မောင်အောင်ထက် - အချိန်နှင့် ချိန်စက်၍ ရသည့်မေတ္တာ (သို့မဟုတ်) သားပြန်လာရင် ပေးလိုက်ပါ

  မောင်အောင်ထက် - အချိန်နှင့် ချိန်စက်၍ ရသည့်မေတ္တာ (သို့မဟုတ်) သားပြန်လာရင် ပေးလိုက်ပါ
စက်တင်ဘာ ၂၊ ၂၀၁၄

 
စာအုပ်အမည် • သားပြန်လာရင် ပေးလိုက်ပါနှင့် မဂ္ဂဇင်းဝတ္တုတိုများ
စာရေးသူ • မောင်ကိုယု
စာမူခွင့်ပြုချက်အမှတ် • ၅ဝဝ ဝ၃၄ ဝ၆ ဝ၁
ပုံနှိပ်ခြင်း • ဖေဖော်ဝါရီ ၂ဝဝ၆ (ပထမအကြိမ်)
ထုတ်ဝေဖြန့်ချိ •  ရာပြည့်စာအုပ်တိုက်
ထုတ်ဝေသူ • ဒေါ်ခင်အေးမြင့်
တန်ဖိုး • ၉ဝဝ ကျပ်

(က)
“မင်း .. ဘာတက်မယ် စိတ်ကူးသလဲ”
“ကျနော် အမှတ်မီရင် ဘီအီးဒီ တက်ချင်တယ်။ မမီရင် မြန်မာစာ ယူချင်တယ်”

“ဘာကွ”

“ဘီအီးဒီ ဟုတ်လား။ ကျောင်းဆရာဆိုတာ ပညာတတ်ထဲတော့ အဆင်းရဲဆုံး အလုပ်ပဲကွ။ မင်းမို့လို့ စိတ်ကူးယဉ်တတ်ပလေ။ ပြီးတော့လည်း မြန်မာစာ ယူမလို့တဲ့၊ ကောင်းကွာ။ ရည်မှန်းချက်ကတော့ လမ်းဘေးရောက်မယ့် ကိန်းချည်းပဲ။ ဘာလဲ .. မင်းက သမဝါယမ စာရေး လုပ်မလို့လား”

“မဟုတ်ပါဘူး၊ သား မြန်မာစာ ဝါသနာပါလို့ပါ”

“ထမင်းငတ်နေတဲ့ စာရေးဆရာတွေ အများကြီးကွ၊ ကြားလား”

“ဒီမှာ ငါပြောမယ် မောင်မောင်၊ ပထမဦးစားပေးကတော့ ဆေးပဲ။ ဒုတိယဦးစားပေးကတော့ သွားပဲ။ တတိယဦးစားပေးကတော့ စက်မှုတက္က သိုလ်ပဲ။ မီရင် မီသလိုပဲ။ မင်းဘာမှ စဉ်းစား မနေနဲ့။ တခြား ထွေရာလေးပါး စဉ်းစားမနေနဲ့။ မလိုချင်ဘူး။ ဝါသနာဆိုတာ လုပ်ယူရင် ရတယ်ကွ။ ကြားလား”

(ခ)
မည်သို့သော အရာများသည် မိမိဘဝနှင့် ထပ်တူကျနေပါသလဲဆိုတာ မိမိကိုယ်တိုင်က သိမြင်တတ်ဖို့ လိုသည်ဟု ထင်သည်။ သူတဦး တယောက်၏ ရင်ထဲကိစ္စကို ဓားမိုးပြီး ခိုင်းချင်တိုင်းခိုင်းဖို့ရန် ဆိုသည်မှာကား အမှန်တကယ်တော့ မလွယ်ပါ။ ထိုကိစ္စကို စာရေးဆရာက ရိုရိုးရှင်းရှင်းလေးနှင့် ရေးဖွဲ့ထားသည်မှာပင် ဖတ်မိသူစိတ်ကို တခါတည်း ဆွဲဆောင်သိမ်းသွင်းနိုင်သည်ဟုပင် ဆိုရမည်။


