ဇော်အောင် (မုံရွာ) - ဆက်လက်တိုးပွားနေဆဲ၊ စင်ကာပူရောက်မြန်မာများ ၂၀၁၄

ဇော်အောင် (မုံရွာ) - ဆက်လက်တိုးပွားနေဆဲ၊ စင်ကာပူရောက်မြန်မာများ ၂၀၁၄
စက်တင်ဘာ ၁၄၊ ၂၀၁၄
 
 
 
မြန်မာပြည်အပြီး၊ ပြန်သူတွေ အလွန်များသည်ဟု ပြောကြသည်။ မှတ်တမ်းတင်ကြသည်။ သို့သော် မိမိနှင့်ခေတ်ပြိုင် စင်ကာပူရောက်လာသူမိတ်ဆွေရင်း ၁၀ယောက် ရေတွက်ကြည့်သောအခါ တစ်ယောက်မှမပြန်သေးသည်ကို တွေ့ရသည်။ မိမိသာလျှင် ပြန်ပြည်ဟု တစ်နှစ်ခွဲခန့် ကြိုးစားကြည့်ပါသည်။ ဘုရားကိုလည်း အများကြီးဆုတောင်းပါသည်။ မိမိမိတ်ဆွေများ စင်ကာပူမှာကြာနေပြီ၊ အတွေ့ကြုံရင့်နေသောကြောင့် လစာငွေ ဒေါ်လာ ၄ထောင်၊ ၅ထောင် ရရှိနေကြသူများက .. ဗမာပြည်မှာ တစ်လဒေါ်လာတစ်ထောင်တောင် မရဘူး ပြောပြီး၊ စင်ကာပူမှာပဲ ပြန်လာနေကြသည်။ မပြန်နိုင်ခြင်း၏ အဓိကအကြောင်းအရင်းမှာ သံယောဇဉ်အတွယ်အတာ ကြောင့်ဖြစ်ပါသည်။ အသက်ကြီးမီးဇာကုန် ရေခမ်းမှ ပြန်ကြမလားမသိပါ။ မြန်မာပြည်ကြီးကလည်း လူတန်းစားအရမ်းကွာခြားနေခြင်းကို တားဆီးနိုင်သော စိတ်ရင်းကောင်း၊ ကိုယ်ကျိုးမဖက်သူများ အုပ်ချုပ်ဖို့လိုနေသည်။ သူဌေးများအတွက် ရွှေနိုင်ငံဖြစ်သွားမှာ စိုးမိပါသည်။

ယခု ဆောင်းပါးတွင် မြန်မာတွေ စင်ကာပူမှာ ပိုများလာသည်က အသေချာဖြစ်ကြောင်း သက်သေအဖြစ်ရေးပါသည်။

မြန်မာနှင့်နိုင်ငံခြားသားများကို  ၂၀၁၀ နောက်ပိုင်း၊ စင်ကာပူတွင် တဖြေးဖြေးလူလျှော့ခံရသည်။ သို့သော် အလုပ်ကြမ်းဖြစ်သော သင်္ဘောကျင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင်သာ ဆက်လက် အလုပ်ပါမစ်ပေးနေဆဲ ဖြစ်သည်။ အခြားအလုပ်များတွင် အလုပ်ပါမစ် သက်တမ်းမတိုးပေးတော့ပါ။ ယခင်က စာရေးစာချီ၊ ကုန်ရောင်းကုန်ဝယ်၊ အရောင်းဈေးသည်၊ ကုန်စုံဆိုင်၊ စားသောက်ဆိုင် ထမင်းချက်၊ စာပွဲထိုး၊ ဒရိုင်ဘာ၊ ကုန်ထမ်းအလုပ်သမား.. စသည့်နေရာများတွင် မြန်မာမြောက်များစွာကို S Pass ဟုခေါ်သော အလုပ်ပါမစ်များ ဒလဟောချပေးခဲ့သည်။ မြန်မာသာမက၊ တရုပ်ကုလား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ခ်ျ စသည့်နိုင်ငံများက ပညာတတ် (ဘွဲ့တစ်ခုရသူ) မြောက်များစွာ ၂၀၀၇-၂၀၁၀ ကာလအတွင်း ရောက်လာကြသည်။ နည်းအမျိုးမျိုးဖြင့် ရောက်လာ၊ လုပ်ကိုင်သည့်အထဲ ငွေအားကိုးပြီး၊ ပွဲစားဖြင့်ရောက်လာသူများစွာလည်း ပါသည်။ သူတို့မှာ ပွဲစားခ ဒေါ်လာ ၃၀၀၀ကျော် ပေးပြီး၊ တစ်လ ဒေါ်လာ၁၅၀၀ ခန့်အလုပ်ကို တစ်နေ့ ၁၂နာရီ၊ စနေ၊တနင်္ဂနွေ အပါအဝင်၊ မနားတမ်းလုပ်ရသည်။ မြန်မာပြည်တွင် ကျပ်၁၀သိန်းနှင့်ညီမျှသောလစာ ပညာမတတ်သူတစ်ယောက်၊ မရနိုင်ပါ။ ထို့ကြောင့် မြန်မားများစွာ စင်ကာပူရောက်လာ၊ လုပ်ကိုင်ကြသည်။ ယခုအခါ စင်ကာပူအစိုးရမူဝါဒဖြင့် နိုင်ငံခြားသားများကို အလုပ်ပါမစ်သက်တမ်း ထပ်မတိုးပေးသောကြောင့် ပြည်တော်ပြန်ရလေသည်။ မြန်မာများစွာလည်း ပြည်တော်ပြန်ရသည်။ သို့တော် လာနေဆဲမြန်မာများစွာ ရှိနေပါသည်။

