မောင်ဥက္ကလာ - ယုံချင်ယုံ မယုံချင်နေ - ဖေကံကောင်း၊ ချစ်မေမေများ နဲ့ မြေခွေး (ထွေထွေရာရာ ဤကမ္ဘာ)


မောင်ဥက္ကလာ  - ယုံချင်ယုံ မယုံချင်နေ - ဖေကံကောင်း၊ ချစ်မေမေများ နဲ့ မြေခွေး  (ထွေထွေရာရာ ဤကမ္ဘာ)
စက်တင်ဘာလ ၁၄၊ ၂၀၁၄

ဤမြေကမ္ဘာ လူထဲကလူတွေရဲ့  မှတ်သားစရာ ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း သတင်းအပိုင်းအစ ဖတ်မိသမျှကို မိတ်ဆွေစာချစ်သူများ ဖတ်ဖို့ မျှဝေတင်ပြလိုက်ပါတယ်။ ဖော်ပြပါ သတင်းများသည် တကယ့်ဖြစ်ရပ်မှန် သတင်းများကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။

ရိုင် ကမ်ဘဲလ် (Ryan Campbell)
• မှုန်ရီဝိုးတဝါး ညကမ္ဘာထဲ
ကိုယ့်အသိဆွေမျိုးထဲမှာ လူကအိပ်ပျော်နေပြီး လမ်းထလျှောက်သူ၊ ထမင်းထစားသူ၊ တစ်ခုခုထလုပ်သူတွေကို တွေ့ဖူးကြားဖူးကြမှာပါ။ လွန်ခဲ့တဲ့ရက်အတွင်းက အမေရိကန်နိုင်ငံ အလယ်ပိုင် ကန်တက်ကီ (Kentucky) ပြည်နယ်မှာရှိတဲ့ ကျောက်တောင်နီလျှိုမြောင် (Red Rocks Gorge) ကို ပျော်ပွဲစားသွားကြတဲ့ လူငယ်တစ်စုကတော့ သူတို့ရဲ့  သူငယ်ချင်း အိုဟိုင်းရို (Ohio) ပြည်နယ်သား ရိုင် ကမ်ဘဲလ် (Ryan Campbell) ရဲ့  မယုံနိုင်လောက်တဲ့ အဖြစ်အပျက်ကို ပြန်ပြောလို့မပြီ။ သူတို့တတွေ ရင်သပ်ရှုမောဖွယ် လျှိုမြောင်အထက် ကျောက်တောင်ပေါ်ရောက်တော့ စခန်းချနားကြတယ်။ ညပိုင်း စားကြသောက်ကြပြီး အနားယူကြတော့ ကမ်ဘလ်က ကြိုးပုခတ်ပေါ်တက် အိပ်စက်တော့တယ်။ ညဉ့်နက်ပိုင်းရောက်တော့ ပုဂ္ဂိုလ်က ပုခတ်ပေါ်ကဆင်းပြီး ချောက်ကမ်းပါးဆီ အေးအေးဆေးဆေး တစ်ယောက်တည်း လျှောက်သွားတယ်။ ဘာမှမပြောမဆို လစ်သွားတာကို အိပ်မပျော်သေးတဲ့ သူငယ်ချင်းတချို့ တွေ့တယ်။ သူတို့အထင်က အပေါ့အပါးသွားတယ်ပေါ့။ ကမ်ဘဲလ် က တစ်ချက် နောက်ပြန်လှည့်မကြည့်၊ မရပ်ဘဲ ဆက်လျှောက်သွားလိုက်တာ ချောက်ကမ်းပါးကိုလွန်ပြီး ပေ (၆၀) ကျော်လောက်နက်တဲ့ လျှိုမြောင်ထဲကို ပြုတ်ကျသွားတယ်။ အဲဒီအခါကြမှ သူလျှောက်သွားတာကို ငေးကြည့်နေတဲ့ ဘော်ဒါတွေက အထိတ်တလန့်ဖြစ်ပြီး မစ္စတာကမ်ဘလ် တစ်ယောက် လက်စသတ်တော့ “မှုန်ရီဝိုးတဝါး ညကမ္ဘာထဲ” အိပ်မက်မက်ယောင်ပြီး လမ်းထလျှောက်တာကို။ ချက်ချင်း အိပ်ပျော်နေသူတွေကိုနှိုး၊ ကယ်ဆယ်ရေးကိုခေါ်ပြီး နက်ရှိုင်းလှတဲ့ လျှိုမြောင်ထဲ ခက်ခက်ခဲခဲ ဆင်းကြပြီး၊ ရှာဖွေကြရာ (၃) နာရီကြာမှ ကျောက်တောင် ကျောက်ဆောင်တွေကြားက ချုံပုတ်တစ်ခုပေါ်မှာ အပွန့်အပဲ့ ဒဏ်ရာအနည်းငယ်နဲ့ သတိမေ့မြောနေတဲ့ ကမ်ဘလ်ကို ရှာဖွေတွေ့ရှိ ကယ်ဆယ်နိုင်ခဲ့တယ်။ အတော်ထူးဆန်း၊ ကံကောင်းတယ်လို့ ပြောရမယ် - အမြင့်ပေ (၆၀) ကနေ လျှိုထဲမှာရှိတဲ့ များစွာသော ကျောက်တောင်ကျောက်ဆောင်တွေပေါ် မကျဘဲ၊ ချုံပုတ်ပေါ်ကျ သေကံမရောက်ခဲ့တဲ့ ဖေကံကောင်းအဖြစ်ကို သူလည်းမယုံ၊ ဘယ်သူမှလည်း မယုံနိုင် စဉ်းစားလို့မရ။ ဒဏ်ရာဆိုလို့ မျက်နှာမှာ မဖြစ်လောက်တဲ့ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်နဲ့ ပခုံးနဲ့ ခြေထောက်အဆစ် လွှဲသွားတာပဲရှိတယ်။ တွေးကြည့်ရင် ဒီလို ချောက်ကမ်းပါးထဲ ကျရတာ အမေရိကန်နိုင်ငံမှာ ဖြစ်နေလို့၊ မြန်မာနိုင်ငံမှာဆိုရင် ဒီလို ချောက်ထဲကျစရာအကြောင်းမရှိ။ ချောက်ထဲမကျအောင် အချိန်မီ အမြဲတမ်း ကယ်တင်ပေးတဲ့ စူပါဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်တို့ တပ်မတော်ရှိနေသ၍ ဘယ်သူမှ ချောက်ထဲကျစရာအကြောင်းမရှိ။ သိတဲ့မဟုတ်လား … နိုင်ငံတော်ကြီးကိုတောင် ချောက်ထဲမကျအောင် ကယ်တင်နိုင်ခဲ့တဲ့သူတွေ ရှိတယ်လေ။ (သတင်း - ABC) 




