ဟန်သစ်နိုင် - ဆရာလင်းထိုက် (YIT) နှင့် ဆရာအောင်ကို (တာမွေ) တို့၏ နိုင်ငံရေးဆောင်းပါးစာအုပ်မိတ်ဆက်


ဟန်သစ်နိုင် - ဆရာလင်းထိုက် (YIT) နှင့် ဆရာအောင်ကို (တာမွေ) တို့၏ နိုင်ငံရေးဆောင်းပါးစာအုပ်မိတ်ဆက်
စက်တင်ဘာ ၂၊ ၂၀၁၄
 

 
ဆရာလင်းထိုက် (YIT) မှ သမတကြီးမိန့်ခွန်းလာပါတော့မယ်နှင့် ဆရာအောင်ကို (တာမွေ)မှ  ကြံ့ခိုင်ရေးအာဏာပိုင်အချို့မတရားမှုများနှင့် နိုင်ငံရေးဆောင်းပါးစာအုပ်ကို ဓမသံတော်ဆင့်စာပေမှထုတ်ဝေပြီး ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ HOME မီဒီယာခမ်းမတွင် သြဂုတ် ၂၉ ရက်က စာအုပ်မိတ်ဆက်ပွဲပြုလုပ်ခဲ့သည်။

ဆရာလင်းထိုက် (YIT)မှ ပြောကြားရာတွင် မိဘပြည်သူများခင်မျာဟု သမတကြီးမိန့်ခွန်းတိုင်းသည် လက်ရှိဘဝအခင်းကျင်းတွင် မိန့်ခွန်း များက ရှေ့ကရောက်နေပြီး၊ လက်ရှိအခြေအနေကနောက်ကလိုက်ကြောင်း၊ နိုင်ငံတော်ကိုဦးဆောင်သော သမတတစ်ယောက်သည် ကိုယ် လုပ်နိုင်တာထက် အပြောမများသင့်ဘဲ လုပ်နိုင်သောအရာများသာပြောဆိုသင့်ကြောင်း၊ လွှတ်တော်ထဲတွင်လည်း သမတမိန့်ခွန်း များကို ဝေဖန်ထောက်ပြမှုများမရှိခြင်း၊ အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် လုပ်ဆောင်ပေးမည်ဟု ထပ်ခါထပ်ခါပြောဆိုနေ သော်လည်း အကောင်ထည်မဖော်နိုင်သေးဘဲ တခြားစီဖြစ်နေကြောင်း၊ သမတကြီးသည် အမြင်လေးခုထဲတွင် စီးပွားရေးအမြင်တခုမရှိပဲ မလုပ်တတ်သောကြောင့် တိုင်းပြည်ချွတ်ခြုံကျနေရပြီး ၅၉ (ဃ) နှင့် ညှိနေကြောင်းများပြောသည်။

သမတကြီးပြောသွားသောမိန့်ခွန်းထဲတွင် “ပြည်သူတွေက စနစ်ကောင်းမကောင်းဆုံးဖြတ်ရမှာ သူတို့နေ့စဉ် လူနေမှုဘဝပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်နိုင်တာနဲ့ပဲတိုင်းတာမှာဖြစ်ပါတယ်” ဟု  ပြောသွားခြင်းများသည် လက်ရှိအခြေအနေဆိုးနေသဖြင့် စနစ်မကောင်းကြောင်း ပေါ်လွင်နေသည်ဟုဆရာလင်းထိုက် (YIT)ဆိုသည်။



ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် နှစ် ၂၀ကျော်ထမ်းဆောင်ခဲ့ပြီး ရင်ဆိုင်တွေ့ကြုံခဲ့ရသော ဘဝအမှန်များကို ဆရာအောင်ကို (တာမွေ)မှပြောကြားရာတွင် နှစ်၂၀ကျော်တာဝန်ကျေ ထမ်းဆောင်ခဲ့သော်လည်း မိဘနာမကျန်းဖြစ်ချိန်တွင်လည်း ကြံ့ခိုင်ရေးပါတီမှ ငှဲ့ညှာခြင်းမရှိပဲ ပါတီရဲ့သဘောထားအမှန်ကိုသိရှိခဲ့ပြီး စိတ်တော်တော်နာခဲ့ကြောင်း၊ ကြံ့ခိုင်ရေးပါတီ နိုင်ငံတော်အကြီးကဲများ ရည်မှန်းချက်ကြီးကြီးမားမားထားခဲ့သော်လည်း ကိုယ်ကြိုးရှာ၊ စီးပွားရှာလုပ်စားနေသူများကို အထက်မှသိသိနဲ့ဖယ်ရှားခြင်းများမပြုခြင်း၊ နိုင်ငံတော်ဘဏ္ဍာနှင့်ပတ်သက်ပြီး မီတာကိုခိုးသုံးတာကြောင့် ခေါင်းဆောင်တစ်ယောက် မလုပ်သင့်တာလုပ်မိပြီး မိမိက ဒဏ်ငွေ ၇ သိန်း စိုက်ပြီးပေးဆောင်ခဲ့ခြင်း၊  ကြံ့ခိုင်ရေး ပါတီမှ လူတကာအလယ်မှာ မျက်နှာမပြရဲအောင် ဆိုးရွားစွာပြုမူလုပ်ဆောင်ချက်များ “က” ကြီးမှ “အ” အဆုံးသိပြီး ထပ်မံထုတ်ဖော်ပြောဆိုမည်ဖြစ်ကြောင်း၊ မိမိယခုရေးသားထားသောစာအုပ်နှင့်ပတ်သက်ပြီး အမှန်တွေရေးသားထားခြင်းကြောင့် တာဝန်ယူရဲခြင်းများကိုပြောကြားသည်။

“ကျနော်အဖေအာသုဘတွင် ကြံ့ခိုင်ရေးပါတီမှတစ်ယောက်မှမလာဘူး။ ရပ်ကွက်လူကြီးတစ်ယောက်ကပြောတယ်။ ကြံ့ခိုင်ရေးက အစိမ်း တွေဘယ်ရောက်ကုန်လဲ။ ခင်များအဆင့်ကြီးနဲ့ ဒီအချိန်မှာ NLD ဆိုရင် တစ်လမ်းလုံးရဲရဲနီသွားမယ်” ဟု ဆရာအောင်ကို (တာမွေ) မှ ပြောပြသည်။