ဂါမဏိ - မင်းအောင်လှိုင်၏ အာဏာနီထိန်းညှိရေး


ဂါမဏိ - မင်းအောင်လှိုင်၏ အာဏာနီထိန်းညှိရေး
(အာဏာနီတည်ဆောက်ရေး - အပိုင်း ၃)
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၄


    ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အစဉ်အဆက်က စစ်အာဏာရှင်တွေ၊ နိုင်ငံတကာကစစ်အာဏာရှင်တွေရဲ့ လမ်းစဉ်အတိုင်း စစ်အာဏာခိုင်မြဲရေးအတွက် ပုဂ္ဂလိကအာဏာနီတည်ဆောက်နေပုံအကြောင်းကို ရှေ့အပိုင်းတွေမှာ တင်ပြခဲ့ပါတယ်။ အခုစက်တင်ဘာလဆန်းမှာဘဲ မင်းအောင်လှိုင်ဟာ နောက်ထပ်အာဏာနီတည်ဆောက်တဲ့ အကွက် တွေ ထပ်ရွှေ့လိုက်ပါတယ်။ ဒါပေမဲ့ ထူးခြားတာက ပုံမှန်လမ်းကြောင်း အပြည့်အဝမဖြစ်ဘဲ ထိန်းညှိမှုပါ လုပ်ခဲ့ရတယ် လို့ ယူဆမိပါတယ်။

    အဲ့ဒိထူးခြားချက်ကတော့ တပ်လိုင်းမှာရှိနေတဲ့ ဒုဗိုလ်ချုပ်ကြီးမြထွန်းဦးကို စရဖ ဆိုတဲ့ ရုံးလိုင်းကိုပို့ပြီး စရဖအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးကျော်ဆွေကို တပ်လိုင်းပို့တာ ဖြစ်ပါတယ်။

    ၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ခင်ညွန့် ပြုတ်တာနဲ့အတူ တပ်မတော်ထောက်လှမ်းရေးကို ဖျက်သိမ်းလိုက်ပြီးနောက် စစ်ဘက် ထောက်လှမ်းရေးလုပ်ငန်းလုပ်ဖို့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) နာမယ်နဲ့ အသစ်ပြန်ဖွဲ့တဲ့အခါ မြထွန်းဦးဟာ ရခိုင်ပြည်နယ် ကျောက်ဖြူအခြေစိုက် ခလရ ၃၄ တပ်ရင်းမှူးဘဝကနေ ဗိုလ်ချုပ်ရဲမြင့် လက်အောက်ကိုပြောင်းပြီး ရတခ ရဲ့ စရဖ စစ်ဦးစီး(ပ) (G-1) ဒုဗိုလ်မှူးကြီးတာဝန်ယူအမှုထမ်းခဲ့ပါတယ်။ သူ တာဝန်ယူတဲ့ကာလအတွင်း ၂၀၀၆ ခုထဲမှာ KNU က ဗိုလ်ချုပ်မြကို ချဉ်းကပ်နိုင်ခဲ့တယ်။ ၂၀၀၇ ဖေဖော်ဝါရီလမှာ တပ်မဟာ ၇ မှူး ဗိုလ်ချုပ်ထိန်မောင်ကို KNU က ခွဲထွက်ပြီး အပစ်အခတ်ရပ်စဲရေးလုပ်အောင် ဆွဲဆောင်နိုင်ခဲ့တယ်။ ၂၀၀၈ ခု ဖေဖော်ဝါရီလမှာ DKBA ဟောင်းနဲ့ပူးပေါင်းပြီး KNU အတွင်းရေးမှူး ပဒိုမန်းရှာလုပ်ကြံမှုကိုလဲ အောင်အောင်မြင်မြင်စီစဉ်နိုင်ခဲ့တယ်။ ဒါတွေ ကြောင့် လူကြီးတွေမျက်စိကျ၊ အမှတ်တွေရခဲ့ပြီး တက်လမ်းကောင်းခဲ့တယ်။

