တူမောင်ညို - ဇီးသီးစားသူများ


တူမောင်ညို - ဇီးသီးစားသူများ 
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၄ 

ဗင်းဆင့်ဗန်ဂိုးသာ သက်ရှိထင်ရှားရှိနေအုံးမယ်ဆိုရင် “ဇီးသီးစားသူများ” ဆိုတဲ့ ပန်းချီကားရေးဆွဲပေးဖို့ တောင်းပန်ရမှာပါပဲ။ ဇီးသီးစားနေသူတွေကိုသရုပ်ဖော်တဲ့အခါ စစ်ယူနီဖောင်း ဝတ်ထားတဲ့/ အရပ်ဝတ်ဝတ်ထားတဲ့ စစ်ဗိုလ်ထိပ်သီးကြီးတွေရဲ့ အဆီတဝင်းဝင်း ပြုံးဖြီးဖြီးနဲ့ မျက်နှာပြဲပြဲကြီးတွေ ပေါ်လွင်အောင် ရေးဆွဲပေးဖို့ကိုလည်း မေတ္တာရပ်ခံရမယ်နဲ့တူပါတယ်။ 

အလဲဗင်းဂျာနယ် (၂၀ စက်တင်ဘာ) မှာပါတဲ့ မာန်သူရှိန် ရဲ့ “ဦးရဲထွဋ် တုန့်ပြန်၍ ဦးခင်အောင်မြင့်ကိုယ်စား ကျွန်တော်ပြော ချင်သည်” ဆိုတဲ့ သတင်းဆောင်းပါးဖတ်ရတယ်။ 

မာန်သူရှိန်နဲ့ ဦးရဲထွဋ် တို့အပြန်အလှန်ပြောနေကြတာက ဘာနဲ့တူနေသလဲဆိုတော့ “သူ့ဘုန်းကြီး ငါးမျှားနေတာကိုယ်မြင်၊ ကိုယ့်ဘုန်းကြီး တီတူးနေတာ သူမြင်” တဲ့ ဘုန်းကြီးကျောင်းသား ၂ ယောက် ရွာအလယ်ခေါင်မှာရန်ဖြစ်ကြတာမျိုးနဲ့တူနေပါတယ်။ 

ဦးရဲထွဋ်ကလည်း ပြန်ကြားရေးဝန်ကြီး ပူပူနွေးနွေး၊ သမ္မတပြောခွင့်ရဆိုတော့ အစိုးရတဖွဲ့လုံးကို “ဇီးသီးစားသူများ”လို့ ဦးခင် အောင်မြင့်က “ဗြင်း” ထည့်လိုက်တာကို  ဆတ်ဆတ်ခါနာသွားပုံရတယ်။
 ဒဲ့ပြောရလျှင် အစိုးရသစ်ထဲမှာ “ဇီးသီး”မစားတဲ့သူ/မစားဖူးတဲ့သူဆိုတာ မရှိနိုင်ပါဘူး။ လက်ဝါးကြီးအုပ်ပြီး တစ်ဂွင်လုံး စားနေ တဲ့သူနဲ့ လက်တစ်ဆုတ်စာတစ်ကွက်ချင်းနှိုက်စားနေတဲ့သူ၊ ဇီးသီးတစ်ခြံလုံး၊ တစ်ဂွင်လုံးအပိုင်စားခွင့်ရှိတဲ့သူနဲ့ အထက်က အတိုင်းအတာ၊ ဝေပုံကျနဲ့ပစ်ချပေးတဲ့ “ဗန်းထဲကဇီးသီး” (ဘတ်ဂျက်)ကို ပိုင်သလို/လျှင်သလို/လည်သလို နှိုက်စားကြသူတွေရယ်လို့သာ မတူကွဲပြားနိုင် ပါလိမ့်မယ်။ 

