တူမောင်ညို - ဗိုလ်တင်အေးတို့လုပ်သမျှ ငုံ့ချည်းခံနေကြတော့မှာလား

တူမောင်ညို - ဗိုလ်တင်အေးတို့လုပ်သမျှ ငုံ့ချည်းခံနေကြတော့မှာလား
စက်တင်ဘာ ၉၊ ၂၀၁၄
 
 

“ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့ဘူး ” လို့ ဗိုလ်တင်အေးက စက်တင်ဘာ ၇ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့တယ်။ ဒီပြောဆိုချက်အပေါ် ဒီချုပ်ပါတီ အီးစီတစ်ဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန်က “သဘောတူတယ်” လို့ပြောတယ်။ ဒီစကားက အခြေအနေ မဟန်လို့၊ မတတ်သာလို့ နောက်ဆုတ်သွားတဲ့ လူမိုက်ကို နောက်တစ်ခါ ဒုတ်ဓါးပြင်ဆင်ပြီးလာတဲ့အခါ ဒူးထောက်ပေးမယ်/ စိတ်ကြိုက် ရိုက်ပါလို့ ပြောလိုက်တာမျိုးသာဖြစ်ပါလိမ့်မယ်။

 ဒါ့အပြင် အလဲဗင်းမီဒီယာ သတင်းမှာ စက်တင်ဘာလ ၆ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ ဒီချုပ်ပါတီဥက္ကဋ္ဌတို့ ရန်ကုန်မြို့မှာတွေ့ဆုံခဲ့ကြပြီး ရွေးကောက်ပွဲကိစ္စ၊ နိုင်ငံတိုးတက်ရေးကိစ္စတွေ ပြောဆိုခဲ့ကြတယ်လို့ ဖော်ပြထားတယ်။

ပထမဦးစွာ ဒီဖြစ်ရပ်က “နိုင်ငံရေးပါတီတွေနဲ့ရွေးကောက်ပွဲတွေ” ဟာ ဗိုလ်တင်အေး လက်ခုပ်ထဲက ရေပါလား။ ဗိုလ်တင်အေး စိတ်ကြိုက် သွန်လိုသွန်၊ မှောက်လိုမှောက် ထင်ရာလုပ်နိုင်တယ်ဆိုတဲ့ အချက်ကို ဖော်ပြနေတယ်။

ဒုတိယ အချက် ဗိုလ်တင်အေးက “ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့ဘူး ၊ ဖျက်သိမ်းလိုက်ပြီ” ဆိုတဲ့အပေါ် အတိုက်အခံ နိုင်ငံရေးပါတီတွေက “သဘောတူတယ်” ဆိုပြီးငြိမ်ခံနေကြတာ၊ မှိန်းနေကြတာတွေကတော့ မကောင်းလှဘူး။ ရုံးတစ်ရုံး၊ ဓါးတစ်စင်း အာဏာပိုင်သူများရဲ့ ဗိုလ်ကျမှု၊ ငါတကော ကောမှုတွေကို အတိုက်အခံပါတီတွေက ဝေဖန်ဖွင့်ချမှု မပြုဝံ့ဘဲ၊ ခံချည်းနေရတဲ့  မိမိတို့ရဲ့ အတိုက်အခံမပီသမှုကို  ထုတ်ဖော်ဝန်ခံအသိအမှတ်ပြုနေသလိုပဲ။ အခုတော့ “အတိုက်အခံပါတီ” ဆိုတာရဲ့အဓိပ္ပါယ်က “တိုက်လာ သမျှ ငုံ့ခံနေရတဲ့ပါတီ” ဆိုတဲ့ အဓိပ္ပါယ်အဖြစ်ပြောင်းလဲသွားခဲ့ပြီ။ ဒါလည်း “ရွေ့နေတယ်”၊ “ပြောင်းလဲနေတယ်” လို့ပြောနေဆိုနေတာတွေထဲ က “အရွေ့တစ်ခု”၊ “ အပြောင်းအလဲတစ်ခု” ပဲဖြစ်လိမ့်မယ် ထင်ပါရဲ့။

တကယ်တော့ လွန်ခဲ့သော ဇူလိုင်လဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့“ဗိုလ်တင်အေးကော်မရှင်ရဲ့ ညွန်ကြားချက်အမှတ် (၁/၂၀၁၄)” ဆိုတာ ဒီချုပ်ပါတီဥက္ကဋ္ဌရဲ့ နိုင်ငံရေး၊ပုဂ္ဂိုလ်ရေးသြဇာရှိမှုအပေါ်အဓိကပစ်မှတ်ထားတဲ့ ကန့်သတ်တားမြစ်ချက် ဖြစ်ပါတယ်။ အခုတော့ “ကြားဖြတ်ရွေးကောက်ပွဲ” ကျင်းပပေးလိုက်ရင် ရရှိလာမယ့်တဲ့ ရလဒ်နဲ့ အကျိုးဆက်တွေက ကြံ့ဖွံ့ပါတီအတွက် ဘယ်လိုမှ ကောင်းနိုင် စရာအကြောင်း လုံးဝမမြင်လေတော့လို့  “ကြားဖြတ်ရွေးကောက်ပွဲ” ကို မကျင်းပတော့ဘူးဆိုပြီး ဖျက်သိမ်းလိုက်တာပဲဖြစ်မယ်။