    ဒါကြောင့် မြထွန်းဦးကို စရဖက ဆွဲထုတ်ပြီး ပခုက္ကူကတပ်မ ၁၀၁ မှာ ဗျူဟာမှူး၊ ဒိနောက် တပ်မမှူးနေရာ တင်ပေးခဲ့ တယ်။ ဒိနောက် ၂၀၁၀ ထဲမှာ စစ်တက္ကသိုလ် (DSA) ကျောင်းအုပ်တာဝန် ပေးခဲ့သေးတယ်။ အဲဒီကနေ ၂၀၁၁ ခုကျ တော့ ရှမ်းပြည်မှာ အရှေ့အလယ်ပိုင်းတိုင်း (ရလခ) ဆိုပြီး စစ်တိုင်းအသစ်ကို ရပခထဲက ခွဲထုတ် တည်ထောင်တဲ့အခါ သူဟာ ရလခရဲ့ပထမဆုံးတိုင်းမှူးဖြစ်လာတယ်။ ၂၀၁၂ စက်တင်ဘာမှာတော့ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဗိုလ်ချုပ် အဆင့် ဖြစ်လာတယ်။ ဒီရာထူးဟာ နအဖတွင်း-၂ ဒုဗိုလ်ချုပ်ကြီးတင်ဦး ရဟတ်ယာဉ်ပျက်ကျသေတဲ့ ၂၀၀၁ ခုနှစ်က စပြီး ဆယ်နှစ်ကျော်လစ်လပ်ခဲ့တဲ့ ရာထူးဖြစ်တယ်။ ဒီနောက် ၂၀၁၃ ခုမှာတော့ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ရာထူး အပြင် ရန်ကုန်တိုင်းကိုတာဝန်ယူရတဲ့ ကစထ ၅ မှူး ဒုဗိုလ်ချုပ်ကြီး ဖြစ်လာတယ်။ တခြားဗိုလ်ချုပ်တွေ ရာထူးနေရာ တခုမှာ ၃-၄ နှစ်ထိုင်နေရချိန် မြထွန်းဦးကတော့ တနေရာတနေရာကို ဖင်နွေးအောင်မထိုင်ရဘဲ အချိန်တိုအတွင်း ရာထူးတွေ တခုပြီးတခု အတက်မြန်ခဲ့တဲ့လူ ဖြစ်တယ်။

    ကကနကောင်စီလို့ ခေါ်တဲ့ တပ်မတော်ရဲ့အမြင့်ဆုံး ကာကွယ်ရေးဌာနကောင်စီအမှုဆောင် ၄၅ ယောက်ထဲမှာ မြထွန်းဦးတို့ DSA အပတ်စဉ် ၂၅ ဆင်း ၄ ယောက်ဘဲပါပြီး ကျန်တဲ့ဗိုလ်ချုပ်အားလုံးက အဲ့ဒီထက်စောတဲ့ DSA နဲ့ OTS ဆင်းတွေချည်းဖြစ်တယ်။ ပင်စင်သွားခါနီး အပတ်စဉ် ၁၉၊ ၂၀ တွေဖယ်လိုက်ရင် DSA ၂၂၊ ၂၃၊ ၂၄ တွေ အဓိက ဖြစ်နေတယ်။ ဒီတော့ DSA ၂၅ တယောက်က ရာထူးတွေ တရိပ်ရိပ်တက်လာပြီး စစ်ဦးစီးချုပ်(ကြည်း) ဖြစ်လာ၊ နောက်အလှည့်ဖြစ်မယ့်ကာချုပ်လို့ သတင်းတွေထွက်လာတော့ ပင်စင်နှစ်ဝေးသေးတဲ့ အပတ်စဉ် ၂၂၊ ၂၃၊ ၂၄ တွေ ပူစပ်ပူလောင်ဖြစ်လာတာ သဘာဝဘဲ ဖြစ်တယ်။