ဟိုးယခင်မှစ၍ ယနေ့ခေတ် ယနေ့တိုင်အောင်ပင် မိဘနှင့်သားသမီးကြားတွင် ရှိနေတတ်သည့် ပဋိပက္ခတိုင်းသည် အမြင်မတူညီကြရာမှ၊ သဘောထားကွဲလွဲမှုအပိုင်း အစကလေးများမှ စတင်မြစ်ဖျားခံခဲ့ခြင်း ဖြစ်ပုံရသည်။ ထိုသဘော ထိုသဘာဝတို့မည်သည် မိဘနှင့်သားသမီးတို့ အကြားတွင်ပင်မဟုတ် လူသားများတဦးနှင့် တဦးအကြား ရှိတတ်သည့် သဘာဝပင်ဖြစ်သည်။ ခေတ်၏ ရေစီးသည်လည်း တသွင်သွင် စီးဆင်းနေသည်။ ထိုရေစီးကြောင်းတလျှောက် ပါဝင်ကူးခတ်နေသူတိုင်း ထပ်တူထပ်မျှ ကျချင်မှကျမည်ဖြစ်သည်။ ထိုရေစီးထဲတွင်ပင် စုန်ချင်သူများရှိသလို၊ ဆန်ချင်သူများလည်း ရှိနိုင်သည်။

ကိုကိုမောင်နှင့် ဖခင်ဖြစ်သူတို့၏ လူနေမှုစရိုက်နှင့် သဘောသဘာဝတို့သည် မိုးနဲ့မြေပမာ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ ဖခင်ဖြစ်သူက အင်္ဂလိပ် စာအုပ်တွေ ဖတ်ဖို့နှင့် ယနေ့ ကမ္ဘာတလွှား အင်္ဂလိပ်စာ၏ အရေးပါပုံ၊ အင်္ဂလိပ်စာတတ်မှ လူရာဝင်ပုံတို့ကို တတွတ်တွတ် ပြောဆိုနေသော်ငြားလည်း မောင်မောင်က ကဗျာသရုပ်ဖော်ပုံများကို နှစ်နှစ်ခြိုက်ခြိုက် ရေးဆွဲရင်း၊ မြန်မာဝတ္တုများကို ခုံခုံမင်မင်မြတ်နိုးရင်း၊ ဂီတသံ ငြိမ့်ငြိမ့်ညောင်းညောင်း အောက်မှာ နစ်မျောရင်း ပျော်ဝင်ရင်းနှင့်ပင်။ ထိုကိစ္စများသည်ပင် ကိုကိုမောင်နှင့် ဖခင်ဖြစ်သူတို့ကြားက အသေးစားလူတန်းစား ပြဿနာကလေး တရပ်အသွင် ပေါ်လွင်အောင် ရေးဖွဲ့ထားမှု စာဖတ်သူရင်ထဲတွင် တလှပ်လှပ်ဖြစ် ကျန်ရစ်စေသည်။

(ဂ)
တက္ကသိုလ်ပတ်ဝန်းကျင်သည် လွတ်လပ်သည်။ ထိုလွတ်လပ်မှုတို့နှင့်အတူ မိမိဝါသနာ ပါရာဘက်ဆီသို့ တဖြည်းဖြည်း ခုန်ကူးနိုင်သည့် နေရာဒေသတခုအသွင်ဖြစ်အောင် စာရေးဆရာသည် စွမ်းဆောင်ထားသည်။ စိတ်ထဲတွင်မပါလှသော်လည်း ဖခင်ဖြစ်သူကို ရွံကြောက်ဖြစ် နေရသည့် မောင်မောင်တယောက် ဆေးတက္ကသိုလ်ဝန်းကျင်တွင် ကျင်လည်ရင်း ကဗျာသရုပ်ဖော်ပုံများ၊ သီချင်းရေးဖွဲ့သီကုံးရင်းဖြင့် ဖခင်ဖြစ်သူ သိရှိသွားချိန်တွင် …

