အရှင်စန္ဒိမာ (မွန်စိန်တောရ) - မေးခွန်းထုတ်ရမယ့် စိတ်စေတနာနဲ့ ဉာဏ်ပညာ


အရှင်စန္ဒိမာ (မွန်စိန်တောရ)  - မေးခွန်းထုတ်ရမယ့် စိတ်စေတနာနဲ့ ဉာဏ်ပညာ
စက်တင်ဘာ ၁၆၊ ၂၀၁၄
 
 

လောကမှာ ဖြစ်ပေါ်နေတဲ့ မတရားမှုတွေဟာ ပညတ်အမြင်မှာ အခြေခံတယ်။ လူတွေဟာလည်း ပညတ်အမြင်ကိုယ်စီနဲ့ တွေးတောပြောဆိုလုပ်ကိုင်နေကြတာ ဖြစ်တယ်။ မောဟဖုံးလွှမ်းမှုကြောင့်  တကယ့်အရှိတရား ပရမတ္ထကို မမြင်ဘဲ အပေါ်ယံ ပညတ်ကိုသာ မြင်တယ်။ နက်နဲတဲ့ ပရမတ္တတရားကို မမြင်နိုင်ဘဲ အပေါ်ယံ ပညတ်ကိုသာ မြင်မှုကြောင့် တပ်မက်မှု တဏှာလောဘ၊ ခက်ထန်ကြမ်းတမ်းမှု ဒေါသ၊ ငြူစူစောင်းမြောင်းမနာလိုမှု ဣဿာ စသည်ဖြင့် ပုံမှန်အနေအထားမှ စိတ်ရဲ့ ပြောင်းလဲဖေါက်ပြန်မှုတွေ ဖြစ်လာနိုင်တယ်။  လောဘ ဒေါသ ဣဿာ စတဲ့ စိတ်ရဲ့  ဖေါက်ပြန်မှု သဘာဝတွေဟာ ဘယ်ပုဂ္ဂိုလ်မှာ ဖြစ်ဖြစ် အတူတူပါ။ တိရစ္ဆာန်မှာ ဖြစ်ရင်လည်း ဒီသဘော။ သမ္မတမှာ ဖြစ်ရင်လည်း ဒီသဘော။ သာမာန်လူတယောက်မှာ ဖြစ်ရင်လည်း ဒီသဘောပါပဲ။    

လူတွေရဲ့ ဒီမကောင်းဆိုးဝါးစိတ်တွေဟာ ကြည်လင်တဲ့ ရေပြင်အောက်ခြေမှာ ဝပ်နေတဲ့ အနည်တွေလို အချိန်မရွေး လှုပ်ခတ်ပေါ်ထွက်လာနိုင် တယ်။ ရေထဲမှာ လှုပ်ရှားရိုက်ခတ်မှုတခုခုကြောင့် အောက်ခြေမှ အနည်တွေဟာ ငြိမ်သက်ကြည်လင်နေတဲ့ ရေပြင်ကို လှိုင်းခတ်နောက်ကျိ သွား စေသလိုပါ။