• သိပ်မမူးပါဘူး
နှစ်စဉ် အမူးသမားတွေ ကျူးလွန်တဲ့ ကားတိုက်မှုတွေက မရေတွက်နိုင် “မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့” ဆိုတဲ့ သတိပေး ပညာပေး သီချင်းကြောင့်လားမသိ ဘယ်နိုင်ငံကြည့်ကြည့် မူးပြီးမောင်းကြတဲ့ ဆရာသမားတွေကို လမ်းပေါ်မှာ ပိုတွေ့ရတယ်။ ကားမောင်းရင် သူတို့ကိုပဲ အမြဲသတိထား ရှောင်နေရတယ်နော်။ စာရင်းဇယားမရှိတဲ့ မြန်မာနိုင်ငံမှာတော့မသိ။ အမေရိကန်နိုင်ငံ အဝေးပြေးကားလမ်းများ ဘေးကင်းလုံခြုံရေး စောင့်ကြည့်အဖွဲ့ကြီးရဲ့  စာရင်းဇယားအရ မူးပြီးမောင်းကြသူတွေကြောင့် နှစ်စဉ် လူပေါင်း တစ်သောင်းကျော် ကားတိုက် သေဆုံးကြတယ်။ မြန်မာနိုင်ငံမှာတော့ လမ်းဆိုးဆိုးပေါ်မှာ ကားတွေပိုကြပ်လာပြီး ကားတိုက်မှုကြောင့် သေဆုံးသူအရေအတွက် ပိုများ လာတာကို တွေ့နေကြားနေရတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့  အကောင်းဆုံး ရန်ကုန်-နေပူတော်သွား အဝေးပြေးလမ်းကြီးပေါ်မှာ။ ဒီလို အမူးသမားတွေအကြောင်း ဒီရက်အတွင်း ဖတ်မိတဲ့ သတင်းတွေထဲက မှတ်သားလောက်တဲ့ မာတာမိခင်နှစ်ဦးကို မိတ်ဆက်ပေးချင် ပါတယ်။