နောက်တစ်မျိုး ပြည်တော်ပြန်သူများမှာ စုမိ၊ ဆောင်းမိ ဖြစ်နေသူများ ဖြစ်သည်။ စင်ကာပူအစိုးရ၏ CPF ဘဏ်တွင် စုဆောင်းခွင့်ရခဲ့သော မြန်မာများမှာ၊ ၁၀နှစ် စုဆောင်းလျှင် ဒေါ်လာ တစ်သိန်းခန့် စုဆောင်းမိသည်။ ထိုငွေသည်၊ မြန်မာပြည်တွင် အိမ်ခြံမြေ ကောင်းကောင်း မဝယ်နိုင်သော်လည်း လုပ်ကိုင်စားသောက်ဖို့၊ အရင်းအနှီးတစ်ခု မဟုတ်ပါလား။ အနားယူတော့မည် ဆိုပြီးပြန်သူများလဲရှိသည်။ ငွေတိုးချေးစားမယ် ဆိုပြီးပြန်သူများရှိသလို... နိုင်ငံအတွက်တတ်နိုင်သမျှအကျိုးပြုတော့မည်..ဟု ဆုံးဖြတ်ကာ၊ ပြန်သွားသူများရှိပါသည်။ ကျနော့်မှာတော့ မြန်မာပြည်နှင့်မတည့်သောကြောင့် စင်ကာပူသို့ ပြန်လာရပါသည်။

• တိုးပွားများပြားလာသော မြန်မာများ
စင်ကာပူ၊ ကားရထားစီးလေ့ရှိသူများ မြန်မာအလွန်များပြားလာသည်ကို လက်ခံရမည်ဖြစ်သည်။ ကိုယ်ပိုင်ကားစီးသူများအဖို့တော့ မြန်မာများကို ပင်နီစူလာပလာစာတွင်သာ တွေ့နိုင်မည်။ ရထားပေါ်တွင် မြန်မာများစွာကို တွေ့ရသည်။ အခြားနိုင်ငံခြားသားများလည်း ရေကန်အတင့်၊ကြာအမြင့် ဆိုသလို များပြားလာသည်။ အလုပ်ခွင်တွင် စင်ကာပူလူမျိုးများ၊ နိုင်ငံခြားသားများနှင့် ဖြေးညှင်း၊ယဉ်ကျေးစွာ စကားပြောတတ်သော မြန်မာများသည်၊ မြန်မာအချင်းချင်း စကားပြောသောအခါ အသံကျယ်၊ အသံမာသည်။ ဒေါသသံဖြင့် စစ်အစိုးရ ဝန်ကြီးဦးအုန်မြင့် လေသံများဖြင့်၊ မင်း-ငါ၊ ကြမ်းရမ်းစွာ ပြောသံများကို ကြားရသည်။ အထူးသဖြင့် ရထားပေါ်တွင် အသံကျယ်ကျယ် မိုဘိုင်းဖုန်းပြောသံကို ကြားလိုက်ပါက၊ မြန်မာအမျိုးသမီး (သို့မဟုတ်) အမျိုးသားက မြန်မာလိုပြောနေသည်ကို ကြားရသည်။ အသံကျယ်ပါက မြန်မာမဟုတ်လျှင့် ကုလားဖြစ်မည်မှာ သေချာလှပါသည်။ မြန်မာများ ကုလားထံမှာ အော်ပြောတတ်သောအကျင့်ရသလား အောက်မေ့သည်။ ပထမပြောစက ဘေးလူများကို အားနာပြီး၊ ခပ်တိုးတိုး... တစ်မိနစ်လောက်ပြောပြီး၊ ရပ်လိုက်သည်မဟုတ်... တဖြေးဖြေးကြာကြာပြောလာသောအခါ အသံကျယ်လာသည်။ ဒေါသသံများပင် ပါလာသည်။ ထိုအခါ ပတ်ဝန်းကျင်ကို အားနာရကောင်းမှန်းမသိပါ။ ကုလားနှင့်ဘင်္ဂလားများလည်း အလားတူဖြစ်သည်။ တရုပ်၊ ဖိလစ်ပိုင်လူမျိုးများကတော့ စကားပြောအသံမကျယ်လှပါ။

