မောင်စိုးချိန် - ကျွန်းတိုက်ပွဲထဲက အာဇာနည်သူရဲကောင်း ကြယ်တပွင့်

မောင်စိုးချိန်  - ကျွန်းတိုက်ပွဲထဲက အာဇာနည်သူရဲကောင်း ကြယ်တပွင့်
 စက်တင်ဘာ ၁၅၊ ၂၀၁၄


ကိုးကိုးကျွန်း
ကျွန်းတိုက်ပွဲ
ဘာလဲ
ဘယ်လိုလဲ
သမိုင်းထဲမှာ
ပုစ္ဆာတခု။

စစ်အာဏာရှင်စနစ်
ဖက်ဆစ်နဲ့
ပြည်သူ့ ဒီမိုကရေစီကြား
ကြီးမား ပဋိပက္ခ
တိုက်ပွဲ
စစ်မီးတရဲရဲ
မစဲနိုင်သမျှ
ကိုးကိုးကျွန်းဆီ
ဦးတည်ရောက်လာ။

ထောင်တွင်း ထောင်ပြင်
မြေပြင် တလျှောက်
တော်လှန်ရေး သစ်ပင်
တခွင်တပြင် ပေါက်ရောက်ခဲ့ကြ။

ပင်လယ်လှိုင်း
ဝိုင်းထား
ကျွန်းညို မြစိမ်း
တော်လှန်ရေး အခြေခံစခန်း
ဖြစ်ထွန်းလာခဲ့လေရဲ့။

စစ်အာဏာရှင်
ဖိန့်ဖိန့်တုန် စစ်မိန့်
ဖိကြိတ်
ဖိနှိပ် စစ်သံဖနှောင့်
အဖိနှိပ်ခံတို့ဘက်က ရပ်ခံ
ဆန့်ကျင် အံတု
ရုန်းထမှု
ငါးဆယ့်သုံး (၅၃) ရက်ကြာ
ကျွန်းတိုက်ပွဲထဲ
သူရဲကောင်းကြယ်နီပွင့်တချို့
တပွင့်ပြီးတပွင့်
တလွင့်လွင့် ကြွေပြုန်း
ကျဆုံးခဲ့ကြ။

နှမြောတသမဆုံး
ဦးညွှတ်မဆုံး
အလေးပြု ဂုဏ်ယူမဆုံးနိုင်တော့။

တိုက်ပွဲလက်သီးချက်
အာဏာရှင့်အရှိုက်
ထိစေခဲ့
တိုက်ပွဲ မိုးကြိုးသွား
အာဏာရှင့် ဦးခေါင်းငယ်ထိပ်
ထိမှန်စေခဲ့
တုန်လှုပ်စမ်း မချိမဆန့်။

နိုင်ငံတကာ
ထောင်တိုက်ပွဲတွေထဲ
ဗမာပြည်သူရဲကောင်းသမိုင်း
မြေလှိုင်းသိမ့်တုန် ထစေခဲ့ပေါ့။

သူရဲကောင်းတို့ အသက်သွေး
ရင်းနှီးပေးဆပ်ခဲ့သမျှ
ကိုးကိုးကျွန်းထောင်
အမှောင်စခန်း
အာဏာရှင်က
ဖျက်သိမ်းပေးခဲ့ရ။

ရဲဘော်ကိုလေးမောင်
ကြယ်နီတွေထဲက
ကြယ်နီတပွင့်ပေပဲပ။

သင်ဟာ
ဗမာပြည် မြေပြင်ထက်
ပြိုးပြက် ထွန်းလင်းဆဲ
သင့် အလင်းရောင်
ခေတ်အမှောင်ထုကို
ထိုးခွဲ ဖြိုချ
လမ်းပြ ကြယ်နီတပွင့်ပဲလေ။

ရဲဘော်ရဲ့
တော်လှန် စိတ်ဓါတ်မဟာ
အနာဂါတ် ခရီးထဲ
အဖိနှိပ်ခံ
အနိုင်ကျင့် အခြယ်လှယ်ခံ
တော်လှန် ပြည်သူတို့ရဲ့
လွတ်မြောက်အောင်ပွဲ
မုဒ်ဦးသို့ချီ
အဓွန့်ရှည်ရမည်
အဓွန့်ရှည်ကြာ တည်စေသတည်း။

မောင်စိုးချိန်
စက်တင်ဘာလ ၁၄၊ ၂၀၁၄