ရီနတ ကောင်လတ်တန် (Renata Congleton)

ဦးစွာ အမေရိကန်တောင်ပိုင်း ဖလော်ရီဒါ (Florida) ပြည်နယ်က အသက် (၂၇) နှစ်အရွယ် ရီနတ ကောင်လတ်တန် (Renata Congleton) ဆိုသူပါ။ တနေကုန် ဘယ်လောက် မော့ထားလဲ မသိ။ အတော်လေး ရေချိန်ကိုက် မူးနေပေမဲ့ သူလုပ်ရမယ့်အလုပ်ကိုတော့ မမေ့မပျောက်။ နေလယ် (၃) နာရီ ကျောင်းဆင်းချိန်မှာ သူ့သမီးငယ်ရှိရာ မူလတန်းကျောင်းကို အရောက်သွားခဲ့ပြီး သမီးကို လာကြိုကြောင်း တာဝန်ကျ ဆရာ၊ ဆရာမတွေကို သတင်းပို့တယ်။ တော်တော်လေး ရုပ်ပျက်ဆင်းပျက် မူးနေတဲ့ မစ္စရီနတအနေနဲ့ ခလေးကို ခေါ်သွားလို့မရကြောင်း ဆရာ၊ ဆရာမတွေက ပြောတော့။ ကိုယ့်သမီး ကိုယ်လာခေါ်တာကို ခွင့်မပြုတဲ့ ဆရာ၊ ဆရာမတွေကို ရန်ပြုဆဲဆိုတာနဲ့ ရဲကို အကြောင်းကြားခေါ်တော့ အမူးပါးက ရဲတွေရောက်မလာခင် လစ်ပြေးတော့တယ်။ တောင်ကွေ့မြောက်ကွေ့ မောင်းပြေးတဲ့ သူ့ကားနောက်ကို ရဲတွေက လိုက်ကြပြီး ရပ်ဖို့ ပြောဆိုအမိန့်ပေးတာကို နာမခံတဲ့အပြင် ရှေ့ က လမ်းပိတ်ပြီး ဖမ်းဖို့ကြိုးစားနေတဲ့ ရဲကား နှစ်စီးကိုတောင် ဝင်တိုက်ပြီး ဆက်မောင်းပြေးတယ်။ နောက်ဆုံး သူ့အိမ်ကို နောက်ရောင်ခံလိုက်ပြီး ဖမ်းတော့၊ အရက်အစွမ်းနဲ့ ဘယ်---မှ ---မထင်ဘူးဆိုပြီး၊ အလွယ်အဖမ်းမခံ - ရဲတွေကို ကုတ်ခြစ်ကန်ကြောက် လုပ်ပြန်တယ်။ ဒီလို စွမ်းဆောင်ချက်ကြောင့် အရက်သေစာ သောက်စားမူးယစ်ပြီး ကားမောင်းခြင်း၊ ခလေးအသက်အန္တရာယ် ကျရောက်အောင် ပြစ်မှုကျူးလွန်ခြင်း၊ ဆရာ/မများ တာဝန်ဝတ္တရား နှောက်ယှက်မှု၊ ရဲတွေကို ကိုယ်ထိလက်ရောက် စော်ကားတိုက်ခိုက်မှုစတဲ့ အမှုများစွာနဲ့ အရေးယူထားပြီး၊ တရားရုံးက ငွေဒဏ် တစ်သောင်းခွဲ ပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်တယ်။ သမီးငယ်ကိုတော့ လောလောဆယ် ခလေးစောင့်ရှောက်ရေးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားတယ်။ ဆရာ/မတွေကို ဆဲဆိုး၊ ရဲတွေကို ကုတ်ခြစ်နဲ့ သူကိုယ်သူ မြန်မာပြည်က ဗိုလ်ချုပ်မှူးကြီးသမီးလို့ ထင်နေသလားမသိ။ (သတင်း - Huffington Post)