ဘတ်စကား၊ ရထားများတွင် စီးနင်း၊ အလုပ်သွား၊ ပြန်နေသူမြန်မာများကို တွေ့ပါက၊ လူငယ်မိန်ကလေး၊ ယောင်္ကျားလေးများသာ ဖြစ်သည်။ သို့သော် အသက်၄၀ကျော်မှ စင်ကာပူတွင် တစ်လဒေါ်လာ၃ထောင်ခန့်ရသောကြောင့် လခစားလာလုပ်သော အမျိုးသား၊ အမျိုးသမီးများလည်း တစ်ပုံတစ်ပင်တွေ့ရသည်။ သူတို့မှာ မိသားစုအရေး၊ သားသမီးအရေးအတွက် စင်ကာပူသို့လာလုပ်နေသူများဖြစ်သည်။ S-pass အလုပ်ပါမစ် ခက်ခဲလာသော်လည်း၊ လုပ်ငန်းအတွေ့အကြုံရှိသူများကိုတော့ စင်ကာပူအစိုးရက S-pass ချပေးသည်။

S-pass အလုပ်ပါမစ်ဖြင့် လာသူလူဦးရေ နည်းပါးသွားသော်လည်း WP အလုပ်ပါမစ် ဖြင့်လာသူများစွာ တိုးပွားလာသည်ကိုတွေ့ရသည်။ WP အလုပ်ပါမစ်အတွက် ဘွဲ့တစ်ခုရရန်မလိုပါ။ သို့သော် S-pass ခက်ခဲသဖြင့် WP အလုပ်ပါမစ်ဖြင့် ရောက်လာသော ပညာတတ်ဘွဲ့ရများစွာလည်း ရှိသည်။ သူတို့၏ လစာမှာ မြင့်မားသည်။ အလုပ်ပါမစ်ကျရန်အတွက် ဖြစ်သည့်နည်းဖြင့်လာရောက်လုပ်ကိုင်သူများဖြစ်သည်။

• မြန်မာပြည်ပြန်၊အခြေပြန်ချသူများ
ကျနော်၏တူမ တစ်ဦးလည်း စင်ကာပူတွင် နေ၊စား စရိတ်ငြိမ်း ဘိုးဘွားရိပ်သာတွင် အဖိုး၊အဖွားများကို ပြုစုစောင်ရှောက်သည့် အလုပ်ကို တစ်လ ဒေါ်လာ၇၅၀ နှင့် လုပ်နေရာမှ၊ မြန်မာပြည်သို့ပြန်ပြီး၊ အဝေးသင်ဘွဲ့ရဖို့ ကြိုးစားနေသည်။ ဘွဲ့မရလျှင် စင်ကာပူတွင် တိုးတက်လမ်းနည်းသည်။ ရည်ရွယ်ချက်ကတော့ ဘွဲ့ရပြီးရင် စင်ကာပူပဲပြန်လာအလုပ်လုပ်မယ် ဟုသတည်း။  မြန်မာပြည် ရောက်သောအခါ အင်္ဂလိပ်စကား ကောင်းမွန်စာ၊ နာလည်၊ ပြောဆိုတတ်သောကြောင့် အင်ဂျီအိုတစ်ခုတွင် တစ်လ၄သိန်း လစာ အလုပ်တစ်ခုရရှိသည်။ စင်ကာပူဒေါ်လာ ၆၀၀ခန့် ဖြစ်သည်။ ဒေသခံဘွဲရများပင် တစ်လ ကျပ်တစ်သိန်း လစာရကြသောအချိန် သူကိုလစာများစွာပေးပြီး အလုပ်ခန့်ခြင်းမှာ၊ နိုင်ငံခြားအတွေ့အကြုံရှိရုံမက၊ နာခံလိုက်လျှောက်တတ်သော အကျင့်ကြောင့်ဖြစ်သည်။ အင်္ဂလိပ်စကားကို အပင်ပမ်း၊ အောက်ကြို့ခံပြီး စင်ကာပူတွင်သင်ကြားခဲ့ရုံသာမက၊ အလုပ်ရှင်ကို နာခံ၊ နားထောင်တတ်ခြင်း အကျိုးကျေးဇူးဖြစ်ပါသည်။