ကြံ့ဖွံ့ပါတီဘက်ကကြည့်ရင် ပထမအကြိမ်ကြားဖြတ်ရွေးကောက်ပွဲ(၂၀၁၂)မှာ အပြတ်အသတ် ရှုံးခဲ့ပြီးပြီ။ ယခုတစ်ခါ ဒုတိယ အကြိမ်ကြားဖြတ်ရွေးကောက်ပွဲ(၂၀၁၄)မှာလည်း တစ်ခါထပ်ပြီး ရှုံးပြန်ဦးမယ်ဆိုရင်(ရှုံးဖို့ကသေချာသလောက်ပဲ) အရပ်ရပ်နေပြည်တော် မြင်လို့ ကြားလို့မတော်ဘူးဖြစ်မယ်။ နှစ်ကြိမ်နှစ်ကြိမ်ခါ ဝက်ဝက်ကွဲရှုံးရရင် ကြံ့ဖွံ့ပါတီကြီးအဖို့ သိပ်ရှက်ဖို့ကောင်းပြီ။ မနိုင် နိုင်အောင် ညစ်ရမယ် ဆိုရင်လည်း ဗိုလ်တင်အေးကော်မရှင်အဖို့ ပြည်တွင်းပြည်ပဝေဖန်မှုတွေ ပိုပြီးသည်းသန်လာ အောင်ဖိတ်ခေါ်သလို ရှိတော့ မယ်။ ညစ်ပြီး အနိုင်လည်းမရ၊ နာမည်လည်းပျက်မယ်ဆိုတဲ့လမ်းကို ကြံ့ဖွံ့ပါတီနဲ့ ဗိုလ်တင်အေးကော်မရှင်တို့ အသေအချာ တွက်ချက်မိ ခဲ့ကြပုံပေါ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲလောက်မှာ ညစ်ရတာ သိပ်မတန်ဘူးလို့ တွက်ပုံလည်းရတယ်။  ဒီတော့ မဟန်နိုင်တဲ့ ဒီပွဲကို ဖျက်လိုက်တာသာ အကောင်းဆုံးဖြစ်တယ်ဆိုပြီး ဒီလမ်းကို ရွေးချယ်ခဲ့ကြဟန်တူပါတယ်။

ဒါ့အပြင် သူတို့ဖော်ထုတ်မပြောတဲ့ အခြားအချက်တစ်ခုကလည်း  ဒီချုပ်ပါတီက ၂ နှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ၂ ကြိမ်မှာ ၂ ကြိမ် စလုံး သူတို့အပေါ် အနိုင်ယူသွားတယ်ဆိုတဲ့ အချက်ကို ပြည်တွင်းပြည်ပက ရှင်းရှင်းလင်းလင်းတွေ့မြင်၊ကြားသိသွားစေ ချင်ပုံ မရဘူး။ ဒီအချက်က နိုင်ငံရေးအရ ကြည့်ရင် အရေးပါတယ်။

ဒီတော့ ရွေးကောက်ပွဲစနစ်တွေ၊ ရွေးကောက်ပွဲနည်းဥပဒေတွေ ရေပက်မဝင်အောင် စိတ်ကြိုက်ပြင်ဆင်ပြဋ္ဌာန်းပြီး  ၂၀၁၅ မှာ ပွဲကြီးပွဲကောင်းနွှဲနိုင်ဖို့ သူတို့နောက်တစ်လှမ်းဆုတ်လိုက်ကြတဲ့ပုံပါပဲ။ အဲဒီအချက်ကို ဗိုလ်တင်အေးရဲ့ စက်တင်ဘာလ ၇ ရက် ရှင်းလင်း ချက်၊ “အချက်အမှတ် ၆” ကို ဖတ်ကြည့်ရင် အရှင်းသားတွေ့ရပါလိမ့်မယ်။

မကြာခင်မှာ “အချိုးကျကိုယ်စားလှယ်စနစ်”(PR)  အပါအဝင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဖက်ပေါင်းစုံဖိနှိပ်ကန့်သတ်ရေး  ဥပဒေတွေ၊နည်းဥပဒေတွေထုတ်ပြန်လာလိမ့်မယ်။အဲဒီတာဝန်တွေကိုဗိုလ်ရွှေမန်းနဲ့ဗိုလ်ခင်အောင်မြင့်တို့က သူတို့အပိုင်စားရာလွှတ်တော် တွေထဲမှာ ဖန်တီးလုပ်ဆောင်ကြလိမ့်မယ်။ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်မှာလည်း စစ်ဗိုလ်လူထွက်တွေတိုးချဲ့ခန့် ထားရမယ်။ ဒါ့အပြင်အခြားတစ်ဖက်မှာလည်း အခြေအနေမဟန်တဲ့အခါရွေးကောက်ပွဲဖျက်သိမ်းနိုင်ဖို့ “ဘယ်ကလာမှန်းမသိတဲ့ လူအုပ်တွေ” ကို လေ့ ကျင့်သင်တန်းပေးရဦးမယ်။ သွေးထိုးရန်တိုက်ပေးရဦးမယ်။ ဒါမျိုးတွေဖြစ်လာမှ ဗိုလ်တင်အေး ပါဝါတွေစိတ်ကြိုက်ပြပြီး ကန့်သတ်တား မြစ်နိုင်မှာမဟုတ်လား။

