အခြေခံကစပြေလည်အောင် ကြီးလေးကြီးခေါ်ခေါ် ကြီးငါးကြီးခေါ်ခေါ် တိုင်းသူပြည်သားရာခိုင်နှုန်းအများစုကို ကိုယ်စားပြုတဲ့ ပြည်သူ့ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုလေးလေးစားစားအသိအမှတ်ပြုပြီးတော့ တိုင်းရင်းသားပါတီစစ်စစ်တွေနဲ့ အစိုးရအဖွဲ့၊ စစ်တပ်၊ ကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီ ခေါင်းဆောင်တွေ ရိုးရိုးသားသား တွေ့ဆုံအဖြေရှာနိုင်ဘို့ ရဲရဲရင့်ရင့် အကြံပြုပါ ။

၂)  ပုဒ်မ ၄၃၆ အပါအ၀င် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ဘို့  ပြည်သူပြည်သား (၅) သန်းနီးပါးရဲ့ ဆန္ဒကို ရိုးရိုးသားသားပွင့်ပွင့်လင်းလင်း ဘယ်လိုအကောင်ထည်ဖေါ်နိုင်မလဲဆိုတာ ပြတ်ပြတ်သားသား အကြံပြုတိုက်တွန်းပါ ။

၃) ပြည်တွင်းစစ်မီးကိုငြိမ်းသတ်နိုင်ဘို့  စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဘို့  ဆွေးနွေးပွဲတွေမှာ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေးခေါင်းဆောင် စစ်ဗိုလ်ချုပ်ကြီးတွေ အုပ်စီးဆွေးနွေးလို့ လုံးဝမရနိုင်ဘူးဆိုတာ၊ စစ်ရေးအသာစီးရဘို့ အမြင်တွေနဲ့ အပစ်ရပ်ကလေးတောင် လက်မှတ်မထိုးချင်ကြတာ.. ပြည်သူ့ ဆန္ဒမဟုတ်ဘူး။ 'သူတို့ဆန္ဒ' သာဖြစ်တယ်ဆိုတာ..  မထောက်မညှာ သတိပေးအကြံပြုပါ ။ ပြီးရင် ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ တကယ့်ပါဝင်သင့် ပါဝင်ထိုက်သူတွေ၊ ပြည်သူကို တကယ်ကိုယ်စားပြုသူတွေ ပါဝင်နိုင်အောင် အလေးထား တိုက်တွန်းအကြံပြုပါ ။

နောက်တခါ အောက်တိုဘာ (၁၁ )ရက်နေ့ကပဲ Summit Parkview ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ ပါရဂူဘွဲ့နှင်းသဘင် အခမ်းအနားမှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက "ပညာရေးဟာ ပညာရေးပဲလေ။ ပညာရေးကို နိုင်ငံရေးလုပ်လို့မှ မရတာ။ လက်ဝှေ့ထိုးချင် စင်ပေါ်တက်လာခဲ့လေ။ အပြင်မှာဆိုရင်တော့ လမ်းပေါ်က ရန်ပွဲဖြစ်သွားမှာပေါ့" ဆိုတဲ့ စကားပြောသွားကြောင်း ကြားလိုက်ရပါတယ်။

အထက်ပါပုဂ္ဂိုလ်ကြီးတွေဟာ… သူတို့သမိုင်း သူတို့ ရေးနေကြတာပါ ။ လူတိုင်းဟာ ကိုယ့်ရပ်တည်ချက်သာ မှန်တယ်လို့ ထင်ကြတဲ့သူချည်းပါပဲ။ ဦးနန္ဒကျော်စွာကို တခွန်းပဲမေးချင်ပါတယ် ။ ပြည်သူ့လွှတ်တော်ဆိုတဲ့ နိုင်ငံရေးစင်မြင့်ပေါ် (၂၀၁၀) ရွေးကောက်ပွဲနဲ့ ရောက်နေတဲ့ ဦးနန္ဒကျော်စွာဟာ.. တရားနဲ့ အညီရောက်နေတာလား?  ပြည်သူလူထုရဲ့ ဆန္ဒအရ ရောက်နေတာလား? ဆိုတာ မှန်ရှေ့မှာရပ်ပြီး သေသေချာချာ ဖြေစေချင်ပါတယ် ။