အခြားတူမတစ်ယောက်လည်း S-pass သက်တမ်းကုန်ပြီး၊ မြန်မာပြည်ပြန်သွားရ၊ ဗီယက်နမ်ကုမ္ပဏီတစ်ခုတွင် စင်ကာပူလစာပေးပြီး အလုပ်ရရှိနေသည်။ သူလည်း စင်ကာပူအတွေ့အကြုံကောင်းကောင်း ရှိသောကြောင့်ဖြစ်သည်။ တူယောင်္ကျားလေးများစွာလည်း မြန်မာပြည်ပြန်သွားပြီး၊ ဟိုမှာပင် အရောင်းအဝယ်လုပ်ငန်းလုပ်နေသူများ ရှိကြသည်။ အခြားယောင်္ကျားလေး လူငယ်များစွာလည်း ရသည့်နည်းဖြင့် စင်ကာပူတွင်ပြန်လာအလုပ်လုပ်နေကြပြန်သည်။

တစ်လ ဒေါ်လာတစ်ထောင်ကျော်သာ စင်ကာပူတွင်ရရှိသူ လူငယ်တစ်ဦးအဖို့ မြန်မာပြည်ပြန်အလုပ်လုပ်လျှင် ထိုမျှလာစာကို ကြံဖန်နိုင်ပါသည်။ လခစားအလုပ်တော့ ရှားပါသေးသည်။ ပညာတတ်ပြီး၊ နိုင်ငံခြားအတွေ့အကြုံရှိသူမှာ မြန်မာပြည်တွင် လစာ ၅သိန်းအထက် ရရှိနိုင်ပါသည်။ သို့မဟုတ်ပါက ကိုယ်ပိုင်လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းသာ လုပ်နေကြရသည်။ လစာငွေ များစွာရနေသူများမှာ မြန်မာပြည်သို့ ပြန်လာလုပ်ကိုင်ဖို့ လခစားအလုပ် မရှိပါ။ မြန်မာပြည်တွင် လခများစွာပေးသောလုပ်ငန်းများဆိုလျှင် နီးစပ်ရာလူများသာ အလုပ်ရပါသည်။ ဥပမာ.. စင်ကာပူသူဌေးက သူ့အလုပ်သမား၊ မြန်မာလူမျိုးကို လူယုံအဖြစ် မူလလစာအတိုင်း မြန်မာပြည်တွင်လုပ်ကိုင်စေခြင်းဖြစ်သည်။ ရှိပါသည်။ အလွန်နည်းပါသေးသည်။ နိုင်ငံခြားရင်းနှီးမြှတ်နှံသူများသည် မြန်မာပြည်၏ ဈေးချိုသော အလုပ်သမားဈေးကွက်ကို အကျိုးရှိစွာသုံးရသည်။ အထည်ချုပ်လုပ်ငန်း၊ စက်ရုံများတွင် အလုပ်သမ လစာငွေမှာ ကျပ်တစ်သိန်းအေက်သာ ရှိသည်။

• နိုင်ငံခြားသို့လာနေဆဲမြန်မာများ
စင်ကာပူတွင် အထူးများပြားလာသော  မြန်မာများတွင် WP အလုပ်ပါမစ်ဖြင့်ရောက်လာသူများမှာ မစဲနိုင်အောင်ရှိသည်။