    အခု မြထွန်းဦးဟာ စရဖကိုကိုင်ထားရင်း နေပြည်တော်မှာရှိတဲ့တပ်တွေကို ကိုင်နိုင်တဲ့ ကစထ ၆ မှူးရာထူးကိုပါ တွဲဖက် ရလိုက်တယ်။ အပတ်စဉ်တူ ဗိုလ်ချုပ်မောင်မောင်အေးက နေပြည်တော်တိုင်းမှူးဖြစ်နေတဲ့အတွက် ကစထ ၆ မှူးဟာ ဦးသိန်းစိန်အစိုးရအဖွဲ့နဲ့တကွ စာဖတ်နေသူကြီးရဲ့လုံခြုံရေးအတွက်ပါ တာဝန်အရှိဆုံး ဖြစ်လာတယ်။ ဒါဟာ အရင်တုံး က ထောက်လှမ်းရေးမှူးတွေဖြစ်တဲ့ ဗိုလ်မှူးချုပ်တင်ဦး(မျက်မှန်)၊  ဗိုလ်ချုပ်ခင်ညွန့်၊ ဗိုလ်ချုပ်ရဲမြင့်(လေး) တို့ တခါမှမရ ခဲ့ဖူးတဲ့ အာဏာဖြစ်တယ်။ ဗမာ့တပ်မတော်မှာ အခုလို ထောက်လှမ်းရေးနဲ့တပ် တွဲကိုင်တဲ့အခွင့်အရေးမျိုး အရင်က မပေးခဲ့ဖူးဘူး။ ဗိုလ်ခင်ညွန့်တုံးက ထောက်လှမ်းရေးနဲ့ဝန်ကြီးချုပ်ရာထူး နှစ်ခုတွဲကိုင်တာကိုတောင် တပ်ချုပ်ကြီး သန်းရွှေက တခုစွန့်လွှတ်ခိုင်းခဲ့တာ မစွန့်လွှတ်လို့ အမိန့်မနာခံဆိုပြီး ခင်ညွန့်အပေါ်တင်းခဲ့တယ်။

    ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ ကျော်ဆွေထက်စာရင် အောင်မြင်မှု နည်းနည်းပါးပါးရှိခဲ့ဖူးတဲ့ မြထွန်း ဦးကို စရဖ ကိုင်ခိုင်းတာလဲ ဖြစ်နိုင်တယ်။ မြထွန်းဦးဟာ စရဖ စဖွဲ့ကတည်းက ပါခဲ့တာကြောင့် ထောက်လှမ်းရေးလုပ် ငန်းကို ပိုပိုင်ပိုင်နိုင်နိုင်လုပ်နိုင်မယ်လို့ မင်းအောင်လှိုင်နဲ့ ဦးသန်းရွှေတို့က တွက်ပုံရတယ်။

    တဖက်ကကြည့်ရင်တော့ မြထွန်းဦးဟာ ကာချုပ်၊ ဒုကာချုပ်၊ ညှိကွပ် ပြီးရင် နံပတ် ၄ နေရာလောက်ဖြစ်တဲ့ စစ်ဦးစီး အရာရှိချုပ်(ကြည်း) နေရာကနေ နံပတ် ၉ နေရာလောက်ကို ရောက်သွားတဲ့သဘောလဲ ဖြစ်နေတယ်။

