ကျော်မောင်(တိုင်းတာရေး) - ၃၆နှစ် ကျွန်တော်နှင့် နှစ်၃၀ အတွေးအမြင်


ကျော်မောင်(တိုင်းတာရေး) - ၃၆နှစ် ကျွန်တော်နှင့် နှစ်၃၀ အတွေးအမြင်
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၄


    စင်ကာပူတွင် ကျွန်တော် အလုပ်လုပ်ပါသည်။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ မြန်မာသံရုံး (စင်ကာပူ) ကို ပြီးခဲ့တဲ့ နှစ်ပတ်လောက်က အသွား အိမ်က မထွက်မီ စာအုပ်စင်က အတွေးအမြင်စာစောင် နှစ်အုပ်ဆွဲခဲ့သည်။ ကြည့်မိလိုက်တော့ (၂၀၁၄) ဖေဖေါ်ဝါရီလထုတ် အမှတ်စဉ်(၂၆၃) နှင့် (၂၀၁၄) စက်တင်ဘာလထုတ် အမှတ်စဉ်(၂၆၉) တို့ ဖြစ်သည်။ စင်ကာပူရောက်စတွင် အတွေးအမြင်စာစောင်ကို ရန်ကုန် လှည်းတန်းရှိစာအုပ်ဆိုင် တဆိုင်ဆိုင် (သို့မဟုတ်) ပန်းဆိုးတန်းရှိစာအုပ်ဆိုင် တဆိုင်ဆိုင်မှ အကိုနှင့်ညီအငယ်က ၀ယ်ယူကာ လူကြုံဖြင့် တကူးတကပို့ပေးသည်။
    လွန်ခဲ့သော နှစ်နှစ်နီးပါးမှ စတင်ကာ ပင်နီစူးလားပလာဇာမြေညီထပ်ရှိ "ဒဏ္ဍာရီ" ဆိုင်၏ ကျေးဇူးကြောင့် ကြိုပေးစနစ်ဖြင့် လစဉ် မှာယူဖတ်ရှုခွင့်ရခဲ့သည်။ ဟိုယခင်က ဖေဖေါ်ဝါရီလထုတ်ဆိုလျှင် ဖေဖေါ်ဝါရီလလယ်လောက်တွင်မှ အတွေးအမြင်စာစောင် "ဒဏ္ဍာရီ" ဆိုင်ပေါ်ရောက်နေပြီ၊ စာစောင်လာရောက်ထုတ်ယူနိုင်ပါပြီဟု ဖုန်းဖြင့် စာပို့ကာ အကြောင်းကြားသည်။ မှတ်မှတ်ရရ (၂၀၁၄) သြဂုတ်လထုတ်မှ စကာ စာစောင်စောစောရသည်။ လအစ ပထမအပတ်မှာပင် ဆိုင်ပေါ်ရောက်ပြီး စောစောဖတ်ခွင့်ရသည်။ ကျွန်တော်ကဲ့သို့ လစဉ်ကြိုပေးသော အတွေးအမြင်ပရိသတ်မှာ စင်ကာပူတွင် လေး ငါးဦးပုံမှန်ရှိသည်ဟု သိရသည်။ ဒါက ဒီဆိုင်တစ်ဆိုင်တည်းက ဖြစ်သည်။ စောစောရတော့ စောစောဖတ်ရသည်။ ဖတ်ပြီးသွားလျှင် ရန်ကုန်ရှိ အဖေနှင့် ဖုန်းပြောရင်း သားအဖနှစ်ယောက် စာစောင်ပါ ဆောင်းပါးများထဲမှ အကြောင်းအရာများအား ဆွေးနွေးကြသည်။ တခါတလေတွင် အဖေက ၀ယ်မဖတ်ဖြစ်၊ မ၀ယ်ဖြစ်သေးတာလည်းဖြစ်နိုင်သည်။ ဒီတွင် စာစောင်ဖတ်ပြီးသားဖြစ်သူ ကျွန်တော်က ဆောင်းပါးများကို တို့ကာထိကာ ညွှန်းပြီး၊ နောက်တော့ "အဖေ မြန်မြန်ဝယ်ဖတ်၊ အငယ်ကောင်ကိုဝယ်ခိုင်းပါ" ဟုဆိုကာ တိုက်တွန်းတတ်သည်။ ကိုယ်တိုင်ဖတ်ကြည့်မှ အတွေးအမြင်စာစောင်သည် ပိုအရသာရှိသကဲ့သို့ မှတ်ထင်ထားတာ ဖြစ်သည်။ ကျွန်တော်မဖတ်ရသေးလျှင်လည်း ဖတ်ဖို့ အဖေက လှမ်းကာ တိုက်တွန်းတတ်သည်။