၁။ အိမ်အကူလုပ်ငန်းဖြင့် လက်ရှိအချိန်တွင် မြန်မာအမျိုးသမီးငယ်လေးများ ၃သောင်းကျော်သွားပြီဟု သိရသည်။ ယခင် ၂၀၀၉ တုန်းက အိမ်ဖေါ်အလုပ်လုပ်ဖို့ ပတ်စပို့လျှောက်သည်ကအစ တရားမဝင်ဖြစ်ခဲ့သည်။ ယခု အစိုးရက တရားဝင်ပတ်စပို့အလွယ်တကူပေးလိုက်သဖြင့် ဒလဟောရောက်လာကြသည်။ အများအားဖြင့် ၁၀တန်းပင်မအောင်သော တောနယ်များမှာ မြန်မာအမျိုးသမီးများဖြစ်ပါသည်။

၂။ ဆေးရုံ၊ လူအိုရုံများတွင်  ကျန်းမာရေးဝန်ထမ်းများအဖြစ် လာရောက်သော WP အလုပ်ပါမစ်၊  မြန်မာမိန်းကလေး၊ ယောင်္ကျားလေး များစွာရှိသည်။

၃။ သင်္ဘောကျင်း၊ ရေနံဓါတု၊ အဆောက်ဦးဆောက်လုပ်ရေး၊ စက်ရုံဆောက်လုပ်ရေးများတွင် လာရောက်လုပ်ကိုင်သူ WP အလုပ်ပါမစ် မြန်မာလူငယ်၊ အမျိုးသားများစွာ ရှိနေဆဲဖြစ်သည်။ နိုင်ငံခြားသားအလုပ်သမားကို ခန့်ခွင့်မပေးလျှင် ထိုလုပ်ငန်းများပျက်ပြားသွားဖို့ပဲ ရှိသည်။ စင်ကာပူနိုင်ငံသားများ အပျင်းကြီးသူ များစွာရှိသောကြောင့် ဆောက်လုပ်ရေး၊ သင်္ဘောကျင်းလုပ်ငန်းများတွင် နိုင်ငံခြားသားများ သန်းနှင့်ချီလုပ်ကိုင်ခွင့်ပေးရသည်။ ထိုလုပ်ငန်းများတွင် မြန်မာများစွာ အရှိန်ဟုန်မပျက် လုပ်ကိုင်နေဆဲဖြစ်သည်။ သင်္ဘောကျင်းလုပ်ငန်းသည် စင်ကာပူတွင် အမြတ်များသည်။ စင်ကာပူကို အခြေပြုပြီး ကမ္ဘာ့သင်္ဘောလုပ်ငန်းကို လုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်းများပြားလှသည်။ သင်္ဘောကျင်းပေါင်း တစ်ထောင်ကျော်ရှိသည်။ အကြီးစားသင်္ဘောကျင်း ၄ခုရှိရာ၊ ကာပဲ Keppel Shipyard သည် ကမ္ဘာ့အကြီးဆုံး၊ အလုပ်သမားအများဆုံးဖြစ်နေသည်။ ရေနံနှင့်ဓါတ်ငွေ ကမ္ဘာတစ်ဝှမ်းသို့ သွားရောက်လုပ်ကိုင်သူများစွာကို စင်ကာပူအစိုးရက S-pass, WP အလုပ်ပါမစ် ချပေးသည်။ တနည်းအားဖြင့် မြန်မာသင်္ဘောသားများစွာ စင်ကာပူအခြေပြုပြီး၊ တကမ္ဘာလုံးသို့ သင်္ဘောသားအလုပ် လုပ်နေကြသည်။