    ဗိုလ်ချုပ်ကျော်ဆွေကတော့ စရဖအရာရှိချုပ်ဘဝကနေ ရန်ကုန်တိုင်းကိုကိုင်ရတဲ့ ကစထ-၅ မှူးရာထူးနဲ့ စစ်ဦးစီးအရာရှိ ချုပ်(ကြည်း) ရာထူးနှစ်ခုကို ပူးတွဲကိုင်တဲ့အဆင့် ရသွားတယ်။ DSA အပတ်စဉ် ၂၂ ဆင်းဖြစ်တဲ့ ကျော်ဆွေဟာ မြထွန်း ဦး စစ်ဦးစီးချုပ်(ကြည်း) ဖြစ်သွားပြီးနောက် မီဒီယာတွေမှာရော၊ ဗျတ်စုတ်-ဗျတ်ပဲ့ညီနောင်လို့ အခေါ်ခံရတဲ့ သမတရုံး ဝန်ကြီး (ဗိုလ်ချုပ်ဟောင်း)အောင်မင်း နဲ့ (ဒုဗိုလ်ချုပ်ကြီးဟောင်း) စိုးသိန်းတို့ကပါ အမွှန်းတင်တာတွေကို အင်မတန် အမြင်ကတ် ရွံရှာနေခဲ့တာ မဖုံးနိုင်မဖိနိုင် ဖော်ပြနေခဲ့တယ်။

    ဒါကြောင့် ကျော်ဆွေဟာ DSA ၂၂၊ ၂၃၊ ၂၄ ဆင်းဗိုလ်ချုပ်များရဲ့ အခွင့်အရေးကာကွယ်သူ (Generals' Rights Defender) အလိုလိုဖြစ်လာပြီး မြထွန်းဦးကတော့ အချိန်မတိုင်ဘဲ မတန်မရာကိုလှမ်းချင်တဲ့ DSA ၂၅ ဆင်းစုံးပြူးလို ဖြစ်လာတယ်။ တပ်တွင်းမှာ အခုလိုဖြစ်လာတာဟာ တပ်စည်းလုံးမှု ထိခိုက်မယ့်မီးပွား ဖြစ်တဲ့အတွက် မင်းအောင်လှိုင် ဟာ သူ့အာဏာနီတည်ဆောက်ရေး လမ်းကြောင်းပေါ်မှာ ပြန်လည်ထိန်းညှိမှုတွေ လုပ်လာရတယ်။ ဒီလိုနဲ့ ကျော်ဆွေနဲ့ မြထွန်းဦးကို နေရာချင်းလဲ၊ နှစ်ယောက်စလုံးကို အရေးပါတဲ့နယ်မြေတွေက တပ်တွေပေးကိုင်တာလုပ်ပြီး DSA ၂၂၊ ၂၃၊ ၂၄ တွေကို ချွေးသိပ်လိုက်တာ ဖြစ်နိုင်တယ်။

    ဗကပ ပြိုကွဲပြီး KNU စခန်းကြီးတွေလဲ မရှိတော့တဲ့ အပစ်ရပ်ခေတ်မှာ ဗိုလ်ဖြစ်လာကြလို့ ကျော်ဆွေဖြစ်စေ၊ မြထွန်းဦး ဖြစ်စေ ဘယ်သူမှ လောက်လောက်လားလားတိုက်ပွဲကြီးတွေ တိုက်ခဲ့ဖူးကြတာ မရှိ၊ လက်ညှိုးထိုးပြစရာ စစ်ရေး အောင်မြင်မှုကြီးတွေ မရှိတဲ့ဗိုလ်ချုပ်တွေ ဖြစ်နေတော့ ပိုပြီးစားမာန်ခုတ်စရာအခြေအနေ၊ တယောက်ကိုတယောက် မလေးစားစရာအခြေအနေ ဖြစ်နေတယ်။

    ထူးခြားမှုကတော့ ဗိုလ်ချုပ်နေဝင်းခေတ်နဲ့ နဝတ-နအဖခေတ်အစောပိုင်းတုံးက ထိပ်ဆုံးတွေကိုရောက်ဖို့ဆိုရင် နတခ တိုင်းမှူးဘဝ ဖြတ်ပြီးမှရောက်ခဲ့တာဖြစ်ပေမဲ့ ဒီဘက်ခေတ်မှာတော့ ထိပ်ဆုံးနေရာတွေရောက်တဲ့ ဗိုလ်ချုပ်တိုင်းဟာ DSA ကျောင်းအုပ် မလွဲမသွေလုပ်ခဲ့ရတာချည်းဘဲဖြစ်တယ်။ ဗိုလ်ချုပ်ကျော်ဆွေ နဲ့ ဗိုလ်ချုပ်မြထွန်းဦး နှစ်ယောက်လုံး ကလဲ DSA ကျောင်းအုပ်ဘဝကို ဖြတ်သန်းခဲ့ကြပြီးဖြစ်တယ်။ ကျော်ဆွေ ဆိုရင် နတခ တိုင်းမှူးတောင် လုပ်ဖူးသေး တယ်။