    သံရုံးရောက်၊ အလှည့်စောင့်နေရင်း အတွေးအမြင် တစ်စောင် ကျောပိုးအိတ်ထဲမှ ထုတ်ယူလိုက်သည်။ ဖေဖေါ်ဝါရီလထုတ်စာစောင် လက်ထဲ ပါလာသည်။ဆောင်းပါးအားလုံး ဖတ်ပြီးသားဖြစ်သောကြောင့် ဟိုဟိုဒီဒီ လှန်လှောကြည့်သည်။ စာမျက်နှာ (၁၇၄)ရှိ အင်တာဗျူးကဏ္ဍကို ပြန်ဖတ်မိသည်။ အင်တာဗျူးခေါင်းစဉ်မှာ "စာရေးဆရာ ၊ သတင်းစာ ဆရာ မောင်ဝံသ (၁၉၄၅-၂၀၁၃) နှင့် တွေ့ဆုံခြင်း" ဖြစ်သည်။ ဆရာမောင်ဝံသပြောပြသော အတွေးအမြင်စာစောင် အကြောင်းက ပထမတခေါက် စာစောင်ရပြီး ဖတ်စဉ်ကနှင့် မတူသလိုဖြစ်သွားသည်။ ခုနှစ်လ ရှစ်လအကြာမှာ ပြန်ဖတ်မိသော အတွေးအမြင်အကြောင်းအရာက ဒီတခေါက်တွင် အတွေးအမြင်များစွာ ထပ်မံပေးလေသည်။ အတွေးအမြင်က (၁၉၈၄) မှာစတင်ထုတ်ဝေတာတဲ့။ ကဗျာကယာဖြင့် စာစောင်ရှေ့ပိုင်းရှိ အတွေးအမြင်စာစောင်၏အမှတ်တံဆိပ်ပါ စာမျက်နှာကို ပြန်လှန်ကြည့်မိသည်။ စာမျက်နှာအပေါ်ဖက် ထိပ်နားတွင် ဘောင်ခတ်လျှက် "၁၉၈၄ခု၊ အောက်တိုဘာလက စတင်၍ မောင်ဝံသ ဦးစီးထုတ်ဝေသည်။ Established 1984.” ဟုထင်ထင်ရှားရှား ရေးထားကြောင်းတွေ့ရသည်။
    တိုက်တိုက်ဆိုင်ဆိုင် ယခု ၂၀၁၄ခု၊ အောက်တိုဘာလတွင် အတွေးအမြင်စာစောင်၏ သက်တမ်းမှာ နှစ်ပေါင်း (၃၀) ရှိပေတော့မည်။ ကျွန်တော် က (၃၅)နှစ် ပြည့်ပြီး၍ (၃၆)နှစ်ထဲ ၀င်စပြုနေပြီ။ ဒါဆို (၆)နှစ် ကိုယ်က ကြီးတာပေါ့။ မဟုတ်ရေးချ မဟုတ်။ အတွေးအမြင် စတင်ဖတ်သော အသက်က teenager ဟုခေါ်သော ဆယ်ကျော်သက် (၁၃)နှစ်အရွယ်။ အတွေးအမြင်အောက် ကျွန်တော် ငယ်သွားသည်။ ဟိုအချိန် ကျောင်းနေစဉ် ပဉ္စမတန်း(ငါးတန်း) ကျောင်းသားဘ၀၊တတန်းကွာသော အကိုကြောင့် အတွေးအမြင် စာစောင် စတင်ဖတ်ခဲ့ရသည်။ သူက တဖက်ရပ်ကွက်မှ ပုဂ္ဂလိက စာကြည့်တိုက်အသင်းဝင်။ စာကြည့်တိုက်နာမည်က "ပဉ္စမမျိုးဆက်"။ ကျွန်တော်က အကိုနှင့် လိုက်၍ စာအုပ်ငှားဖတ်သည်။ ထိုစာကြည့်တိုက်၏ အကျိုးကျေးဇူးကြောင့် အတွေးအမြင်စာစောင်အား ယနေ့ အထိ မှန်မှန်ဖတ်ရှုသူ ဖြစ်လာသည်။
