ရန်နောင် (ဗိုလ်တထောင်) - ကွမ်းလုံ (၄၀) သည် ၀ါဒဖြန့်စစ်ကားမဟုတ်ဟု ဒါရိုက်တာစိုးမိုးပြော


ရန်နောင် (ဗိုလ်တထောင်) - ကွမ်းလုံ ရက် (၄၀) သည် ၀ါဒဖြန့်စစ်ကားမဟုတ်ဟု ဒါရိုက်တာစိုးမိုးပြော
စက်တင်ဘာ ၁၂၊ ၂၀၁၄
 
 
စာရေးဆရာ တင်အောင်စိုး (ပန်းမြို့တော်) ၏ဝတ္တုကို ထပ်ဆင့်အကယ်ဒမီငြိမ်းမင်းက ဇာတ်ညွှန်းခွဲရေးသားပြီး ဒါရိုက်တာ ပန်းချီစိုးမိုး ရိုက်ကူးမည့် ကွမ်းလုံ ရက် ၄၀ ဇာတ်ကား ကန်တော့ပွဲပေးအခမ်းအနားနှင့် ပါဝင်သောသရုပ်ဆောင်များနှင့် မိတ်ဆက်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့ပါတယ်။  
 
ဒါရိုက်တာ စိုးမိုး (ဓာတ်ပုံ - ရန်နောင် (ဗိုလ်တထောင်)

ဒါရိုက်တာ ပန်းချီစိုးမိုးက ... ဒီကွမ်းလုံ ရက် ၄၀ တိုက်ပွဲကြီးက  တပ်မတော်သားတွေချည်းပဲမဟုတ်ဘူး။ အခြားလေတပ်ကလည်း ပါတယ်။ နောက်ကာကွယ်ရေးတပ်တွေလည်း ပါတယ်။ ပြည်သူလည်း ပါတယ်။ အားလုံးပူးပေါင်း စစ်ဆင်ခဲ့တဲ့အတွက် ဒီတိုက်ပွဲကြီးအောင်မြင်ခဲ့တာဖြစ်ပါတယ်။ ကျနော် စစ်ကားရိုက်တာပါ။ ပေါ်လစီကားရိုက်တာ မဟုတ်ပါဘူး။ ပေါ်လစီဆိုတာ မဟုတ်တာလုပ်ကြံပြီးရိုက်ကာ ဝါဒဖြန့်တဲ့ အခါသုံးတာပါ။ ကျနော်စစ်ကားတွေ အများကြီးရိုက်ခဲ့ပါတယ်။ ဒီစစ်ကားကိုလည်း ကျနော့်မှာရှိတဲ့ ကာယစွမ်းအား၊ ဥာဏစွမ်းအားတွေနဲ့ အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ... ဟု ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ (၁၅) ရက်နေ့မှာ စတင်ရိုက်ကူးမည့် အဆိုပါဇာတ်ကားမှာ ဝါရင့် သဘာရင့် သရုပ်ဆောင်များဖြစ်သည့် ဇင်ဝိုင်း၊ ရဲအောင်၊ ဝေဠုကျော်၊ မင်းမော်ကွန်း၊ သူထူးစံ၊ နိုင်နိုင်း၊ မိုးယံဇွန်၊ မေသဉ္ဇာဦး၊ ခင်ဇာခြည်ကျော်၊ ခိုင်သင်းကြည်၊ မိုးယုစံနှင့် အနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ 


ဗိုလ်ချုပ် ထွန်းထွန်းနောင် (ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး) - ဓာတ်ပုံ - ရန်နောင် (ဗိုလ်တထောင်)

ကွမ်းလုံ ရက် ၄၀ ဇာတ်ကားကန်တော့ပွဲပေးပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် ရိုက်ကူးရေး တာဝန်ယူကြမည့် တပ်မတော်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ ကွမ်းလုံ ရက် (၄၀) ဇာတ်ကားသည် ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့မှ ဒီဇင်ဘာ ၂၈ ရက်နေ့ထိ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မြန်မာ တပ်မတော်တို့ကြားဖြစ်ပွားခဲ့သည့် ရက်ပေါင်းလေးဆယ်ကြာတိုက်ပွဲအပေါ် အခြေခံထားသည့်ဝတ္ထုအား နှစ် (၇၀) ပြည့် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းအဖြစ် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ စီစဉ်ရိုက်ကူးခြင်းဖြစ်ကြောင်းလည်း သိရပါ တယ်။


မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ဂီတအစည်းအရုံးဥက္ကဌ သရုပ်ဆောင် အကယ်ဒမီ လူမင်း

သရုပ်ဆောင် အကယ်ဒမီ မေသဉ္စာဦး


သရုပ်ဆာင် မိုးယုစံ၊ မိုးယံဇွန်၊ ခိုင်သင်းကြည်