    ဗမာပြည်စစ်တပ်ဆိုတာကလဲ ခြေလျင်တပ် တိုက်ခိုက်ရေးတပ်ကိုင်တဲ့သူမှဘဲ တက်လမ်းရှိတာဖြစ်တယ်။ ထောက် လှမ်းရေးသက်သက်ကိုင်သူတွေဟာ လက်ရုံးဝန်ထမ်းတပ်ကိုင်သူတွေ၊ ရုံးထိုင်တွေလိုဘဲ တက်လမ်းဂိတ်ဆုံးနေသူတွေ ဖြစ်တယ်။ သူတို့တင်မက ဒီဘက်ခေတ်မှာ အရေးပါ ပစားပေးလာတဲ့ အမြောက်တပ်မ (မစခ) ၁၀ ခု၊ သံချပ်ကာတပ်မ (သစခ) ၅ ခု၊ လေကြောင်းရန်ကာကွယ်ရေးတပ်မ (လစခ) ၅ ခုရဲ့ တပ်မှူးတွေတောင် တပ်မမှူးအဆင့်တွေဖြစ်ပေမဲ့ အဲ့ အဆင့်တွေမှာဘဲ ဘားဆုံးနေကြတာဖြစ်တယ်။

    ဒါကြောင့် မြထွန်းဦးကို ဦးစားပေးတဲ့ပုံ မပေါ်စေဘဲ နှစ်ယောက်စလုံးကို တပ်ပေးကိုင်၊ အရေးကြီးတာဝန်တွေပေးကိုင် ပြီး စစ်ဘက်ဆိုင်ရာမိမိအာဏာနီတည်ဆောက်ရေးမှာ အဖုအထစ်မဖြစ်အောင်နဲ့ အရပ်ဘက်ဆိုင်ရာ ၂၀၁၅ ကို ရင်ဆိုင်နိုင်အောင် အရေးပါတဲ့ပြင်ဆင်မှုတွေ လုပ်လိုက်တာဖြစ်တယ်။

    မြထွန်းဦးဟာ ရတခမှာ စရဖ G-1 လုပ်တုံးက အမှတ်ရခဲ့တယ် ဆိုပေမဲ့ တကယ်တန်းပြောရရင် အမှတ်လျှော့စရာ အကွက်တွေလဲ ရှိခဲ့တယ်။ ဗိုလ်ချုပ်မြကို ချဉ်းကပ်နိုင်ပေမဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ မဆွဲဆောင်နိုင်ခဲ့ဘူး။ ရန်ကုန် မှာဆေးကုပေးမယ်လို့ မလိမ့်တပတ်လုပ်တာကိုလဲ ဗိုလ်ချုပ်မြက ခါးခါးသီးသီးငြင်းဆန်ပစ်ခဲ့တယ်။ ပဒိုမန်းရှာကို လုပ်ကြံခဲ့တဲ့ DKBA ဟောင်းတပ်မှူး ဗိုလ်ဆံပြုတ်ရဲ့လုံခြုံရေးကိုလဲ အာမ,မခံနိုင်လို့ ၂၀၀၉ ခုနှစ်မှာ ဂန့်သွားခဲ့တယ်။ ဗိုလ်ချုပ်ထိန်မောင်ကို ဆွဲထုတ်နိုင်ခဲ့တယ်ဆိုပေမဲ့ တပ်မဟာတခုလုံးပါမလာဘဲ ရုံးအဖွဲ့တခုဘဲ 'လက်နက်နဲ့ငြိမ်းချမ်း ရေး' လဲတာဖြစ်ခဲ့တယ်။ အဲဒီရုံးအဖွဲ့လေးကတောင် နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းရေးကိုလက်မခံလို့ ပွဲပျက်ခဲ့ရတယ်။ အဆိုးဆုံးကတော့ စစ်အစိုးရနဲ့ ၁၅ နှစ်ကြာအပစ်ရပ် ပူးပေါင်းခဲ့တဲ့ DKBA ဟောင်းထဲမှာ BGF လက်မခံတဲ့ DKBA သစ်အင်အားစုတွေ ပေါ်လာပြီး ၂၀၁၀ ရွေးကောက်ပွဲလုပ်တဲ့နေ့မှာဘဲ သေနတ်ပြန်ပေါက်တာ ဖြစ်တယ်။ BGF ကိစ္စတွေက သူ စရဖကထွက်ပြီးမှ ဖြစ်တာလို့တော့ ဆင်ခြေပေးလို့ရတယ်။