ဒီလိုတားမြစ်နိုင်ဖို့ “၂၀၀၈ အခြေခံဥပဒေ” ၊ ရွေးကောက်ပွဲနည်းဥပဒေနဲ့ အခြားတည်ဆဲ ဥပဒေတွေနဲ့ လိုအပ်ရင် လိုအပ်သလို ထုတ်ပြန်ညွန်ကြား၊ ပိတ်ပင်၊ တားမြစ်၊ ကန့်သတ်နိုင်တဲ့ အခွင့်အာဏာတွေ” နဲ့ ဗိုလ်တင်အေး စိတ်ကြိုက် ထင်ရာစိုင်းနိုင်ဖို့ ပေးထားပြီး သားဖြစ်တယ်။

“၂၀၀၈ အခြေခံဥပဒေ” ပုဒ်မ ၃၉၉ နဲ့ ပုဒ်မ ၄၀၂ တို့ဆိုတာဟာ ဗိုလ်တင်အေးအတွက် စိတ်ကြိုက်ထင်ရာစိုင်းနိုင်တဲ့ တစ် ချက်လွှတ်အာဏာတွေဖြစ်တယ် မဟုတ်ပါလား။

အခုလို “၂၀၀၈ အခြေခံဥပဒေ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေ၊နည်းဥပဒေ၊  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ညွန်ကြားချက်၊ အခြားတည်ဆဲဥပဒေများ” စတဲ့ မတရားတဲ့ ဥပဒေတွေ အတင်းအဓမ္မလွှမ်းမိုး၊ စိုးမိုးထားတဲ့ အခြေအနေအောက်မှာ ဒီချုပ်ပါတီဥက္ကဋ္ဌကြီးပါးစပ်မှ “တရားဥပဒေစိုးမိုးရေး” ဆိုတဲ့စကားကို တွင်တွင်ကြီး ပြောနေ၊ ဆိုနေတာကို တော့ ဘယ်လိုမှ နားမလည်နိုင်အောင်ပဲဖြစ်နေရပါတယ်။

“၂၀၀၈ အခြေခံဥပဒေ”နဲ့အခြားဖိနှိပ်ကန့်သတ်ထားတဲ့ “တည်ဆဲဥပဒေ” ဆိုတာတွေ တည်ရှိနေသမျှကာလပတ်လုံး  ဗိုလ်တင် အေး ကိုဖယ်ရှားပစ်လိုက်ရုံ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ ရွေးကောက်ပွဲတင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ တွေကို ပြင်ဆင်ပြောင်းလဲရုံမျှနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေဘယ်လိုမှ ဖြစ်မလာနိုင်ပါဘူး။

စစ်အုပ်စုမှာ “၁၉၉၀ ရွေးကောက်ပွဲရလဒ်” အသိအမှတ်မပြုဘဲ၊ ဖျက်သိမ်းပစ်တဲ့အတွေ့အကြုံ၊ “ကြိုတင်မဲ” တွေနဲ့ အနိုင်ယူ ထားဖူးတဲ့ “၂၀၁၀ရွေးကောက်ပွဲ” အတွေ့အကြုံ၊ ယခုတဖန်သူတို့ရှုံးမှာသေချာနေတဲ့ “ရွေးကောက်ပွဲ” ကို ဖျက်သိမ်းပစ်တဲ့ အတွေ့အကြုံ တွေရှိထားပြီးပြီဖြစ်ပါတယ်။

မနိုင်/နိုင်အောင် ညစ်နည်မျိုးစုံနဲ့အနိုင်ပိုင်းတတ်ပြီး၊ သူတို့နိုင်ဖို့ မသေချာတဲ့အခါ ပွဲဖျက်တတ်တဲ့ ပတ်မကြီးထိုးဖောက်ဖို့ ဘယ်တော့မှ လက်မရွံတဲ့ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်ခင်အောင်မြင့်၊ ဗိုလ်တင်အေး၊ ဗိုလ်မင်းအောင်လှိုင်တို့ စစ်အုပ်စုနဲ့ “၂၀၀၈ အခြေခံဥပဒေနဲ့ အခြားတည်ဆဲဥပဒေ” ဆိုတာတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရလိမ့်မယ်။