“မင်းအလုပ်က ဒါလားကွ။ အရိုးခေါင်းတွေ၊ လက်ဖျံရိုးတွေနဲ့ အလုပ်ရှုပ်နေရမယ့် အချိန်မှာ ဘာမှမဟုတ်တဲ့ အရုပ်တွေ လျှောက်ရေးနေတယ်၊ ကောင်းကွာ။ ဆရာဝန်လုပ်မယ့်ကောင် ကဗျာနဲ့ ဘာဆိုင်လဲ”

ဖခင်ဖြစ်သူနှင့် မောင်မောင်တို့၏ ပဋိပက္ခကို အရှိန်မြင့်တင်ပေးလိုက်သည်။ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဟူသော စကားသည် လူ့လောကတွင် တွင်တွင်ကျယ်ကျယ် ထွန်းကားလျက်ရှိပြီး ထိုစကားအတိုင်းပင် စာအုပ်စာပေများအား အကောင်းဆုံးမိတ်ဆွေအဖြစ် သတ်မှတ်ခဲ့သည်။ ထို့သို့သတ်မှတ်သည်မှာ လူ့အသိုက်အဝန်းအတွင်းရှိ ကွက်ကွက်ကလေးသော သူမျှသာဖြစ်နိုင်သည်။ သို့သော်လည်း အများစုသည်က မောင်မောင်၏ ဖခင်ကဲ့သို့ အမြင်ရှိသူများသည် ဒုနှင့်ဒေးဖြစ်သည်။

လူ့ဘဝအတွင်း စာအုပ်စာပေတို့သည် လူတို့ ဖြတ်သန်းသွားလာနေသည့် ခရီးပေါ်တွင် အမှားအမှန်၊ အကောင်းအဆိုးတို့ကို ဝေဖန်ပိုင်းခြားနိုင်အောင်၊ တည့်မတ်မှန်ကန်အောင် လမ်းညွှန်ပေးနိုင်စွမ်း ရှိသော်လည်း ထိုထိုသော စာအုပ်များကို ဖန်တီးရေးဖွဲ့သူ စာရေးဆရာ၊ ကဗျာဆရာတို့သည် လူထူးလူဆန်း (သို့မဟုတ်) ချွတ်ခြုံကျနေသော လူသားများအဖြစ်နှင့်ပင် မြင်လျက်ရှိသည်မှာ ယနေ့တိုင်ပင် မတိမ်ကော မပျောက်ပျက်သေးသည်မှာတော့ အမှန်ပင်ဟု ဝန်ခံရမည်။ စာရေးဆရာသည် ထိုအဖြစ်အပျက်အမှန်ကို မိသားစုပဋိပက္ခလေးဟူသော အကြောင်းပြချက်အောက်တွင် ကျစ်လစ်သိပ်သည်းစွာ ရေးဖွဲ့ထားခဲ့ပုံရသည်။
 

(ဃ)
လွတ်လပ်ခြင်းကို ဘာနဲ့တိုင်းတာမလဲ။ လူသားတိုင်း လွတ်လပ်ချင်သည်။ အဖိအနှိပ် မခံလို။ အအုပ်ချုပ် မခံလို။ အင်္ဂလိပ်စာရေးဆရာကြီး ဝီလျံဟဇ်လစ်ကတော့ “လွတ်လပ်မှုကို ချစ်တတ်ခြင်းက အခြားသူကို မျှဝေချစ်တတ်ခြင်းပါပဲ” လို့ ဖွဲ့ဆိုခဲ့ဖူးသည်။

မောင်မောင်တယောက် အိမ်ဝေးသူတယောက် ဖြစ်လာသောအခါ အချိန်နှင့် ချိန်စက်၍ရသည့် မေတ္တာသည် သက်ဝင်လာသည်။ ကိုယ်ယုံကြည်ရာအတွက် လမ်းထွင် ခရီးဆက်ရင်း အောင်မြင်မှုတွေ အလိုအလျောက် မဖြစ်ထွန်းသေးသော လမ်းပေါ်တွင် လျှောက်ရင်း မောင်မောင်တယောက် ဝေးရာရောက်ရှိနေသည့်အချိန်။