နိုင်ငံရေး လူမျိုးရေး ဘာသာရေး စီးပွါးရေး စသည်ဖြင့် ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ ဖေါက်ပြန်လာတဲ့ စိတ်ရဲ့ သဘာဝက အတူတူပါ။ သတ်မှု၊ အနိုင်ကျင့်မှု၊ အာဏာပြဖိနှိပ်မှု၊ ခိုးမှု၊ လိမ်လည်မှု စတဲ့ မတရားမှုတွေဟာ အဆိုပါ စိတ်ရဲ့ ဖေါက်ပြန်မှုမှ ပေါ်ပေါက်လာကြတယ်။ သို့သော် လူတွေအားလုံး လောဘဒေါသတွေ ကင်းစင်တဲ့ အရိယာသူတော်ကောင်းများ မဟုတ်ကြလေတော့ လောကမှာ အဆိုပါ မတရားမှုတွေ လုံးဝချုပ်ငြိမ်းပပျောက်သွားဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မတရားမှုတွေကို တက်နိုင်သမျှ ဟန့်တားနိုင်အောင် လူတွေ စုပေါင်းနေထိုင်ကြတဲ့ နိုင်ငံလူ့အဖွဲ့အစည်းတွေမှာ စည်းမျဉ်းဥပဒေတွေကို ပြဌာန်းသက်မှတ်ခဲ့ကြရတယ်။ လူအမျိုးမျိုး စရိုက်အမျိုးမျိုး ယုံကြည်မှုအမျိုးမျိုးဆိုတော့ ပြဌာန်းထားကြတဲ့ စည်းမျဉ်းဥပဒေတွေဟာလည်း မတူကွဲပြားမှု ရှိနေတာမဆန်းပါ။

ဥပမာ ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေရဲ့ စည်းမျဉ်းဥပဒေတွေနဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ စည်းမျဉ်းဥပဒေတွေဟာ တူညီနိုင်မယ် မဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံလည်း စည်းမျဉ်းဥပဒေချင်း တူညီမှာ မဟုတ်ပါဘူး။ မတူညီကြသော်လည်း နိုင်ငံနယ်နမိတ်တွေကို ဖြတ်ကျော်။ ကူးလူးဆက်ဆံမှုတွေ ကျယ်ပြန့်လာ။ သတင်းနည်းပညာတွေ ခေတ်မှီတိုးတက်လာတဲ့ မျက်မှောက်ခေတ်ကမ္ဘာမှာ နိုင်ငံအချင်းချင်းနဲ့ လူအချင်းချင်းအကြား အတုယူလေ့လာသင်ယူ သင်ခန်းစာထုတ်ယူစရာတွေလည်း များစွာ ရှိလာပါတယ်။

နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးစနစ်နဲ့ စည်းမျဉ်းဥပဒေတွေ တရားမျှတကောင်းမွန်မှန်ကန်မှု ရှိမရှိကို ထိုနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု၊ ငြိမ်းချမ်းမှု၊ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ လူ့ဂုဏ်သိက္ခာကို လေးစားတန်ဘိုးထားမှု စတဲ့ အကျိုးရလဒ်တွေနဲ့ တိုင်းတာရမှာပါ။ စည်းစနစ်ကျန လူနေမှုဘဝမြင့်မားတဲ့ ထိုထိုနိုင်ငံတွေမှာ လူတွေဟာ စည်းမျဉ်းဥပဒေတွေနဲ့ အသားကျလျှက် လိုက်နာကျင့်သုံးမှုတွေ ရှိနေကြတာကို သတိပြုမိတယ်။ လူနေမှုအဆင့်အတန်းနဲ့ ဆင်းရဲချမ်းသာ လူတန်းစားကွာဟမှုနည်းပါး။ လူတိုင်းအနေနဲ့ နေရေး စားရေး ဝတ်ရေး ပူပင်စရာ သိပ်မရှိလှတဲ့ ထိုလူ့အဖွဲ့အစည်းတွေမှာ မာန်မာနဂုဏ်ပကာသန ပြိုင်ဆိုင်မှုတွေကိုလည်း မတွေ့ရသလောက်ပဲလို့ ပြောရင် လွန်များနေမလား။