၎။ အခြားနေရာများတွင် မြန်မာများစွာတိုးပွားလာသည်။ တိုးပွားလာသော နေရာများမှာ အလုပ်ပါမစ်မရှိပဲ၊ ကျောင်း၊ စီးပွားရေး ပါမစ်များဖြစ်သည်။ ချမ်းသာသူလူတန်းစားများဖြစ်သည်။ သူတို့သားသမီးများကို စင်ကာပူတွင် ကျောင်းလာထားသည်။ မြန်မာပြည်တွင် ၁၀တန်းအောင်ပြီး နိုင်ငံခြားဘွဲ့ရမှဖြစ်မည်။ အနောက်နိုင်ငံများတွင် ဝေးဝေးမထားချင်သောကြောင့် စင်ကာပူတွင် လုံခြုံရေးကောင်း၊ စည်းကမ်းကောင်းသောကြောင့် ကျောင်းလာထားကြသည်။ ယခင်က ဘွဲ့၊ ဒီပလိုမာများသာ ကျောင်းလာတတ်သော်လည်း ယခုအခါ၊ ကလေးသူငယ်များပင် ကျောင်းလာထားကြသည်။ သားသမီးနှင့်အတူ မိဘ၊ အဖိုးဖွားများလဲ ရောက်လာသည်။ ထမီ၊ ပုဆိုးနှင့်အဒေါ်ကြီး၊ အဖွားကြီးများစွာ၊ ယေင်္ကျားကြီး၊ အဘိုးကြီးများစွာ၊  ရထား၊ ဘတ်စကား၊ အိမ်ကြိုကြားတွင် တွေ့မြင်ရသည်။ အချိုကမှာ အလုပ်လုပ်သော မြန်မာများ၏ မိဘဆွေမျိုးများဖြစ်သည်။ ဆေးကုရန်ရောက်လာသူများလည်း များစွာရှိသည်။ လုပ်ငန်းလာလုပ်သော စီးပွားသမားများလည်း များလှသည်။ ဈေးလာဝယ်သူ ရှော့ပင်လာလုပ်သူများလည်း မနည်းလှပါ။ ခဏလာလည်သူလည်း ပိုပြီးများပြားလှသည်။ ရန်ကုန်မရောက်ဖူးလျှင် မြန်မာပြည်တွင် ခေတ်မမှီဟု မပြောတော့ပါ။ ယခုအခါ စင်ကာပူရောက်ဖူးမှ လူရာဝင်သလိုဖြစ်နေသည်။ သို့မဟုတ် မိမိ၊ သားသမီး၊ တူတူမ၊ မောင်နှမများ စင်ကာပူတွင်နေသည် ဟုပြောမှ ဂုဏ်ရှိသောခေတ်ကာလဖြစ်နေပါသည်။

အထက်ပါ အချက်(၄)ချက်သည် အကြမ်းဖျဉ်း မြန်မာများ၊ စင်ကာပူတွင်လူဦးရေ တိုးပွားလာသည့်နေရာများဖြစ်သည်။

• ဖိလစ်ပိုင်နှင့်မြန်မာများ အပြိုင်ဖြစ်လာပြီလား
စင်ကာပူတင်မက၊ တကမ္ဘာလုံး အလုပ်ကိုင်သွားလုပ်သူများတွင် တရုပ်၊ အိန္နိယအနွယ်များကိ ရှေးပဝေသနီကတည်းက ရှေ့ဆုံးတွင်နေရာယူထားပါသည်။ နောက် အင်္ဂလိပ်စကားနှင့်ဝန်ဆောင်မှုကောင်းသော ဖိလစ်ပိုင်လူမျိုးများ နေရာဝင်ယူလာသည်။ သူ့နိုင်ငံတွင် အစိုးရအသုံးမကျသောကြောင့် ဦးနှောက်ယိုစီးမှု နိုင်ငံခြားသွားအလုပ်လုပ်ရသည်။ ယခုလည်း မြန်မာအစိုရ မကောင်းလျင် မြန်မာများ ဖိလစ်ပိုင်များကဲ့သို့ ဦးနှောက်ဆက်လက် ယိုစီးနေဦးမည်ဖြစ်သည်။ အထူးသဖြင့် အိမ်ဖေါ်အလုပ်မျိုး မြန်မာအမျိုးသမီးများ နှိမ့်ချစွာ၊ လုပ်ကိုင်ရခြင်းသည်၊ မြန်မာအမျိုးသာကြီးများက တိုင်းပြည်ကို မအုပ်ချုပ်တတ်သောကြောင့် ဖြစ်သည်။ ငြင်းမရနိုင်ပါ။