နောက်တစ်ဦးကတော့ … သိပ်မူးနေရင် မမောင်းနဲ့ မမူးတဲ့လူကို မောင်းခိုင်းဆိုတဲ့ သတိပေးစကားကို လိုက်နာတဲ့ အသက် (၄၂) နှစ်အရွယ် ဗားမောင့် (Vermont) ပြည်နယ်သူ ဂျက်စီကာ မက်သီယူ (Jessica Mathiau)။ ညနေဆည်းဆာ  နေဝင်ရီမှာ စားသောက်ဆိုင်ကနေ အိမ်အပြန်လမ်းမှာ ခေါင်းမထောင်နိုင်အောင် အတော်မူးနေတာနဲ့ မမူးတဲ့သူ့အဖော်ကို ပေးမောင်းလိုက်တယ်။ သူ့အဖော်ကလည်း တာဝန်ကျေပွန်စွာနဲ့ အစွမ်းကုန် မောင်းတော့တယ်။ ဖြစ်ချင်တော့ မမူးတဲ့သူ မောင်းတဲ့ကားကလည်း ဟိုကွေ့ဒီကွေ့၊ ဟိုရပ်ဒီရပ် သွားနေပြီး၊ နောက်ဆုံး ကားတွေ ဥဒဟို သွားလာနေတဲ့ လမ်းလယ်ခေါင်မှာ ရုတ်တရက် ထိုးရပ်သွားတော့တယ်။ ရဲတွေ ရောက်ရှိလာပြီး ကားထဲကြည့်လိုက်တော့ သတိမေ့မတတ် မူးနေတဲ့ မစ္စဂျက်စီကာ ကို ရှေ့ ဖက်ခရီးသည် (ပါစင်ဂျာ) ထိုင်ခုံမှာ တွေ့ရပြီး၊ သူ့ကိုယ်စား ကားမောင်းနေသူက အသက် (၁၀) နှစ်အရွယ် သူ့သားငယ် ဖြစ်နေတယ်။ တောင်ကွေ့မြောက်ကွေ့ ဟိုနားရပ်ဒီနားရပ် ဖြစ်ရတဲ့အကြောင်းက ခလေးခြေထောက်က ဘရိတ်ကိုမမီတော့ အမူးသမားမိခင်က အရေးပေါ်လက်ဆွဲဘရိတ်ကို တချက်တချက်ဆွဲပြီး ရပ်တာကြောင့်ဖြစ်တယ်။ ဇာတ်သိမ်းကတော့ မူးရင်မမောင်းနဲ့ဆိုတော့ မမောင်းလို့ အပြစ်မရှိပေမဲ့ အသက်မပြည့်တဲ့ ခလေးငယ်ကို မောင်းခိုင်းတဲ့အမှု၊ ခလေး အသက်အန္တရာယ်ကျရောက်အောင် လုပ်ဆောင်ခြင်းအတွက် တရားရုံးသွား ဒဏ်ငွေဆောင်ရမယ်။ ကံတရားကြောင့် ရဲတွေအချိန်မီ ရောက်ရှိ၊ တခြားယာဉ်မောင်းတွေ ရှောင်ရှားသွားနိုင်တာကြောင့် အားလုံး ဘေးမသီ ရန်မခ အိမ်ပြန်ရောက်ကြတယ်။ ဒီလိုမိခင်မျိုးတွေ မြန်မာနိုင်ငံမှာတော့ ရှိမယ်မထင်။ (USA Today)

ဒဲလ်လဗာဆန် (Carlo Dellaverson)

