အောင်ဒင် - သိုင်းလောက


အောင်ဒင် - သိုင်းလောက
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၄


(၁)
တရုတ်သိုင်းဝတ္ထုထဲမှာ
သိုင်းသမားတွေဟာ
အပြန်အလှန် သတ်ဖြတ်နေကြတယ်...။

သိုင်းလောကရဲ့ ဘုရင်ဖြစ်ဖို့
အနှစ်နှစ်ဆယ်ပျောက်ဆုံးနေတဲ့ သိုင်းကျမ်းကိုရဖို့
အားလုံးကိုအနိုင်ယူနိုင်တဲ့ လက်နက်ဆန်းကိုပိုင်ဆိုင်ဖို့
အာဏာပေးအမိန့်ရွှေတံဆိပ်ကို ကာကွယ်ဖို့
အသတ်ခံရတဲ့ ဆရာသခင်အတွက် ကလဲ့စားချေဖို့
အကြောင်းပြချက်မျိုးစုံနဲ့
အဖြူရောင်သိုင်းသမားတွေ
အနက်ရောင်သိုင်းသမားတွေ
အဖြူ၊ အမဲ မသဲကွဲတဲ့ သိုင်းသမားတွေ
ရက်ရက်စက်စက် တိုက်ခိုက်နေကြ…။

ဓားနဲ့ခုတ်၊ တုတ်နဲ့ရိုက်
လက်နက်ပုန်းနဲ့ပစ်၊ အဆိပ်ပန်းပွင့်တွေ ဖြန်း
လမ်းဘေးက သူတောင်းစားလည်း ပါတယ်၊
ဝါးရွက်စိမ်းအရက်လည်း ပါတယ်၊
ဟူတန်းတောင်ကြီးလည်း ပါတယ်၊
ရှောင်လင်ကျောင်းတော်လည်း ပါတယ်၊
တည်းခိုခန်းလည်း ပါတယ်၊
မိန်းမလှလေးတွေလည်း ပါတယ်
အရူးပါးလည်း ပါတယ်၊ အမူးသမားလည်း ပါတယ်
နောက်ဆုံး၊ အားလုံးနီးပါး သေဆုံးပြီးမှပဲ
မကောင်းဆိုးဝါးကြီးကျဆုံးလို့ ငြိမ်းချမ်းရေးရ…။

(၂)

မြန်မာပြည်ရဲ့ သိုင်းလောကမှာ
ထိပ်သီး လေးပါးရှိတယ်…။

အနှစ်နှစ်ဆယ်ကျော်
ဂူအောင်းလေ့ကျင့်ပြီးပြန်ထွက်လာတဲ့ သိုင်းထိပ်သီးက
ကျန်တဲ့ သုံးယောက်ကို
လေးပွင့်ဆိုင်တိုက်ဖို့ စိန်ခေါ်တော့
အနှစ်နှစ်ဆယ်ကျော် ဇိမ်ယစ်အပျင်းကြီးခဲ့တဲ့
ထိပ်သီး သုံးယောက်က ငြင်းဆန်တယ်
အချိန်မတန်သေးဘူးကွယ်…တဲ့
သူတို့မှာ အတွင်းအားမပြည့်ဝပဲကိုး…။

သိုင်းထိပ်သီးတွေ ထိပ်တိုက်မတွေ့ကြတော့
နောက်လိုက်ငယ်သားတွေနဲ့
ရင်သပ်ရှုမောသိုင်းကွက်တွေကို သုံးပြီး
အဝေးကနေ ပညာပြိုင်ကြတယ်…။

တစ်ယောက်က "၄၃၆" သိုင်းကွက်ကိုသုံးတော့
တစ်ယောက်က "ပီအာ"သိုင်းကွက်နဲ့ခုခံတယ်
တစ်ယောက်က " ပြည်သူ့အင်အား" လက်မှတ်တွေနဲ့ပစ်တော့
တစ်ယောက်က "ဘာသာရေးပဋိပက္ခ" လက်နက်နဲ့တုန့်ပြန်တယ်
တစ်ယောက်က "နိုင်ငံခြားမိတ်ဆွေတွေ" ကို အကူအညီတောင်းတော့
တစ်ယောက်က အဆင့်မြင့်ကိုယ်ဖော့ပညာနဲ့
"နိုင်ငံခြားခရီးထွက်ပြီး” ရှောင်တိမ်းတယ်
တိုက်ပွဲအရှိန်အဟုန်ကမြင့်မား
ကြွေးကြော်သံတွေကလည်း မရပ်မနား
နောက်လိုက်ငယ်သားတွေလည်း ပန်းဖျား…ဖျား…။

ခရိုနီသိုင်းသမားတွေကတော့
နှစ်ဖက်စလုံးကို ရေတိုက်၊ မုန့်ကြွေး
ကောလာဟလတွေနဲ့ အပေးအယူလုပ်
အားပေးစကားပြောလိုက်
ထောက်ခံသူယောင်ဆောင်ပြီး ချောက်တွန်းလိုက်
မြေကွက်တွေသိမ်းလိုက်
စီမံကိန်းကြီးတွေ ရလိုက်
အမြတ်ထွက်နိုင်တာမှန်သမျှ သူတို့အိပ်ထဲကောက်ထည့်လိုက်…နဲ့
ပြုပြင်ပြောင်းလဲရေးလှိုင်းဆိုတာ
စီးလို့အလွန်ကောင်းတယ်…ဆိုပဲ…။

ဒီကြားထဲ
ရွှေလီဂိုဏ်း သိုင်းသမားတွေက
အပစ်အခတ်ရပ်စဲရေးဆိုပြီး
"ကားပါမစ်" လက်နက်နဲ့ ပစ်တော့
လူမျိုးစုသိုင်းသမားတွေ
အတုံးအရုံးပြိုလဲပေါ့…။

ထိပ်သီးတစ်ယောက်ကတော့
သူ့လက်ထဲက "ဖွဲ့စည်းပုံသိုင်းကျမ်း" ကို
ဘယ်သူ့လက်ထဲမှ မရောက်စေရဘူး…တဲ့
အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်မယ်…တဲ့
"နှစ်ဆယ့်ငါး ရာခိုင်နှုန်း" တိုက်ကွက်အပြင်
"စစ်အုပ်ချုပ်ရေး"၊ "ပုဒ်မ ၁၄၄" နဲ့
"ည..မထွက်ရ" သိုင်းကွက်တွေကို ပြင်ဆင်ခင်းကျင်းပြီး
ရဲရဲတောက်၊ ထပ်ခါထပ်ခါ
မိန့်ခွန်းပြောခွင့်ရတိုင်း ထုတ်ပြန်ကြေညာ…။

အဲဒီအချိန်မှာ
ရန်ကုန်မြို့စွန်က ...
ပြုပြင်ထိန်းသိမ်းမှုကင်းမဲ့တာ ကြာပြီဖြစ်တဲ့
မြက်ခင်းအဟောင်းကြီးတစ်ခုအပေါ်မှာ
သက်ကြီးရွယ်အို သိုင်းသမားကြီးတစ်စုဟာ
ငြိမ်းချမ်းရေးအတွက်ဆိုပြီး
ဘောလုံးလေးတစ်လုံးတည်းကို
အလုအယက် ဝိုင်းဝန်းတိုက်ခိုက်နေကြလေရဲ့… ။ ။ ။

(ချစ်သူငယ်ချင်းများကို နောက်ပြောင်ကျီစယ်ခြင်း။ စက်တင်ဘာ ၁၉၊ ၂၀၁၄)