ကျနော် ယခင်က မြန်မာနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံပုံစံ လူသားအရင်းမြစ်ရောင်းစားသည့် အဖြစ်သို့ ဦးတည်နေသည်ဟု စိတ်မကောင်းစွာ ဆောင်းပါးတစ်ပုဒ်ရေးခဲ့သည်။ ဖိလစ်ပိုင်များသည် အင်္ဂလိပ်စကား ကောင်းစွာပြောနိုင်ပြီး၊ ဆက်ဆံရေးလည်းကောင်းသောကြောင့် နိုင်ငံလူဦးရေ၏  ၁၀%မျှ (လူဦးရေ ၁၀သန်း) နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်နေကြသည်။ အိမ်အကူလုပ်ငန်း၊ သင်္ဘောသား စသည့် ပညာမတတ်သူမှ ဘွဲရ၊ မာစတာ၊ ပီအိတ်ဒီအထိ ပညာတတ်များစွာ တကမ္ဘာလုံးအနှံ့ နေရာယူထားသည်။ ယခု မြန်မာများလည်း စင်ကာပူလူဦးရေ ၆သန်းခန့် နိုင်ငံခြားရောက်နေကြသည်။ အများစုမှာ အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ တရုပ်ပြည်ယူနန် တို့ဖြစ်ကြသည်။ နောက်နောင် မြန်မာများ အင်္ဂလိပ်စကားပြော ကြွမ်းကျင်လာပါက မြန်မာအလုပ်သမ၊ အလုပ်သမားများစွာ စင်ကာပူကိုကျော်လွန်ပြီး၊ အမေရိကား၊ ဥရောပ၊ အရှေ့အလယ်ပိုင်များသို့ ရောက်ကြတော့မည်ဖြစ်သည်။ ဖိလစ်ပိုင်ကဲ့သို့ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများပါက နိုင်ငံသား၊ ပညာတတ်များစွာ သူများနိုင်ငံထံ အလုပ်လိုက်လုပ်ရမည်။ တိုင်းပြည်လည်း မတိုးတက်နိုင်တော့ပါ။

• အနာဂါတ်အတွက်၊ စင်ကာပူရောက်မြန်မာများ
စင်ကာပူနိုင်ငံသားများမှာ အဲယားကွန်း၊ ရှော့ပင်စင်တာ၊ ရုံးအဆောက်အဦးများတွင်သာ သက်သက်သာသာ၊ လစာနည်းနည်း (တစ်လ ဒေါ်လာ၇၀၀ခန့်)ဖြင့် လုပ်နေကြသောသူ စင်ကာပူလူမျိုး လူဦးရေ တစ်သန်းခန့်ရှီသည်။ စင်ကာပူတွင် တစ်လဒေါ်လာ ၇၀၀ ခန့်ဖြင့် ဘယ်လိုနေထိုင်မလဲ မေးနိုင်ပါသည်။ စင်ကာပူတွင် နိုင်ငံခြားသားများအတွက် ဈေးအကြီးဆုံးမှာ နေစရာအိမ်ဖြစ်သည်။ တစ်လကို လူတစ်ယောက် ဒေါ်လာ၂၀၀မှ၊ ၄၀၀အထိ ကုန်ကျသည်။ တစ်ခန်းငှားပြီး ဇိမ်ကျ၊ လွတ်လပ်စွာနေလိုပါက တစ်လဒေါ်လာ ၈၀၀ခန့် ပေးရသည်။ အဲယားကွန်း၊ ရေချိုးခန်းအိမ်သာနှင့်အခန်းငှားပါက တစ်လဒေါ်လာ တစ်ထောင်ကျော်သည်။ ထို့ကြောင့် နိုင်ငံခြားသားများအတွက် အိမ်ငှားခသည် ဈေးကြီးလှသည်။ စင်ကာပူအစိုးရက အလုပ်ပါမစ်များ ဆက်လက်ချပေးနေဆဲဖြစ်သည်။ စင်ကာပူနိုင်ငံသားများသည် အိမ်ကိုငှားလိုက်ပြီး သူတို့ကတော့ မိဘ၊သားသမီးများနှင့် ပေါင်းပြီးနေသည်။ အိမ်ငှာခ တစ်လဒေါ်လာ၂၀၀၀ ခန့်ဝင်ငွေရသည်။ စင်ကာပူနိုင်ငံသားများကို အစိုးရက ဈေးနှုန်းသက်သာစွာ အိမ်ရောင်းပေးသောကြောင့် သူတို့အတွက် နေစရိတ်မကုန်ကြတော့ပါ။ လစာ တစ်လ (၇၀၀ဒေါ်လာ) သည် သူတို့အဖို့ ကောင်းကောင်းလောက်ငှပါသည်။ ကမ္ဘာပေါ်တွင် စားစရိတ် ဈေးအချိုဆုံး နိုင်ငံတွင် စင်ကာပူလည်း ပါဝင်သည်။ ခရီးစရိတ်လည်းကြီးသည်။ အိမ်အပြင်ထွက်သည်နှင့် ခရီးစရိတ်၊ စားစရိတ် အလွန်ကုန်ကျသောသည့်နိုင်ငံဖြစ်သည်။ အပြင်လျှောက်ထွက်ပါက ဟိုကြည်သည်ကြည့်လုပ်မိပြီး ရှော့ပင်ဈေးဝယ်မိသဖြင့် နှစ်ခါကုန်ရသည်။ တယ်လီဖုန်းဖိုးလည်း မချွေတာတတ်ပါက ဖုန်းကဒ် ခဏခဏဝယ်ပြီး အကုန်ကျများသည်။ စင်ကာပူရောက်မြန်မာများ ပါးစပ်နှင့်ခြေထောက်လှုပ်သည်နှင့် ငွေအကုန်ကျများလှပါသည်။