ပဒိုင်းစေ့စေ့စိုက်ရင် ပဒိုင်းသီးပဲ သီးမှာပါ။ ပိန္နဲသီးမသီးပါဘူး ။ ပိန္နဲစေ့စိုက်မှ ပိန္နဲသီးသီးမှာပါ ။ ဒီနေ့ခေတ် တိုးတက်လါတဲ့ မျိုးရိုးဗီဇသိပ္ပံနည်းပညာတွေနဲ့ မျိုးစပ်ကိုင်းကူး စိုက်တဲ့အခါ သစ်တော့-မာလကာမျိုး၊ ဟိုင်းဘရစ်ဒ်အသီးတွေ ရနေပါပြီ။

(၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ ဒီမိုကရေစီမျက်နှာဖုံးစွပ်ထားတဲ့ စစ်အာဏာရှင်ဟိုက်ဘရစ်ဒ်မျိုးပါ ။ အဲ့ဒီ စည်းကမ်းပြည့်ဝသော စစ်အာဏာရှင်ဒီမိုကရေစီ သစ်ပင်ကြီးက သီးပွင့်လါတဲ့ အသီးအပွင့်ဟာ.. စစ်ဒီမိုသီးပဲ သီးမှာပါ ။ တခြားအသီး..သီးစရာအကြောင်းမရှိပါဘူး။
ဗေဒင်မေးရင် ငွေကုန်လိမ့်မယ်၊ ဆန်ကုန်ပါလိမ့်မယ် ။ (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကခွင့်ပြုမဲ့ စစ်ဒီမိုကရေစီဆိုတာ ဘယ်လိုဟာမျိုးလည်း … အရှင်းဆုံးရေးပြရရင်တော့ ..စစ်တပ်ကပေးတဲ့ ဒီမိုကရေစီပါဘဲ ။ စစ်တပ်ကပေးမဲ့ ဒီမိုကရေစီဆိုတာ ဘယ်လိုဒီမိုကရေစီမျိုးဖြစ်မလဲ ။ စစ်အာဏာရှင်ရဲ့ အာဏာကိုမထိပါးနိုင်တဲ့ မည်ကာမတ်တ ဒီမိုကရေစီမျိုး ၊ အာဏာရှင်နဲ့ အပေါင်းအပါတွေကို ဥပဒေအထက်မှာ နေခွင့်ပေးတဲ့ ဒီမိုကရေစီမျိုးပါဘဲ ။ တနည်းအားဖြင့်ပြောရရင် ဓါးမိုးထားတဲ့ ဒီမိုကရေစီပါပဲ ။

ကျွန်တော်တို့ ဟာ နိုင်ငံရေးအမြင်ရှင်းဖို့ အလွန်အရေးကြီးပါတယ် ။ နိုင်ငံရေးအမြင် ဝေဝါးတာနဲ့ ရပ်တည်ချက်မှားတတ်ပါတယ်။ တသက်လုံးဇောက်ချလုပ်ခဲ့တဲ့ သမာရင့်နိုင်ငံရေးသမားကြီးတွေတောင် ရပ်တည်ချက်မမှန်လို့ မြောင်းထဲရောက်ကုန်တဲ့ သမိုင်းသာဓကတွေ အထင်အရှားရှိပါတယ် ။ ကျွန်တော်တို့ဟာ လမ်းခုလတ်မှာ နိုင်ငံရေးပိုးဖလံ မဖြစ်ဖို့ လိုပါတယ် ။ ဒီမိုကရေစီအလင်းရောင်အတုကို တွယ်တာစွဲလမ်းပြီး ကိုယ်ကို ကိုယ် မလောင်ကျွမ်းအောင်သတိထားကြရမှာပါ။

