ဆောင်းလူ - ဖျားနာနေသော ညများ


ဆောင်းလူ - ဖျားနာနေသော ညများ
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၄
ဖျားနာနေသည်မှာ ကြာပြီ ..။

တိတိကျပင်ဆိုရပါမူ ... ဖျားနာနေသောကာလသည် နှစ် ၃၀ အစွန်းထွက်တိုင် ရှိလှပြီ။ လျှောက်လျက်မိသားဖြစ်နေသည် ခရီးရှည်တလျှောက် ကျကျန်ရစ်ခဲ့နိုင်သည့် ဖျားနာခြင်းတို့သည် တသမတ်တည်းမရှိ။

အရိုးဆွေးအောင် လှနိုင်လွန်းလှသောညတွင် ခုတလော၏ ဖျားနာမှုတို့သည် ပို၍ ပို၍ သည်းလာသည်ဟု ထင်မိသည်။ မလှမ်းမကမ်း၏ ညဥ့်ပျော်တို့ဆီမှ ... ကလူ၏သို့ မြူ၏သို့နှင့် .. နီယွန်းမီးရောင် ဖျာထိုးဆင်းနေသည့် ဖလက်ဖောင်းသည် ညအား ဖျားနာချင်အောင် ဆွဲ ဆောင် လွန်းလှသည်။ ထို့အတူ ...

ဘယ်ညာတဖက်တချက် အနားပိတ် အကျဉ်းချထားသည့် လူကူးမျဉ်းကြားတို့သည် ... လူတိုင်း၏ ဒဏ်ကို ကျောကော့အောင် ခံယူရင်း .. မျက်ရည်စတို့ ဝေ့၀ဲနေလေ၏။ ညှီစို့စို့အပုပ်နံ့ကို ရင်နဲ့အုပ်မိုး ... သက်ရှိတို့လျှောက်လမ်းအတွက် ကျောခင်းနေရလေသော လမ်းတို့သည် ရော .. ။ ဒါသည်ပင်ကိုက ည၏ ဖျားနာမှု သရုပ်သကန်ပင်လော ...။

ခရက်တစ်မရှိသော ရုပ်ပုံကားချပ်တို့သည် လူးလားခေါက်တုန့် ...။ စွန့်စားမှုမရှိသော အကြောင်းအရာတို့သည် အမည်နာမတခုတပ်လိုက် သည်နှင့်ပင် အဦး အထူး အဖြစ်နှင့် ...။

ခက်ပြီ .. ကမ္ဘာကြီး ဖျားနာနေပြီ ....။
ထို့အတူ .. သက်ရှိတို့လည်း ဖျားနာလုလု အခြေအနေပင်။

ကိုးကွယ်ရာတို့သည် ခုတလော၏ နာဖျားခြင်းတို့တွင် အတိအကျမရှိ။ အစွန်းရောက်မှုတို့သည် အပြည့်။ ဦးဆောင်မှုတို့သည် ခုတလော၏ နာဖျားခြင်းတို့ကြားတွင် လိမ်လည်မှုအပြည့်။ ဟန်ဆောင်ကောင်းခြင်းတို့အပြည့်။ ရေသာခို အချောင်လိုက်မှုတို့အပြည့် ...။

ရေကြည်ရာ သက်သာခိုလိုက်ရင်း စွန့်စားမှုမရှိတော့သော ခေတ်သည် .... ဆိုရှယ်လူမှုကွန်ယက်ပေါ်တွင် အလုအယက် အကြောင်းအရာ ဖြစ်တည်ပုံကို အမဲလိုက်နေပုံကိုက တမူထူး၏။

ခရက်တစ်တို့ ပျောက်ဆုံးခါနီးလာလေသော ကာလသည် ဖရိုဖရဲဆန်လှ၏။
စွန့်စားမှုတို့ ကင်းမဲ့လေသောအကြောင်းအရာတို့သည် .. ယေဘုယျဆန်လွန်းလှ၏။
လက်ညှိုးထိုးခိုင်းစေရလွန်း၍ လွတ်လပ်ခြင်းတို့သည်ပင် အကျဉ်းကျနေသည်မှာ မဆန်း။

ခေတ်သည်ပင် ပြောင်းပြန် ...။ စာကောင်းရုံလုပ်ကြသော လောကကြီးပေါ်တွင် ဖျားနာနေသောညသည် ညဥ့်မယ်တဦးမကနှင့် ပျော်မွေ့ ကောင်း ပျော်မွေ့နေပေလိမ့်ဦးမည် ...။

တကယ်ကိုပင် ညသည် ဖျားနာနေ၏။
တကယ်ကိုပင် ညသည် နာဖျားမှုတို့ကို ဆောင်းကျဉ်းလာပြန်၏။
ထို့ထက်ပိုဆိုသည်ကား .. စိတ်တို့ နားဖျားချိန်နှင့် တိုက်ဆိုက်နေပါက .... ။

စက်တင်ဘာ ၃၀၊ ၂၀၁၄။ ၃း ၀၃ နာရီ