ယခင် အမြင်မတူခဲ့သော်လည်း ငုတ်လျှိုးကွယ်ပျောက်နေသည့် ဖခင်တဦး၏ မေတ္တာသည် သားနှင့် ဝေးသွားသောအခါ တစစနှင့် ပြန်လည်တိုးထွက်လာသည်။

“ဒီနေ့ သားကြီးထွက်သွားတာ တနှစ်ပြည့်ပြီကွ”

“ဟိုကောင်ကြီး  အဲဒီသီချင်း တီးတတ်တယ်ကွ”

ဖခင်၏ အမှတ်တမဲ့ထွက်လာသော စကားသံများသည် အချိန်နှင့် ချိန်စက်၍ရသည့် မေတ္တာ၏ အတိမ်အနက်ကို ခန့်မှန်းမိစေနိုင်သည်။ ထိုနေရာများသည်ကား စာဖတ်သူစိတ်ထဲ တနုံ့နုံ့ဖြစ်အောင် စာရေးဆရာ၏ ကလောင်လက်သည် ထက်မြလှသည်။

သားငယ်ဖြစ်သူ ညီညီဆိုနေသည့် ရှမ်းတိုင်းရင်းသားအဆိုတော် စိုင်းထီးဆိုင်၏ ပီပြင်လှသည့် သီချင်းသံသည် နားထဲတွင် တိုးတိုလျလျနှင့် …

(နေချင်ရင် ကိုယ်အသိနဲ့နေ မနေချင်ရင်သွားပေါ့ မတားပါဘူး ....
လူဆိုတာ မာနနဲ့ပါ ..
နေရာတိုင်းတော့ အရှုံးမပေးနိုင်ဘူး)

သီချင်းသံသည်ကား တိုးတိုးလျလျနှင့် ပတ်ဝန်းကျင်အနှံ့တွင် ပြန့်လွင့်နေဆဲပါ။

“ဖေဖေ မှားတယ်လို့လည်း ဆက်ဆက်ပြောလိုက်ပါ။ ဖေဖေ သူ့ကို သိပ်ချစ်တယ်လို့လည်း ပြောလိုက်ပါ”

“ဖေဖေ မရှိရင် သူပြန်လာမှာပါ၊”

“ဖေဖေတို့ ဗီရိုထဲမှာလေ မင့်ကိုကိုဆီက ဖေဖေ သိမ်းထားတဲ့ ပစ္စည်းတွေကို ပလတ်စတစ်အိတ်နဲ့ ဖေဖေ ထုပ်ထားတယ်။ စုတ်တံတွေရော၊ ဆေးဗူးတွေရော၊ ကဗျာစာအုပ်တွေရောပေါ့ကွာ၊ အဲ့ဒါတွေနဲ့ ဂီတာတွေကို မင့်ကိုကို ပြန်လာရင် ပေးလိုက်ပါ၊ ဖေဖေက ပြန်ပေးတယ်လို့”

နောက်ဆုံးထွက်သက်နဲ့အတူ အချိန်နှင့် ချိန်စက်၍ ရသည့်မေတ္တာသည် ပိုမိုပီပြင်မှု ရှိလာခဲ့သည်။ စာဖတ်သူပရိသတ်ရင်ထဲ ကမ္ဘာလောကကြီးသည် ဟာလာဟင်းလင်း ဖြစ်သွားသကဲ့သို့ပင်။

“သားပြန်လာရင် ပေးလိုက်ပါ” ဝတ္တုတိုသည် မိသားစုအတွင်းရှိ အဖေနှင့် သားတို့၏ ပဋိပက္ခအပေါ် အခြေခံ ရေးဖွဲ့ထားသည့် မေတ္တာဖွဲ့သီ ဝတ္တုတိုအမျိုးအစား ဖြစ်သည်။ သို့သော်လည်း ထိုပဋိပက္ခလေးများ အတွင်းတွင် လူသားတို့၏ စိတ်ခံစားမှု အခြေအနေတို့နှင့်အတူ မိဘနှင့် သားသမီးကြားရှိ လွတ်လပ်မှု ရေချိန်ကို ပေါ်လွင်အောင် ရေးဖွဲ့ထားသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ထိုဝတ္တုတိုသည် ၁၉၈၆ ခုနှစ်က မြတ်လေးမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
 