ဘယ်အာဏာရှင်မဆို အသာတကြည် လက်ဖြန့်တောင်းရုံနဲ့  အာဏာကိုဘယ်တော့မှ လက်လွှတ်ရိုး ထုံးစံမရှိပါဘူး ။ လက်သီးဆုပ်တောင်းရတာပါ ။ လက်သီးဆုပ်တယ်ဆိုလို့  အကြမ်းဖက်ဖို့၊ အစိုးရဘာလုပ်လုပ် ဆန့်ကျင်ဖို့ ပြောတာမဟုတ်ပါဘူး ။ မတရားတဲ့အမိန့်အာဏာ ဥပဒေမှန်ရင် အနိုင်ကျင့်ဗိုလ်ကျမှု့မှန်သမျှကို ရဲရဲရင့်ရင့်ဆန့်ကျင်၊ အမှန်တရားနဲ့ လူများစုအကျိုးစီးပွားဘက်မှာ ပြတ်ပြတ်သားသားရပ်တည်၊ လူတိုင်းလူတိုင်းက မိမိရဲ့အခြေခံလူ့အခွင့်ရေးအတွက် မိမိကိုယ်တိုင် မကြောက်မရွံ့ မိမိဆန္ဒကို လွတ်လွတ်လပ်လပ် ထုတ်ဖေါ်ပြသကြရမှာပါ ။

    အခွင့်အရေး မညီမျှမှု့တွေ၊ တရားဥပဒေအထက်မှာ ဘယ်သူမှ တက်ထိုင်ခွင့်ပေးလို့ မဖြစ်ပါဘူး ။ တရားဥပဒေစိုးမိုးအောင် ဥပဒေအထက်မှာ ဦးသန်းရွှေမကလို့ ဦးသန်းရွှေအဖေ တက်ထိုင်နေလည်း ဆွဲချရမှာပါ ။ လက်ရှိ စည်းကမ်းပြည့်ဝသောဒီမိုကရေစီအစိုးရလက်ထက်မှာ ကာလုံအဖွဲ့ ရယ်၊ ကာချုပ်၊ အစိုးရ၊ တပ်မတော်သားအမတ်တွေနဲ့  ပြည်ခိုင်ဖြိုးပါတီနဲ့  ခရိုနီတချို့ ဟာ… ဥပဒေအထက်မှာ ကျကျနနဖျာခင်း ထိုင်နေကြတာကို အမြဲဆန့်ကျင် မီးမောင်းထိုးပြ ဆွဲချနေရမှာ နိုင်ငံသားတိုင်းရဲ့ တာဝန်ကြီးပါဘဲ ။

    ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ နိုင်ငံရေးအမြင်ရှင်းဖို့ လိုသလို နိုင်ငံရေးသတ္တိရှိဖို့လည်း လိုပါတယ် ။ အထူးသတိပြုရမဲ့အချက်က (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အာကလံ ပါကလံ ပြင်ပြီး (၂၀၁၅) ရွေးကောက်ပွဲက ရလာမဲ့ ဒီမိုကရေစီဟာ…ဓါးမိုးထားတဲ့ဒီမိုကရေစီ တနည်းအားဖြင့် ကြက်ခြင်းထဲက ဒီမိုကရေစီမျိုးလို့ပဲ ပြောရမှာပါ ။ စည်းကမ်းပြည့်ဝသောဒီမိုကရေစီကို ခံစားရင်း အချိန်မရွေး ခေါင်းဖြတ်တာ ခံရနိုင်ပါတယ် ။ အာဏာရှင်အာဏာသိမ်းတာ အချိန်ခါမရွေး ခံရနိုင်ပါတယ်။ ဒါကြောင့်စစ်မှန်တဲ့ဒီမိုကရေစီရဖို့ ၊ ကိုယ့်အခွင့်အရေးကိုယ် နောက်ဆံမငင်ဘဲ လွတ်လွတ်လပ်လပ်ခံစားနိုင်ဘို့ (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စစ်သွေးစင်တဲ့အထိ ပြင်နိုင်အောင် မြန်မာနိုင်ငံသားမှန်ရင် ရဲရဲရင့်ရင့် လက်သီးဆုပ်ပြီး ပါဝင်ကြဖို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို နိဂုံးသတ်လိုက်ပါတယ်။         ။