    တဖက်မှာလဲ ကျော်ဆွေ စရဖချုပ်ဖြစ်ချိန် လေးနှစ်ကာလမှာ ထောက်လှမ်းရေးပိုင်းဆိုင်ရာ ထူးထူးခြားခြားအောင်မြင်မှု မကြားခဲ့ဖူးဘူး။ ဒါတင်မက ဒီနှစ်ထဲမှာဘဲ ကော့သောင်းအနောက်တောင်ဘက် ပင်လယ်ပြင်မှာ မူးယစ်ဆေး ဒေါ်လာ သန်း ၃၀ ဖိုးတင်ထားတဲ့ စက်လှေတစင်း ရေတပ်ကဖမ်းမိရာကနေ နိုင်ငံတကာအထိ ဟိုးလေးတကျော်ဖြစ်သွားလို့ အတည်ပြုဆဲသတင်းအရ ကမ်းရိုးတန်းတိုင်း (ကရခ) နဲ့ အရှေ့တောင်တိုင်း (ရတခ) နယ်မြေက စရဖအရာရှိတွေ၊ တခြားအရာရှိတွေနဲ့ ကရင်ပြည်နယ် BGF နယ်ခြားစောင့်တပ်အရာရှိတွေ တသီကြီးဖမ်းလိုက်ရတဲ့အမှု ပေါ်လာတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ပြဿနာဖြစ်တုံးကလဲ ကိုယ့်တပ်စခန်းပေါ် ဘင်္ဂလားဒေ့ရှ်လက်နက်ကြီး တည့်တည့်ကျခဲ့ပေမဲ့ ဘကုန်းစခန်းတွေကိုတော့ ကိုယ့်လက်နက်ကြီး တည့်တည့်မပစ်နိုင်လောက်အောင် ထောက်လှမ်းမှုညံ့ဖျင်းခဲ့တာလဲ ရှိခဲ့တယ်။

    အခုတပ်တွင်းအပြောင်းအလဲမှာ တပ်သမိုင်းမှာမရှိဖူးတဲ့ အပြောင်းအလဲတခုကိုလဲ လုပ်လိုက်သေးတယ်။ အဲ့ဒါကတော့ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီးခင်ဇော်ဦးကို ကစထ ၄ မှူးအဖြစ် တပ်ပြန်ပို့လိုက်တာဖြစ်တယ်။ အခုလို မင်းအောင်လှိုင်က ခင်ဇော်ဦးကိုရာထူးချ ကစထကိုင်ခိုင်းတာဟာ ခင်ဇော်ဦး ဥက္ကဌလုပ်ခဲ့တဲ့ ဦးပိုင်ကိစ္စအရှုပ်အရှင်းကြောင့် ဖြစ်ဖို့များပြီး နောက်အကြောင်းတခုကတော့ အရင်တုံးက ကရခတိုင်းမှူး လုပ်ခဲ့ဖူးတဲ့ ခင်ဇော်ဦးကို မူးယစ်ဆေး ဒေါ်လာသန်း ၃၀ လမ်းကြောင်းပေါ်တဲ့ ကရခ နဲ့ ရတခ တိုင်းတွေကို ဆေးကြောသုတ်သင်ခိုင်းဖို့လဲ ဖြစ်နိုင်တယ်။

