ရန်နောင် (ဗိုလ်တထောင်) - နိုဗယ်- မြန်မာစာပေပွဲတော်၂၀၁၅ နှစ်ဆန်းပိုင်းတွင် ကျင်းပမည်


ရန်နောင် (ဗိုလ်တထောင်) - နိုဗယ်- မြန်မာစာပေပွဲတော်၂၀၁၅  နှစ်ဆန်းပိုင်းတွင် ကျင်းပမည်
စက်တင်ဘာ ၂၊ ၂၀၁၄
 
 
 
ရန်ကုန်မြို့ တွင် ၂၀၁၅ နှစ်ဆန်းပိုင်း၌ ကျင်းပပြုလုပ်မည့် နိုဗယ်-မြန်မာစာပေပွဲတော်နှင့်ပတ်သက်၍ ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း (အောက်လမ်းရှိ) HOME မီဒီယာခန်းမတွင် ၂၀၁၄ ခုနှစ် သြဂုတ်လ ၃၀ ရက် နေ့လည် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တတ်ရောက်လာသော စာရေးဆရာများ၊ ပန်းချီဆရာများ၊ ကာတွန်းဆရာများ၊ စာနယ်ဇင်းသမားများ၊ စာကြည့်တိုက်ပညာရှင်များ၊ ထုတ်ဝေဖြန့်ချိသူများက မိမိတို့ကိုယ်မိမိ တစ်ဦးချင်းစီမိတ်ဆက်ကြသည်။ ထို့နောက် စာရေးဆရာဖေမြင့်က နိုဘယ် - မြန်မာစာပေပွဲတော် ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ပဏာမမိတ်ဆက်ရှင်းလင်းပြီးနောက် တတ်ရောက်လာကြသူများက အဆိုတင်သွင်းခြင်းနှင့် ထောက်ခံ ဆွေးနွေးခြင်းတို့ကို အသီးသီးဆွေးနွေးခဲ့ကြသည်။ 


ထို့နောက် နိုဘယ်- -မြန်မာစာပေပွဲတော် ကျင်းပရေး ဗဟိုကော်မတီကို အစည်းအဝေးဆုံးဖြတ်ချက်အရ ဖွဲ့စည်းကြရာ နာယကများအဖြစ် စာရေးဆရာ မောင်မိုးသူ (ဘကြီးမိုး)၊ ဆရာလယ်တွင်းသားစောချစ်နှင့် ဒေါက်တာခင်မောင်ညိုတို့ကိုလည်းကောင်း၊ ဥက္ကဋ္ဌအဖြစ် ဆရာ ဖေမြင့် ကို လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမျိုးညွှန့်(စာပေလောက) ကိုလည်းကောင်း၊ အတွင်းရေးမှူးနှင့် ညှိနှိုင်းရေးမှူးအဖြစ် ဆရာဦးခင်မောင်ဝင်း (DVB) ကိုလည်းကောင်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဆရာအာသာကိုလည်းကောင်း၊ စာရင်းစစ်အဖြစ် ဆရာလင်းသစ်နှင့် ဆရာဥာဏ်အောင်တို့ကိုလည်းကောင်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များအဖြစ် ဆရာဦးစိန်မျိုးမြင့် (ဓါတ်ပုံ)၊ ဆရာကိုတာ၊ ဆရာကောင်းသန့်၊ ဆရာဦးမြင့်ထွန်း၊ ဆရာဦးသိန်းစိုး၊ ဆရာဆန်းဆွေ၊ ဆရာမဒေါ်ဝိုင်း(ကံ့ကော်ဝတ်ရည်)၊ ဆရာလင်းဝဏ္ဏ၊ ဆရာမဒေါ်နန်းအိအိဇာ၊ ဆရာ ငွေကြည်၊ ဆရာမမြနှောင်းညို၊ ဆရာမရွှေကူမေနှင်း၊ ဆရာဦးကြည်နိုင်၊ ဆရာထက်မြက်၊ ဆရာမောင်သာချို၊ ဆရာအရိုး၊ ဆရာပန်းချီမျိုးမြင့်၊ ဆရာဦးမော်လင်း၊ ဆရာချစ်ဦးညို၊ ဆရာအော်ပီကျယ်၊ ဆရာမောင်လွင်မွန်(ကသာ)၊ ဆရာငြိမ်းမင်း၊ ဆရာထွန်းဝင်းငြိမ်း၊ ဆရာမြင့်မောင် ကျော်၊ လွတ်လပ်စိုး၊ ဆရာသန်းစိုးခိုင်၊ ဆရာရဲမြင့်၊ ဆရာနိုင်သစ်နီတို့ကို အသီးသီးတာဝန်ခွဲဝေပေးအပ်ပြီး ကော်မတီဖွဲ့ခဲ့ပါသည်။


“မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေသုံးသပ်ချက်တစ်ခုပေါ့။ နိုင်ငံတကာရဲ့ စာပေအရေးသားတွေးခေါ်မှုတွေ၊ အားဖြည့် တီ ထွင်ကြံဆမှုတွေ ပါပါမယ်။ အတတ်နိုင်ဆုံး စာပေနိုဘယ်လ်ဆုရှင်များကိုလည်း ဖိတ်ကြားနိုင်အောင် ကြိုးစားသွားပါမယ်။ ကျနော်တို့ နိုင်ငံက ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ကြားသွားပါမယ်” ဟု ဆရာဦးဖေမြင့်ကပြောကြားခဲ့သည်။

အဆိုပါ နိုဘယ်လ်မြန်မာစာပေပွဲတော်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ အမျိုးသားဇာတ်ရုံကြီးတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ဟောပြောပွဲနှင့် ဆွေးနွေးပွဲများ ပါဝင်မည်ဖြစ်ပြီး ပြည်တွင်းရှိ မြန်မာစာပေဘက်မှ စာရေး ဆရာများကလည်း ကိုယ်ပိုင်ခေါင်းစဉ်ဖြင့် ဟောပြောကြမည်ဖြစ်ကြောင်း သိရှိရသည်။ 
 





ဓာတ်ပုံများ (ရန်နောင် - ဗိုလ်တထောင်)