 ဦးခင်အောင်မြင့် ကလည်း “ဗန်းထဲက ဇီးသီး” လောက်သာ ထောက်ပြဝံ့တာပါ။ “ကာကွယ်ရေး ဘတ်ဂျက်” လို ဇီးသီးခြံကြီး /ဂွင်ကြီးကိုတော့သူ မပြောဝံ့ပါဘူး။ ဒီဘတ်ဂျက်ကို ဘယ်သူတွေ ဘယ်လောက်စားရတယ်ဆိုတာ ဦးခင်အောင်မြင့် မသိဘူးဆိုတာ မဖြစ် နိုင်ပါဘူး။ ဦးခင်အောင်မြင့်က “လက်တစ်ဆုပ်စာ” ဇီးသီးစားကြတဲ့ ဖွတ်လို၊ ပုတ်သင်ညိုလို အကောင်သေးအကောင်မွှားလေးတွေကို သာ လက်ညှိုးထိုး အနိုင်ထက်လုပ်ပြီး၊ မင်္ဂလာယူပြောရဲတာပါ။ပြောနေတာပါ။  ကာကွယ်ရေးဘတ်ဂျက်လို ဇီးသီးခြံကြီးကို စားနေကြတဲ့ ဒိုင်နိုဆောလို၊ ဆင်လိုအကောင်ကြီးတွေကိုတော့ ဦးခင်အောင်မြင့်မပြောဝံ့ပါဘူး၊ မထိဝံ့၊ မတို့ဝံ့ပါဘူး။ ဦးခင်အောင်မြင့် လုပ်ပေါက်က အရိုးအရင်းလောက်သာ ကိုက်ကြ/ခဲကြရတဲ့ အကောင်သေးလေးတွေကို ခဲနဲ့ပစ်ပြီး ခြောက်လှန့်နေတာမျိးနဲ့တူနေပါတယ်။ 

မာန်သူရှိန်ကလည်း ဆရာကောင်းတပည့်ပီသတယ်။ ဆရာကလေသံတောင်ထည့်ဟမသွားတဲ့ ကာကွယ်ရေးဘတ်ဂျက်လို ဟာမျိုးကျတော့ စပ်လို့တောင်ပြောမသွားဘူး။ ပညာရေး/ ကျန်းမာရေးဘတ်ဂျက်တိုးလာတယ် (ငွေဖောင်းပွမှုနှုန်းနဲ့ တွက်ကြည့်သင့်တယ်) ဆိုပြီး အပေါ်ယံရှပ်ပြီး ပြောသွားတယ်။ အရိုးအရင်းလောက်သာဖြစ်ပြီး လူတိုင်းသိနေတဲ့ “တင်ဒါ” ကိစ္စကို ဇာချဲ့ပြသွားတယ်။ 
ဒီလိုပြောရင်းနဲ့ သူခိုးတွေနဲ့ သူခိုးလက်ခံတွေအကြောင်း၊ လာဘ်ပေးလာဘ်ယူကိစ္စက ဘောက်ချာနဲ့ လုပ်ကြတာမဟုတ်ကြောင်း ခရိုနီတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပတ်သက်နေကြောင်းတွေတော့ မာန်သူရှိန်က ထုတ်ဖော်ဝန်ခံသွားတယ်။ 

အစိုးရသစ် ၄၁ လ သက်တမ်းအတွင်းရနိုင်တဲ့လစာနဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦးဟာ ဘာမှ မစားမသောက်ပဲ စုထားရင်တောင် သူ ရတဲ့ လစာ စုစုပေါင်း (၃၃၆ သိန်း) နဲ့ တိုက်ခန်းကျဉ်းကျဉ်းတောင် ဝယ်လို့မရပါဘူးဆိုတဲ့ ပြောဆိုချက်ကတော့ ကိုယ်ပိုင်တိုက်ခန်း တွေ၊အိမ်ခြံမြေတွေ၊လုပ်ငန်းတွေ ပိုင်ဆိုင်ထားကြတဲ့ ဝန်ကြီးတွေ/ ဒုဝန်ကြီး တွေ/ညွန်ချုပ်တွေကို လာဘ်ပေးလာဘ်ယူသူတွေ၊ သူခိုးတွေ လို့ ပြောလိုက်တာပါပဲ။ 
 