    စစ်ရေးချုပ်ဆိုတာ ၈၈ မတိုင်ခင်ကဆို တပ်ချုပ်၊ ဒုချုပ်၊ ရေးချုပ်၊ ထောက်ချုပ် ဆိုပြီး တပ်တွင်းတန်းစီဇယားမှာ နံပတ် ၃ အဆင့်လောက်ရှိတဲ့ ရာထူးဖြစ်တယ်။ အရင်တုံးက ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ ရခဲ့ဖူးတဲ့ ရာထူးဖြစ်တယ်။ ဒါပေမဲ့ အခုခေတ်မှာ အရင်လိုမဟုတ်တော့ဘဲ တန်းစီဇယားမှာ ရေးချုပ်၊ ထောက်ချုပ်တွေကို နောက် ပို့လိုက်တာလဲ ဖြစ်နိုင်တယ်။

    နောက်ထပ်အရေးကြီးတဲ့ ပြောင်းရွှေ့မှုကတော့ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်ကို ရန်ကုန်တိုင်းမှူးခန့် တာ ဖြစ်တယ်။ ထွန်းထွန်းနောင်ဟာ သမတ (ဗိုလ်ချုပ်ကြီးဟောင်း)သိန်းစိန်က ကချင်ပြည်နယ်မှာ စစ်ဆင်တိုက်ခိုက် မှုများရပ်စဲဖို့ အမိန့်ထုတ်တယ်ဆိုတာကို နားမထောင်ဘဲ အောက်ခြေမှာ KIA ကို တိုက်ပွဲတွေဖော်ပြီး မိုက်ကန်းခဲ့သူ ဖြစ်တယ်။ ၈၈ တပ်မမှူးဘဝတုံးက အထိနာခဲ့လို့ ရှုံးမဲမဲပြီး မပခတိုင်းမှူးဖြစ်ချိန်မှာ တပ်အင်အားများများသုံးပြီး ရမ်းခဲ့သူ ဖြစ်တယ်။ ဒီလိုလူမျိုးကို ရန်ကုန်တိုင်းကိုင်ခိုင်းတာဟာ ၂၀၁၅ မှာ ကြမ်းဖို့ ပြင်ဆင်တာ ဖြစ်နိုင်တယ်။

    အခု မပခတိုင်းမှူးနေရာ ရောက်လာတဲ့ ဗိုလ်မှူးချုပ်ဝင်းဘိုရှိန်ကတော့ ဖားကန့်မှာမွှေနေတဲ့ တပ်မ ၆၆ က ပြောင်းလာ တာဖြစ်ပြီး အပျော့ဆွဲနဲ့ ဖြိုခွဲတတ်သူလို့ နာမယ်ထွက်တယ်။ ဒါကြောင့် မြစ်ကြီးနားမှာ KIA အုတ်မြစ်ကို အနုနည်းနဲ့ ဖြိုဖို့ တိုင်းမှူးခန့်တာ ဖြစ်နိုင်တယ်။
အခုလို မျက်နှာလွှဲထားနိုင်စရာအရည်အချင်း ချို့တဲ့နေတဲ့ဗိုလ်ချုပ်တွေကြား ခွက်စောင်းခုတ်နေချိန်မှာ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေကလဲ ဖက်ဒရယ်စနစ်ကို ခေါင်းမာမာနဲ့ဆုပ်ကိုင်နေ၊ နိုင်ငံရေးလောကမှာလဲ ဒေါ်စုကိုထောက် ခံမှုက ဘယ်လိုမှကျ,မသွားလို့ အမျိုးဘာသာနဲ့လှည့်၊ PR စနစ်နဲ့ထိန်းဖို့ ကြိုးစားနေရပေမဲ့ စိတ်မချရတာကို တွက်မိထားတော့ ၂၀၁၆ ခုမှာ ပင်စင်သက်ပြည့်မယ့် ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာ ၂၀၁၅ မှာ သမတဝင်အရွေးခံဖို့ စိတ်ကူးကို ဘေးချိတ်ထားရပြီး အနည်းဆုံး ၂၀၁၈ အထိ ကာချုပ်ဆက်လုပ်ဖို့ စီစဉ်နေရတယ်။ ၂၀၁၅ မှာဖြစ်လာနိုင် တဲ့ လူထုလှုပ်ရှားမှုကို ချေမှုန်းဖို့ ခြေလှမ်းတွေ ပြင်နေပုံရတယ်။