တခါက ဆွီဒင်နိုင်ငံရဲ့ မြို့ငယ်တမြို့မှာ အခမ်းအနားလေးတခု ပြုလုပ်တယ်။ သံစုံတီးဝိုင်းနဲ့ တီးခတ်ဖျော်ဖြေမှုလည်း ပါဝင်တယ်။ ဆွီဒင်ဘုရင်ကြီးကိုယ်တိုင် အခမ်းအနားကို တက်ရောက်မယ်လို့ သိရတယ်။ အခမ်းအနားကျင်းပရာနေရာက ရထားဘူတာရုံနဲ့ လမ်းတခု သာခြားတဲ့ မြေကွက်လပ်တခုမှာပါ။ မကြာမှီ ဘုရင်ကြီးရဲ့ ရထား ထိုးဆိုက်လာတယ်။ ဘုရင်ကြီး ရထားပေါ်မှဆင်း။ သက်တော်စောင့်တွေခြံ ရံလျှက် လမ်းကို ဖြတ်ကူး။ လမ်းတဖတ်ခြမ်းကို ရောက်တော့ လမ်းနဲ့ကပ်ရပ် stage စင်ရဲ့အနောက်ဘက် သစ်ပင်ကြီးတပင်ရဲ့ အောက် လူတွေကြားမှာ ရပ်နေတဲ့ အသက် ၇၀ လောက်ရှိမယ့် လူကြီးဟာ ဆွီဒင်နိုင်ငံရဲ့ ဘုရင်ကြီးတပါးလို့ ထင်မှတ်စရာ မရှိပါဘူး။ stage စင်မှာ တီးခတ်မှု မဆုံးသေးတာကြောင့် ဘုရင်ကြီး ခေတ္တစောင့်ဆိုင်းနေရတာပါ။ တီးခတ်မှုဆုံးတော့ ဘုရင်ကြီးနဲ့ နယ်ခံအုပ်ချုပ်ရေးမှူးအပါအဝင် အရာရှိကြီး သုံးလေးယောက်ဟာ အဆင်တန်ဆာ ထယ်ထယ်ဝါဝါ ပြင်ဆင်မှုတွေမပါတဲ့ stage စင်ရှိ တန်းစီချထားတဲ့ ထိုင်ခုံတွေပေါ်မှာ ဝင်ရောက်နေရာယူလိုက်ကြခြင်းဖြင့် အခမ်းအနားစတင်တယ်။ ထိုင်ခုံတွေက ဒူးလောက်မြင့်တဲ့ သာမာန်ထိုင်ခုံမျိုးတွေပါ။ ဆိုဖါကြီးတွေ ဆက်တီကြီးတွေလည်း မဟုတ်ပါဘူး။

တဆက်တည်း ဆွီဒင်နိုင်ငံမှာပဲ ရထားနဲ့ ခရီးတိုသွားခဲ့တဲ့ အတွေ့အကြုံလေးတခုကိုလည်း ပြောပြချင်ပါတယ်။ ရထားထွက်ပြီး ခဏနေတော့ အသက် ၆၀ လောက်ရှိမယ့် ယူနီဖေါင်းကို သပ်ရပ်ကြော့ရှင်းစွာ ဝတ်ဆင်ထားတဲ့ လူကြီးတယောက်က လက်မှတ်လိုက်စစ်တယ်။ ရထားထိုင်ခုံနံဘေးတွေမှာ အမှိုက်ထည့်ဖို့ ကြွပ်ကြွပ်အိတ်လေးတွေ ချိတ်ထားတယ်။ တအောင့်လောက်ကြာတော့ စောစောက လက်မှတ်စစ်လူကြီးကပဲ အိတ်ကြီးတလုံးနဲ့ ခရီးသည်တွေရဲ့ အမှိုက်အိတ်တွေကို လိုက်သိမ်းတယ်။

အလုပ်မှန်သမျှကို လေးစားတန်ဘိုးထားမှု၊ စည်းကမ်းလိုက်နာမှု၊ ဂုဏ်ပကာသနနည်းပါး နှိမ့်ချရိုးသားစွာ နေုထိုင်တတ်မှု စတဲ့ မြင်တွေ့ခဲ့ဖူးတဲ့ လူ့အဖွဲ့အစည်းတခုရဲ့ မြင်ကွင်းတချို့ပါ။