  • - “နိုင်ငံတော်သမ္မတလစာက တစ်လ ကျပ် ၁၅ သိန်းနဲ့ ၃၆ လသိန်း ၅၄ဝ၊ အခု ပြင်ဆင်လိုက်တဲ့ တစ်လ သိန်း ၅ဝ နဲ့ ဩဂုတ်လကုန်အထိ ၅ လစာ သိန်း ၂၅ဝ၊ သမ္မတသက်တမ်းတစ်လျှောက် ၄၁ လစာအတွက် စုစုပေါင်းသိန်း ၇၉ဝ ရပါမယ်”
  • - “အစိုးရသစ်လက်ထက် ၄၁ လလုံးလုံး တောက်လျှောက် ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့သူက ကျပ် ၃၆၆ သိန်းရပါမယ်။ ဒုဝန်ကြီးက ကျပ် ၂၆၂ သိန်းရပါမယ်။ ညွှန်ချုပ်အဆင့်က တစ်ဦးကို သုံးနှစ်ခွဲကျော်အတွင်းမှာ လစာကျပ်သိန်း ၈၀ နီးပါး ပဲရပါမယ်”

ဝန်ကြီး၊ ဒုဝန်ကြီးတွေဆိုတာအစိုးသစ်သက်တမ်း ၄၁ လအတွင်း မစားမသောက်ပဲ သူတို့လစာ စုထားရင်တောင် (၃၃၆ သိန်းနဲ့) တိုက်ခန်းကျဉ်းကျဉ်း ဝယ်လို့မရနိုင်ဘူးတဲ့။

စစ်အုပ်စု အုပ်စိုးမှုသက်တမ်းရှည်ကြာလာတာနဲ့အမျှ  တိုင်းပြည်နဲ့ပြည်သူလူထုက ကုန်းကောက်စရာမရှိအောင် မွဲနေတေသွား ရပြီး အုပ်စိုးသူစစ်ဗိုလ်ချုပ်ကြီးတွေက ထားစရာ မရှိအောင်ချမ်းသာကြွယ်ဝလာနေကြတဲ့ အချက်ကဖြင့် ဘယ်လိုမှ ဖုံးကွယ်လို့မရတဲ့ ယနေ့ ကာလရဲ့ အထင်အရှားဆုံး ပကတိအရှိတရားတစ်ခုပဲဖြစ်ပါတယ်။ အုပ်စိုးသူ ဗိုလ်ချုပ်ကြီးနဲ့ သူတို့သားသမီးတွေ ဘယ်လိုပုံ၊ ဘယ်လိုနည်းနဲ့ အခုလိုကျိကျိတက်ကြီးပွားချမ်းသာကြွယ်ဝလာကြရတာလဲ။
တိုင်းပြည်ရဲ့အသက်သွေးကြောလိုဖြစ်တဲ့သယံဇာတ (သစ်တော၊ သတ္တု၊ ကျောက်မျက်ရတနာ၊ စီးပွားရေးလုပ်ငန်းကိုင်ငန်း စသဖြင့်) တွေနဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှကို လက်ဝါးကြီးအုပ်အပိုင်စီး၊ ချုပ်ကိုင်ချယ်လှယ်နိုင်လို့သာလျှင်ဖြစ်ပါတယ်။ 

မာန်သူရှိန်က “အစိုးရသစ်သက်တမ်း ၄၁ လ” ဆိုတဲ့ မဆိုစလောက်ကာလကိုပဲ ကွက်ပြီး ထောက်ပြနေရှာတာပါ။ တကယ်တော့ (နဝတ-နအဖ) စစ်အစိုးရက ခေတ်ကာလ (နှစ်ပေါင်း ၂၀ ကျော်) တစ်လျှောက်လုံး စစ်အုပ်စုက အပိုင်စီးလုယက်ခဲ့တာတွေဟာ စိန်စီ သောမင်္ဂလာဆောင်မှာ ခင်းကျင်းပပြခဲ့ပြီ မဟုတ်ပါလား။ ဒါက အကင်းလောက်၊ အဖျားအနားလောက်ရှိတာပါ။