     စဖတ်စက စာစောင်ပါ ဆောင်းပါးအကုန် မဖတ်နိုင်ခဲ့။ ကိုယ်နှစ်သက်ရာ ခေါင်းစဉ်၊ ဒါမှမဟုတ် ကိုယ်သိသော နာမည်ကြီး စာရေးဆရာကြီးများရေးသော ဆောင်းပါးများကိုသာ ရွေးဖတ်သည်။ အတွေးအမြင်စာစောင် မျက်နှာဖုံးသည် အများစုအနေဖြင့် (အထူးထုတ် စာစောင်များမှအပ) မာတိကာစာမျက်နှာလည်း ဖြစ်သည်။ စာစောင်မျက်နှာဖုံး တဖြစ်လဲ မာတိကာစာမျက်နှာက စာစောင်ကောက်ကိုင်လိုက်သည်နှင့် ဆောင်းပါးခေါင်းစဉ်၊ ရေးသူတို့ကို စာရွက် လှန်စရာမလို၊ တန်းကနဲ တွေ့စေသည်။ အဖေက အကိုငှားလာသော အတွေးအမြင်စာစောင်အား သဘောကျသည်။ သူလည်း ဖတ်သည်။ သားအဖ သုံးယောက် လက်မလည်အောင် ဖတ်ကြပြီး စာစောင်ပါ ဆောင်းပါးများကို ဆွေးနွေးကြသည်။ ကျွန်တော်က ကျွန်တော့်တွင် ရှိသလောက် ဥာဏ်ကလေးဖြင့် ၀င်ပြီးဆွေးနွေးသည်။ ညီအငယ် ဆယ်ကျော်သက်ပိုင်း ရောက်လာတော့ သူနှင့်ပါ ဆွေးနွေးဖော် ဖြစ်သွားသည်။ သူနှင့်က အသက် (၁၄) နှစ်ကွာသည်။ လူလတ်အမြင်နှင့် လူငယ်အမြင် ဖလှယ်ဖြစ်ကြသည်။
    တက္ကသိုလ်တက်တုန်းက အတွေးအမြင်စာစောင်အကြောင်း သူငယ်ချင်းများနှင့် စကားမစပ်ဖြစ်။ အလယ်တန်း၊ အထက်တန်းကျောင်းသားဘ၀တုန်းကလည်း အတန်းဖော် သူငယ်ချင်းများနှင့် သူတို့တွေ အတွေးအမြင်စာစောင် ဖတ်ကြလားဟု မမေးဖြစ်ခဲ့။ ယခုလည်း စင်ကာပူတွင် ကိုယ့်ဘာသာကိုယ် လစဉ်ဝယ်ဖတ်သည်သာ ရှိသည်၊ အဘယ်သူငယ်ချင်း အဘယ်မိတ်ဆွေနှင့်မှ ဖတ်လား၊ ဖတ်ကြည့်ပါဟု မတိုက်တွန်းခဲ့။ ကျွန်တော့်ဇနီးကို ပင်လျှင် အတွေးအမြင်စာစောင် ဖတ်ကြည့်ဖို့ မတိုက်တွန်းခဲ့။ သူ ကိုယ်ဝန်လွယ်ထားရစဉ် တနေ့ အတွေးအမြင်စာစောင် ကောက်ကိုင်ကာ ဆောင်းပါးတပုဒ် ဖတ်နေတာ တွေ့တော့ အတိုင်းမသိ ၀မ်းသာရသည်။ အတွေးအမြင်စာစောင်ကို စာစောင်ထွက်တိုင်း ကျွန်တော်ကဲ့သို့ ဖတ်နေကြသူများ ရှိကြမည်ဟု ယုံကြည်ပါသည်။ ထိုသူများနှင့် မဆုံဖြစ်တာဖြစ်မည်။ နှစ်သုံးဆယ်ပြည့်တွင် အတွေးအမြင်စာစောင်ပေါင်း (၂၇၀) ရှိပေတော့မည်။
    ဆရာမောင်ဝံသက အင်တာဗျူးတွင် "ကျွန်တော် တစ်ခုပဲ မှာတယ်။ ကျွန်တော် သေသွားရင်တောင် အတွေးအမြင်ကို မရပ်လိုက်ပါနဲ့လို့။ ဆက်ပြီးတော့ ထုတ်ပါ။ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ဆက်ပြီးတော့ ထုတ်ပါ။ အဲဒီလို မှာဖူးတယ်။ " ဟုပြောသွားပါသည်။ ဆက်၍ ဆရာက "အဲဒီတော့ ကျွန်တော် မရှိတော့ရင်လည်း အတွေးအမြင် မဂ္ဂဇင်းကို ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်ရဲဘော်တွေ မိတ်ဆွေတွေက ဆက်လုပ်ကြမှာပဲ လို့ စိတ်ချနေပါတယ်" ဟူ၍ စာစောင်၏နောင်ရေးကို အဖြေပေးခဲ့ပါသည်။ ဆရာ အဖြေပေးခဲ့သည့်အတိုင်း အတွေးအမြင်အား ယနေ့ထိ ဖတ်ခွင့်ရသည်ဖြစ်၍ ဆက်လက်ဦးစီးဆောင်ရွက်သူများအား ကျွန်တော်အလွန်ကျေးဇူးတင်မိပါသည်။