ရေပြည့်အိုးဟာ ဘောင်ဘင်မခတ်တော့သလို ရုပ်ဝတ္ထုပစ္စည်းတွေ လုံလောက်ပြည့်စုံ စည်းကမ်းသေဝပ်တဲ့ လူ့အဖွဲ့အစည်းမှာ လူတွေရဲ့ စိတ်ကိုလည်း ရင့်ကျက်တည်ငြိမ်မှုတွေ ဖြစ်လာစေသလားလို့ တွေးနေမိတယ်။ ထူးခြားမှုတခုက  ဆွီဒင်နိုင်ငံဟာ ယနေ့အထိ နှစ်ပေါင်းနှစ်ရာကျော်ကာလအတွင်း စစ်ဘေးစစ်ဒဏ်မှ ကင်းဝေးနေခဲ့တယ်။

လိုရင်းချုပ်ရရင် လူတွေအားလုံး မောဟကင်းစင် ပရမတ်ထင်ကာ အရိယာသူတော်ကောင်းကြီးတွေ ဖြစ်လာကြဖို့ မျှော်လင့်တောင့်တရင်လည်း လက်တွေ့နဲ့ အလှမ်းဝေးနေမှာပါ။ ပညတ်အမြင်အပေါ်မှာပဲ လောဘဒေါသအတ္တမာန်မာနတွေ လျှော့ပြီး တနိုင်ငံတည်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူများနဲ့ ပြည်ထောင်စုသား တိုင်းရင်းသားညီအကိုမောင်နှမအချင်းချင်းအကြား ကိုယ်ချင်းစာတရားလေးတွေ မွေးမြူကြပြီး တရားမျှတစွာ ပြဿနာတွေကို ညှိယူအဖြေရှာကြကာ နိုင်ငံကို တက်ညီလက်ညီ ပြန်လည်တည်ဆောက်ကြရင်ဖြင့် ထိုထိုနိုင်ငံတွေမှာလို မြန်မာပြည်သူလူထုဟာလည်း စားရေး ဝတ်ရေး နေရေးတွေအတွက် များစွာ မပူပင်ရဘဲ လူချင်းတူတူ သူချင်းမျှမျှ တည်ငြိမ်အေးချမ်းတဲ့ ဘဝတွေကို ကာလတိုအတွင်းမှာ ရရှိပိုင်ဆိုင်နိုင်ကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိတယ်။ မျှော်လင့်ချက်တွေ လက်တွေ့ဖြစ်လာဖို့ ဆိုတာကလည်း တိုင်းပြည်အရေးအရာတွေကို စီမံဆုံးဖြတ်နေကြတဲ့ အုပ်ချုပ်သူတွေရဲ့ စိတ်စေတနာနဲ့ ဥာဏ်ပညာအပေါ်မှာ အဓိကမှီတည်နေပြန်တယ်။

လူ့ဒုက္ခရဲ့ အရင်းမူလက မောဟအဝိဇ္ဇာပါ။ အဝိဇ္ဇာကြောင့် တဏှာလောဘကိလေသာတွေပွားပြီး ဒုက္ခသံသရာ မဆုံးနိုင်တာပါ။ လက်ငင်းအနေနဲ့ လောဘဒေါသအတ္တမာန်မာနတွေလျှော့ပြီး  ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြဿနာဒုက္ခအထွေထွေကို ပြည်ထောင်စုသားအချင်းချင်းအကြား ကိုယ်ချင်းစာတရားနဲ့ ဖြေရှင်းနိုင်ကြစေချင်ပါတယ်။ အုပ်ချုပ်ရေးနဲ့ စီမံဆုံးဖြတ်ခွင့်တာဝန်တွေကို ယူထားကြသူတွေအနေနဲ့ ကိုယ်ချင်းစာတရားလေးတခုကို မွေးမြူလိုက်ကြမယ်ဆိုရင် နိုင်ငံအတွက် အံ့မခန်း ရလဒ်ကောင်းတွေ ထွက်ပေါ်လာမယ်လို့ ယုံကြည်မိပါတယ်။