ဗိုလ်ထွန်းကြည်က “နှစ် ၅၀ကိုယ်တွေ့များ(တတိယတွဲ)” ထဲမှာကြွားဝါဂုဏ်ယူခြင်း လေးပုံသုံးပုံ/ ဖွင့်ချခြင်း တစ်စိတ်နဲ့ အခု ရေးထားပါတယ်။ ဗိုလ်နေဝင်းမိသားစုအတူသွားရတဲ့ ဆွစ်ဇာလန်၊ ဂျာမနီ၊အမေရိကန် ၄၈ ရက်ကြာခရီးမှာ စင်းလုံးငှား လေယာဉ်ခချည်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ သန်းပေးခဲ့ရတယ် လို့ရေးပါတယ်။ လူ ၆၀ ကျော်အတွက် ဟိုတယ်ခနဲ့ စားစရိတ်မပါသေး။ 
အတ္တလန်တစ်ရှာရီတန်ဟိုတယ်ရောက်တဲ့အခါ သူ့မှာသာ မျက်စေ့သူငယ်၊ နားသူငယ်ဖြစ်နေပြီး “နှစ်စဉ်သွားနေကြ၊ လိုက်ပါ နေကြသူများ (ကလေးထိန်း အမျိးသမီးကလေးများ အပါအဝင်) ကတော့ ကိုယ့်အထုတ်ကိုယ်ဆွဲကာ (ဟိုတယ်ခန်း) တန်းတက်သွားကြ သည်မှာ ကိုယ့်အိမ်ကိုပြန်ရောက်သည်နှင့်ပင် တူနေသည်”လို့ နတ်သံနှောထားပါတယ်။ ဒါတွေဟာ(မဆလ)ခေတ်မှာ ဗိုလ်နေဝင်းစစ်အုပ်စု မင်းမူခဲ့စဉ်က တိုင်းပြည်ဘဏ္ဍာကို သုံးကျဖြုံးကျတာတွေထဲက အပေါ်ယံအသေးအမွှားလေးတစ်ခုမျှသာ ဖြစ်ပါတယ်။ 
ဗိုလ်ထွန်းကြည်က သူကိုယ်တိုင် (နဝတ)စစ်အစိုးရခေတ်မှာ တိုင်းမှူး/ကုန်သွယ်ရေးဝန်ကြီးလုပ်ခဲ့စဉ်က စားခဲ့/ ဝါးခဲ့တာတွေ တော့ တစ်လုံးမျှထုတ်မပြောဘဲ ထိန်ချန်ထားပါတယ်။ 
ချုပ်လိုက်ရင် (မဆလ) ခေတ်မှာလည်း ဗိုလ်နေဝင်းနဲ့စစ်အုပ်စုထိပ်သီးတစ်သိုက်သာ တိုင်းပြည်ဘဏ္ဍာနဲ့ဥစ္စာတွေကို အမွေ ဆိုင်ပစ္စည်းလို ထင်သလိုသုံးခဲ့ဖြုံးခဲ့ကြပါတယ်။

(နဝတ-နအဖ) စစ်အစိုးရခေတ်မှာလည်း ဗိုလ်နေဝင်းနေရာရလာခဲ့ကြသူတွေဖြစ်တဲ့ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်မောင် အေး တို့ကလည်း ဗိုလ်နေဝင်းနည်းတူ တိုင်းပြည်ဘဏ္ဍာဥစ္စာတွေကို မောင်ပိုင်စီးပြီး အရချိုင်ခဲ့ကြတာဖြစ်ပါတယ်။ 