    ဒါကြောင့် အစိုးရဝန်ထမ်းတွေရဲ့ အငြိမ်းစားယူနှစ်ကို ၆၃ နှစ်ထိတိုးဖို့ ကာလုံမှာ အဆိုတင်ခဲ့တယ်၊ ဒါကို တိုင်းပြည် ဘဏ္ဍာရေးအခြေအနေအရ မဖြစ်နိုင်ဘူးဆိုပြီး ဗိုလ်ချုပ်သိန်းစိန်၊ ဗိုလ်ချုပ်ရွှေမန်းတို့က အကြောင်းပြချက်ကောင်း ကောင်းနဲ့ ပယ်ချခဲ့တော့ မင်းအောင်လှိုင်ဟာ သူပိုင်တဲ့ ကကနကောင်စီမှာဘဲ ကာချုပ်ရဲ့ ပင်စင်နှစ်ကို နောက်ထပ် ၃ နှစ်ကနေ ၅ နှစ်အထိတိုးနိုင်တဲ့ဆုံးဖြတ်ချက် ကျအောင်လုပ်ခဲ့တယ်လို့ ကြားရတယ်။ ၂၀၂၁ ခုမှာ ပင်စင်သက်ပြည့်မယ့် မြထွန်းဦးကို အပေါ်ဆွဲတင်ဖို့အစီအစဉ်ကိုလဲ ခေါက်ထားလိုက်ရပြီဖြစ်တယ်။

    ဒီတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာနီတည်ဆောက်ရေးလမ်းကြောင်းဟာ မျှော်မှန်းသလို ဖြောင့်ဖြူးနိုင် ပါ့မလား၊ ယာယီထိန်းညှိမှုတွေကနေ ပလဲထွက်လာမလား၊ ၂၀၁၅ လူထုသဘောထားကို ကျော်လွှားနိုင်ပါ့မလား။ ရာသီဥတုကတော့ စစ်ဝါဒီတွေဘက်မှာ မရှိပါ။

Photo - လာအိုချစ်ကြည်ရေးခရီး ဆွေးနွေးပွဲ၊ မြ၀တီ၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄ -  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ဗိုလ်ချုပ် မြထွန်းဦး၊ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ် တင်အောင်စန်း၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်ချုပ်လွင်ဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး၊ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ စစ်သံမှူး ဗိုလ်မှူးကြီး တင်ထွန်းအောင်နှင့် တပ်မတော် အရာရှိကြီးများ။ လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးချုပ် Major General Suvone Leoungbounmy နှင့် အတူ  ကာကွယ်ရေး ဝန်ကြီးဌာန ရုံးအဖွဲ့ အကြီးအကဲ Brigadier General Onsy Senesouk၊ ဗဟိုအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးရုံး ရုံးအဖွဲ့ အကြီးအကဲ Brigadier General Khamkeo Sanbounkhoun နှင့် နိုင်ငံခြား ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် Colonel Kenchan Nanthalangsy တို့ တက်ရောက်ကြသည်