    ကျွန်တော်၏ယခုဆောင်းပါး “၃၆နှစ် ကျွန်တော်နှင့် နှစ်၃၀ အတွေးအမြင်" နိဂုံးမချုပ်ခင် သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်သည်။ အခြားအကြောင်းပြောရင်း ယခုဆောင်းပါးရေးနေကြောင်းပြောဖြစ်သည်။ သူက ကျွန်တော် အတွေးအမြင်စာစောင် လစဉ် မှာဖတ်တာ တလောကမှ သိသူဖြစ်သည်။ အရင်တုန်းက မပြောဖြစ်ခဲ့။ ထို့ကြောင့် ယခု ဆောင်းပါးတွင် အတွေးအမြင်စာစောင်တွေမှာ ဘာတွေပါတယ်ဆိုတာ ရေးထားသလားဟု လှမ်းမေးသည်။ ကျွန်တော် မရေးထား၊ ဘယ်စာရေးဆရာကြီးများ၏ ဘယ်လိုဆောင်းပါးများ ပါသည် ဆိုတာတောင် မိတ်ဆက်သဘော ထည့်မရေးထား၊ ဒီစာစောင် ဒီမဂ္ဂဇင်းကိုဖတ်ပြီးလျှင် ဘာတွေရသွားမည်ဟုလည်း ကျွန်တော်ထည့်မရေးထား။
ထိုကြောင့် အတွေးအမြင်စာစောင်၏ ရည်ရွယ်ချက်ကိုသာ နိဂုံးချုပ်အနေဖြင့် လက်ဆင့်ကမ်းခွင့်ပြုပါ။
    https://www.facebook.com/Thought.Atwayamyin.Magzine မှ မျှဝေထားသော http://mogokmedia.blogspot.sg/2008/11/blog-post.html ပါ စာစု (Post) မှဖြစ်ပါသည်။
  
အတွေးအမြင်၏ ရည်ရွယ်ချက်
    တွေးခေါ်မျှော်မြင်ခြင်းကို အလုပ်တစ်ခုဟု ထင်မြင်၍ စဉ်းစားဥာဏ် ရင့်သန်လိုသူများအတွက်
    မိမိ၏ဦးနှောက်ကို အသုံးချ၍ ဆင်ခြင်တုံတရား ဖွံ့ဖြိုးတိုးတက်လိုသူများအတွက်
    အလုပ်သုံးပါးအနက် မနောကံအလုပ်ဟု ဆိုအပ်သော စိတ်ကူးခြင်း၊ ဆင်ခြင်စဉ်းစားခြင်းကို အာရုံဝင်စားသူများအတွက်

    မှတ်ချက်။ ။ ဆောင်းပါးရေးနေဆဲ ကိုးကားချက်တခုလို၍ Facebook ၀င်ကြည့်မိရာမှ     https://www.facebook.com/Thought.Atwayamyin.Magzine တွင် နှစ်(၃၀)ပြည့် အထူးထုတ် အတွေးအမြင် မနက်ဖြန်ထွက်မည်ဟု သိရပါသည်။

ကိုးကားချက်
၁) အတွေးအမြင် အမှတ်(၂၆၃)၊ ၂၀၁၄ ခု၊ ဖေဖေါ်ဝါရီလ
၂) အတွေးအမြင်စာမျက်နှာ Facebook Link : https://www.facebook.com/Thought.Atwayamyin.Magzine

၂၉-စက်တင်ဘာ-၂၀၁၄