ဗိုလ်နေဝင်း (မဆလ) ခေတ် (၂၆) အတွင်းနှစ်မှာ တိုင်းပြည်ဟာ အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ရတယ်။
 ဗိုလ်သန်းရွှေ- ဗိုလ်မောင်အေး- ဗိုလ်ခင်ညွန့်တို့ (နဝတ-နအဖ) စစ်အစိုးရခေတ် (၂၂နှစ်)အတွင်း  တိုင်းပြည်နဲ့ပြည်သူတွေဟာ အဆင်းရဲဆုံးနွံအိုင်ထဲကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။  ဗိုလ်သန်းရွှေ- ဗိုလ်မောင်အေး- ဗိုလ်ခင်ညွန့်တို့ကတော့ တိုင်းသိပြည်သိ၊ ကမ္ဘာသိ၊ သူဌေးသူကြွယ်ကြီးတွေ ဖြစ်လာခဲ့ကြပါတယ်။ (နဝတ-နအဖ) စစ်အစိုးရရဲ့ အာဏာအမွေစားအမွေခံ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ (၄၁) လ သက်တမ်းကာလမှာလည်း မာန်သူရှိန်နဲ့ ဝန်ကြီး(ဗိုလ်)ဦးရဲထွဋ်တို့ အပြန်အလှန် အရေခွံလှန်နေကြတာတွေ၊ ညောင်မြစ်တူး/ ပုတ်သင် ဥဖော်နေကြတာတွေက ဘယ်စစ်အုပ်စု (ဗိုလ်နေဝင်းစစ်အုပ်စု/ ဗိုလ်သန်းရွေစစ်အုပ်စု) ပဲဖြစ်ဖြစ် တိုင်းပြည်ဘဏ္ဍာကို ခိုးဝှက်မြဲခိုးဝှက် တယ်ဆိုတဲ့ အချက်ကို ဖော်ထုတ်ဝန်ခံတဲ့ သဘောဖြစ်ပါတယ်။ 

လွှတ်တော်ဥက္ကဋ္ဌကြီး (ဗိုလ်) ဦးခင်အောင်မြင့်၊ ပြန်ကြားရေးဝန်ကြီး(ဗိုလ်)ဦးရဲထွဋ်နဲ့ မာန်သူရှိန်တို့ အနေနဲ့ ကိုင်းဖြားကိုင်းနား အသေးအမွှေးလေးတွေ ဇီးသီးစားကြတာကိုပဲ ဟန်ဆောင်ပန်ဆောင်နဲ့ အမှုကြီးတစ်ခုလို ရေးကြီးခွင်ကျယ်လုပ်ပြောမနေကြဘဲ၊ ဒုနဲ့ဒယ်နဲ့ အချီကြီးဝါးနေ၊ စားနေကြသူတွေဟာ ဘယ်သူတွေလည်းဆိုတာ နာမည်အတိအကျ ဖော်ထုတ်ပြောကြဖို့ ကောင်းပါတယ်။ 

“စစ်အာဏာရှင်စနစ်” ဆိုတာ တိုင်းပြည်ရဲ့အသက်သွေးကြော ဥစ္စာဓန မှန်သမျှ စစ်အုပ်စုထိပ်သီးတစ်စုနဲ့ မိုက်ဖော်ဆိုးဖက် ခရိုနီတစ်စုက လက်ဝါးကြီး အုပ်သိမ်းပိုက်လုယက်ထားတဲ့ စနစ်ဖြစ်ပါတယ်။ 
“စစ်အာဏာရှင်စနစ်” ဆိုတာ ပြည်သူနဲ့တိုင်းပြည်က စုတ်ပြတ်ဆင်းရဲမွဲတေပြီး  လက်တစ်ဆုပ်စာ စစ်အုပ်စုက ကျိကျိတက် ချမ်းသာကြွယ်ဝလာစေတဲ့စနစ်ပါပဲ။ အဲဒီစနစ်ကို “၂၀၀၈အခြေခံဥပဒေ”ဆိုတာနဲ့ အပေါ်ယံဆေး အလှယ်ခြယ်ပေးထားတယ်ဆိုတာပါပဲ။  

ဒါကြောင့် “စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေ” ကို ကုန်စင်အောင် ဖယ်ရှားသုတ်သင်ရမယ်။ 


Photo - http://www.chitkyiaye.com/2011/06/blog-post_11.html