(င)
စာရေးဆရာ မောင်ကိုယုအား အဖဦးအုန်းခိုင်၊ အမိဒေါ်ကြင်မေတို့မှ ၁၉၃ဝ ပြည့်နှစ် ဖေဖော်ဝါရီတွင် ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်း ဝင်္ကပါလမ်းတွင် ဖွားမြင်ခဲ့သည်။ မွေးချင်း ညီအကိုမောင်နှမ ၉ ဦး ရှိသည့်အနက် သတ္တမမြောက် ဖြစ်သည်။ အမည်ရင်းသည်လည်း မောင်ကိုယုပင် ဖြစ်သည်။

ငယ်စဉ်က ပဲခူးဟိုက်စကူးကျောင်းတွင် ပဉ္စမတန်းအထိ ပညာသင်ကြားခဲ့ပြီး ၁၉၄၅-၄၆ ရန်ကုန် ဟိုက်စကူးကျောင်းတွင် ဆဋ္ဌမတန်းမှစ၍ပညာကို စတင်သင်ကြားခဲ့ပြီး၊ တန်းမြင့်ကျောင်းထွက်နှင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ၂ ခုလုံးကို ၁၉၄၈ ခုနှစ်တွင် ပူးတွဲအောင်မြင်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ဝိဇ္ဖာဘွဲ့နှင့် ၁၉၆၄ ခုနှစ်တွင် ဥပဒေဝိဇ္ဖာဘွဲ့ကို ရရှိခဲ့သည်။

တရားရုံးချုပ်ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းခြင်း မပြုမီက အလွတ်ပညာသင် ကျောင်းများတွင် မြန်မာဘာသာပြ ဆရာအဖြစ်လည်းကောင်း၊ က/ဆ ကောလိပ်နှင့် ဗိုလ်တထောင် လုပ်သားကောလိပ်တို့တွင် မြန်မာစာ၊ သမိုင်းနည်းပြဆရာ အဖြစ်လည်းကောင်း၊ ရန်ကုန် ဝိဇ္ဖာနှင့် သိပ္ပံတက္ကသိုလ် ဥပဒေဌာနတွင် ၁၉၇ဝ ပြည့်နှစ်အထိ လက်ထောက်ကထိကအဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်။

စာရေးဆရာ မောင်ကိုယုသည် ငယ်စဉ်က ၁၅ နှစ်သားအရွယ်ကပင် ပြင်ပဆောင်းပါး ပြိုင်ပွဲတခုတွင် ပထမဆုရရှိခြင်းဖြင့် စာပေနယ်သို့ ခြေလှမ်းရန် အစပျိုးခဲ့ခြင်း ဖြစ်သည်။  ၁၉၅၁ ခုနှစ်၊ မတ်လထုတ် စာပေသစ်မဂ္ဂဇင်းတွင် ပါဝင်သော “မောင်မောင်” ဝတ္တုတိုမှ စတင်ကာ “မောင်ကိုယု” ဟူသော ကလောင်အမည်ကို စတင်သုံးစွဲခဲ့သည်။ ထို့ပြင် မြဝတီမဂ္ဂဇင်းတွင်လည်း “အု” ဟူသော ကလောင်အမည်ကိုလည်း သုံးစွဲခဲ့သည်။

ပုံနှိပ်ထုတ်ဝေပြီးသည့် ထင်ရှားသော စာအုပ်များအနေဖြင့် “ကမ္ဘာကျော် တရားခွင် လျှောက်လဲချက်များ”၊ “တရားခံဖြစ်သွားသော ရှေ့နေ”၊ “တရားခံနှင့် သူ့ချစ်သူ”၊ “တရားခံနှင့် သူ့ရှေ့နေ”၊ “တကယ့်ရှေ့နေ”၊ “တရားခံ ဘယ်သူလဲ”၊ “ဂျာမန် ဂန္တဝင်စာပေများ” (အခြားသော စာရေးဆရာများနှင့် တွဲဖက်၍)၊ ပင်ကိုရေး “ခေတ်သစ် မောင်ရင်မောင် မမယ်မနှင့် မခြားဝတ္တုတိုများ”၊ “မဂ္ဂဇင်းဝတ္တုရှည်များ ၁” တို့ ဖြစ်သည်။

၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် ဦးနှောက်အတွင်း (Mestastasis) ကင်ဆာရောဂါဖြင့် ဆရာမောင်ကိုယု ကွယ်လွန်ခဲ့သည်။
 

(စ)
“ခေတ်သစ် မောင်ရင် မောင်မမယ်မနှင့် အခြားဝတ္တုတိုများ” စာအုပ်တွင် ဆရာတိုက်စိုးနှင့် ဆရာထင်လင်းတို့က “သူ၏ ဝတ္တုများသည် နှစ်သက်ဖွယ် အရည်အသွေးများဖြင့် တောက်ပသည်။ နှစ်လိုဖွယ်ရှိသည်။ စကားပြောကောင်းသော ရှေ့နေ လျှောက်လဲချက် ပေးနေသကဲ့သို့ တရားသူကြီးရော အမှုနားထောင်သူတို့ပါ ငေး၍ နားထောင်ရသကဲ့သို့ သူ၏ ဝတ္တုများကို ဖတ်ရသူတို့သည် အခြားအာရုံများ ကို မေ့ကာ သူ့ဝတ္တုထဲတွင်သာ စိတ်ဝင်စားပြီး ဝတ္တုဆုံးသွားမှ တော်တော်ဖတ်လို့ ကောင်းပါလားဟု ချီးမွမ်းရင်း စိတ်ချမ်းသာသွားသည်” ဟုပင် ရွေးချယ်သူတို့၏ အမှာတွင် ထုတ်ဖော်ချီးကျူးထားသည်။

ရှေ့နေတို့ဟူသည် စကားပြောရာတွင် ပြေပြစ်ချိုသာသည်၊ စကားပြောကောင်းမွန်သည်ကို လူတိုင်းအသိပင် ဖြစ်သည်။ ယခုတွင်လည်း ရှေ့နေတဦးဖြစ်သည့် စာရေးဆရာမောင်ကိုယု ရေးဖွဲ့ထားသည့် ရသအသားပေး ဝတ္တုတိုများသည် သူကိုယ်တိုင် ထိုင်ပြောနေသည် သကဲ့သို့ပင် စကားပြေအရေးအဖွဲ့တွင် ပြောင်မြောက်လှသည်ဟု ဆိုချင်သည်။

ယခု “သားပြန်လာရင် ပေးလိုက်ပါနှင့် မဂ္ဂဇင်းဝတ္တုတို” များ စာအုပ်သည် တကြိမ်တခါမျှ လုံးချင်းအဖြစ် မထုတ်ဝေရသေးသည့် ဝတ္တုတို ၂ဝ အား စုစည်းထားခြင်းဖြစ်သည်။ “သား ပြန်လာရင် ပေးလိုက်ပါ” ဝတ္တုတိုတပုဒ်နှင့်ပင် စာဖတ်သူအား အရောင်အမျိုးမျိုး ပြောင်းလျက်ရှိသည့် ပြီးပြည့်စုံသော ပန်းချီကားတချပ်အား ထပ်ခါထပ်ခါ ကြည့်ချင်မိနေသည့် သဖွယ်ပင်ဖြစ်သည်ဟု ခံစားမိပါသည်။ အမှန်တကယ်ပင် ဆရာ မောင်ကိုယု၏ “သား ပြန်လာရင်ပေးလိုက်ပါနှင့် မဂ္ဂဇင်းဝတ္တုတိုများ” သည် စာဖတ်ပရိသတ်အား တခါဖတ် ကြည့်ရုံမျှဖြင့် နောက်တခါ ထပ်၍ ဖတ်ချင်စေမိအောင် စေ့ဆော်လျက်ရှိသည်။

မှတ်ချက်။ ။ ၂၀၁၀ ခုနှစ်အတွင်းက မဇ္ဈိမသို့လည်း ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။