• ချစ်သူများနေ့ လက်ဆောင်
အမေရိကန် ထိပ်တန်းသတင်းဌာနကြီး တစ်ခုဖြစ်တဲ့ NBC ရုပ်သံလွှင်ဌာနရဲ့  ဒစ်ဂျယ်တယ်အွန်လိုင်း (Digital Online) ထုတ်လုပ်ရေးတာဝန်ခံ အသက် (၃၀) ရှိသူ ကာလို ဒဲလ်လဗာဆန် (Carlo Dellaverson) တစ်ယောက် သူကျွမ်းကျင်တဲ့ နည်းပညာကို သတင်းထုတ်လုပ်ရေးတင်မက ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ် ရိုက်ကူးထုတ်လုပ်ခဲ့တယ်။ ဒါပေမဲ့ သူ့ဇာတ်လမ်းမှာပါဝင်တဲ့ မင်းသမီးက သူ့ရိုက်ကူးထုတ်လုပ်ခဲ့တာကို ချက်ချင်းမသိခဲ့ဘူး။ သူရိုက်ကူးထုတ်လုပ်တဲ့ ဇာတ်လမ်းက (၁၈) နှစ်အောက် မကြည့်ရ ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ချစ်သူများနေ့ (Valentine's Day) မှာ သူ့အိမ်ကိုရောက်လာတဲ့ ချစ်သူရည်းစားကို ပန်း၊ ချော့ကလတ် ဘာညာလက်ဆောင်ပေးပြီးတော့ နောက်ဆုံး ဟိုဒင်းဟိုနှယ် xxx ဖြစ်တာကို (တတ်သိပညာ မနေသာ) လျှို့ ဝှက်မှတ်တမ်းတင် ရိုက်ကူးထားလိုက်တယ်။ ချစ်သူရည်းစားကတော့ ချစ်သူပေးတဲ့ လက်ဆောင်တွေယူပြီး မောင်တော်ချောရဲ့  မြေခွေးအကြံကို မသိလိုက်။ ဒီလိုနဲ့ တနေ့ ချစ်သူမောင်ကြီးအိမ် တခေါက်ထပ်ရောက်တော့ မောင်တော်ရဲ့  ကွန်ပြူတာဖွင့် အင်တာနက်သုံးမယ်လုပ်တော့ သူတို့နှစ်ယောက်ရဲ့  xxx ဓါတ်ရှင်ကို အလန့်ထညက် တွေ့ပြီး၊ ဒီလို လုပ်ရသလား၊ ဘာလားညာလား ပူညံပူညံ ရန်ပြုပြီး ချစ်သူဘဝကို အဆုံးသတ်လိုက်တယ်။ ဆရာသမားက လည်း သူ့ချို(ဂျို) စောင်းကို ရိုက်ချိုးသွားတဲ့ ချစ်သူမကို လက်ဆင် (lesson) ပေးလိုစိတ်နဲ့ ဗီဒီယိုကို လူတကာကြည့်တဲ့ xxx အင်တာနက် စာမျက်နှာပေါ်တင်ပြီး ဖြန့်ဝေလိုက်တယ်။ ပြီးတော့ စွန့်ခွါသွားတဲ့ ချစ်သူဟောင်းကို သူ့လုပ်ကွက်ကို ဗြောင်အသိပေးလိုက်တယ်။ မောင်ကြီးရဲ့  အဆုံးမသတ် မုန်းစရာကောင်း၊ အရှက်တကွဲ အကျိုးနည်းစေတဲ့ ရိုက်ချက်ကို ခေါင်းငုံမခံတော့ဘဲ သက်ဆိုင်ရာကို တိုင်ကြားလိုက်တော့၊ ဆန် (စ) ကောလောက်မှ ဇောက်မနက်တဲ့ သူ့လုပ်ရပ်ကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးအရေးယူလိုက်တယ်။ NBC သတင်းဌာနက ချက်ချင်းအလုပ်ဖြုတ်လိုက်ပြီး၊ တရားမဝင် ဗီဒီယို ခိုးရိုက်မှု၊ ဖြန့်ဝေမှု၊ လိင်ပိုင်ဆိုင်ရာ မဖွယ်မရာပြုကျင့် ကျူးလွန်မှုစတဲ့ တရားစွဲချက်ကြောင့် နှစ်ရှည်ထောင်နန်းစံရမယ့် အလားအလာရှိတယ်။ ဒီလိုမျိုး မဖွယ်မရာ လုပ်ရပ်တွေကို ပွင့်လင်းလာပြီဆိုတဲ့ တလွဲဆံပင်ကောင်း မြန်မာနိုင်ငံမှာ အခွင့်အရေးသမားတချို့  ကျူးလွန်လာကြတာကို တွေ့နေကြားနေရတယ်။ အမျိုးသမီးငယ်တွေကို လှည့်ဖြားပြီး၊ အလိုမတူ လုပ်ဆောင်မှုတွေ တိုးများလာတဲ့အတွက် ဘာဆိုဘာမှ ပြဌာန်းမရေးဆွဲနိုင်သေးတဲ့ အစိုးရကြီးနဲ့ အမျိုးသမီး အခွင့်အရေး တိုက်ပွဲဝင်နေကြတဲ့ အကျိုးဆောင်အဖွဲ့တွေအနေနဲ့ တိကျမှန်ကန်မျှတတဲ့ တရားဥပဒေများ ပြဌာန်းပြီး အရေးယူလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (သတင်း - Daily Mail, UK)