မြန်မာဘယ်လောက်များများ စင်ကာပူတွင် ရှိနေသနည်း မေးခွန်းကို အင်မီဂရေးရှင်းအချက်အလက် (သို့မဟုတ်) မြန်မာနိုင်ငံကြီး၊ ..တောင်ကိုးရီးယားလောက် မဖြစ်တောင် ထိုင်း၊ မလေးရှားလောက် တိုးတက်သွားသည်ကို မြင်လိုပါသည်။ စင်ကာပူတွင် မြန်မာလူဦးရေ ၃% (၂သိန်းခန့်) ရှိနေပြီဖြစ်သည်။ ဆက်လက်ရှိနေဦးမည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဆက်လက်တိုးပွားလာသော မြန်မာများတွင် အိမ်အကူမြန်မာများကို မမြင်ချင်လဲ ဝမ်းနည်းစွာမြင်နေရဦးမည်ဖြစ်သည်။ မြန်မာအချင်းချင်း နှိပ်ကွပ်၊ ခေါင်းပုံဖြတ်၊ ငွေတိုးချေးစားသောသူများ၊ အကျင့်ပျက်သူများပြားနေခြင်းမှာ၊  မြန်မာအချင်းချင်း ကူညီယိုင်းပင်းတတ်သော၊ ယဉ်ကျေးသော မြန်မာများအဖြစ်သို့ ချီးတက်နေပြီဖြစ်သည်။ စင်ကာပူရောက် မြန်မာများ စင်ကာပူမှာသာမက၊ မြန်မာပြည်ပြန်လျှင်လဲ ကောင်းသောစရိုက်များဖြင့် အမိမြန်မာနိုင်ငံကို အကျိုးပြုနိုင်ကြမည်ဟု မျှော်လင့်ပါသည်။

စင်ကာပူတိုးတက်လာခြင်းသည် ချွေတာစုဆောင်း၊ ရောင့်ရဲတင်းတိန်အောင် အစိုးရကလုပ်ဆောင်နိုင်သောကြောင့်ဖြစ်သည်။ နိုင်ငံသားများ အတွက် CPF ငွေစုဘဏ်အကြောင်း (http://mingalaronline.biz/stories/cpf.system.singapore1.htm) ဖတ်စေလိုပါသည်။ အခွန်စနစ်ခိုင်မာ စွာရှိကြောင်း ကဲသာဘုရင် (အစိုးရ)ကို သူဌေးများအခွန်ပေးရခြင်းအကြောင်းလည်း (http://mingalaronline.biz/stories/king.tax.htm) ဖတ်စေလိုပါတယ်။ ထိုအချက်များမှာ မြန်မာပြည်တွင်ပေါ်လာဖို့ မခဲယဉ်ပါ။ အာဏာပိုင်တို့၏ စိတ်သဘောထားကောင်းပါက အချိန်မရွေး၊ တောင်ကိုးရီးယားကဲ့သို့ ကြီးပွားနိုင်သော မြန်မာနိုင်ငံဖြစ်သည်။ မည်သို့ဖြစ်ပါစေ.  စင်ကာပူရောက်မြန်မာများအတွက်၊ ကိုယ်ပိုင်ငွေစုဆောင်းနိုင်ရုံသာမက၊ ကောင်းသောစရိုက်များ Good Attitude များနှင့်ပြည့်စုံကြွယ်ဝ ပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါရစေ။

မြန်မာပြည်ပြန်နေဖို့ ဆန္ဒတွေသမုဒ္ဒရာမကပေမဲ့၊ မပြန်နိုင်သေးတဲ့...။