တင်မောင်ထွေး - အစ္စလာမ်သာသနာအကြောင်းကို စစ်မှန်တဲ့ မွတ်စလင်တွေဆီကသာ လေ့လာကြစေလို


တင်မောင်ထွေး - အစ္စလာမ်သာသနာအကြောင်းကို စစ်မှန်တဲ့ မွတ်စလင်တွေဆီကသာ လေ့လာကြစေလို
သြဂုတ် ၂၄၊ ၂၀၁၄

အမေရိကန်အခြေဆိုက် ဘာသာရေးနဲ့ လူမှုရေးအခြေခံသတင်းအချက်အလက်တွေ ထုတ်ပြန်ပေးတဲ့ Pew Research Center ရဲ့  ယခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ နေ့စွဲပါ ဖော်ပြချက်အရ အစ္စလာမ်မစ်အစွန်းရောက်တွေကို စိုးရိမ်ကြောက်လန့်မှုက အရှေ့အလယ်ပိုင်း ဒါမှမဟုတ် ပါကစ္စတန်လိုမျိုး မွတ်စလင်အများစုရှိတဲ့နိုင်ငံတွေမှာတောင် မြင့်တက်လာနေပြီလို့ ဖော်ပြထားပါတယ်။ (http://www.pewglobal.org/2014/07/01/concerns-about-islamic-extremism-on-the-rise-in-middle-east/)

မွတ်စလင်တွေက အစ္စလာမ်မစ်အစွန်းရောက်တွေကို ကြောက်လန့်စိုးရိမ်နေရတဲ့အကြောင်း၊ ပါလစ္စတိုင်းနယ်မြေထဲမှာတင် ဟားမားစ်ကို မလိုလားသူ အများအပြားရှိနေတဲ့အကြောင်း စတာတွေကို Pew Research Center ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။

အံ့သြစရာ မကောင်းဘူးလား။ မွတ်စလင်တွေအချင်းချင်းလို့ ဆိုပြီး တစ်ဦးကို အခြားတစ်ဦးကပြန်ပြီး ကြောက်လန့်စိုးရိမ်နေရတာမျိုးဖြစ်နေတော့ကား အစ္စလာမ်သာသနာနဲ့ပတ်သတ်ပြီး ထဲထဲဝင်ဝင်မရှိလှတဲ့ ဘာသာခြားတစ်ယောက်အဖို့ အံ့သြစရာ ကောင်းမှာ အမှန်ပါပဲ။

စာဖတ်သူတို့အတွက် ရွှေအကြံဥာဏ်တစ်ခုကို ပေးပါရစေ။ အစ္စလာမ်သာသနာ အကြောင်းကို သိရှိလိုပါသလား၊ practicing muslims ခေါ်တဲ့ စစ်မှန်တဲ့ မွတ်စလင်တွေကို ရွေးချယ်ပြီး သူတို့ဆီကတဆင့် လေ့လာကြပါ။

“ISIL speaks for no religion” ၊ အီရတ်က အစွန်းရောက် အိုင်အက်စ်အဖွဲ့က ဘယ်သာသနာ ကိုမှ ကိုယ်စားမပြုပါဘူးလို့အမေရိကန် သမ္မတ အိုဘားမားက ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ကျော်ကြားလှတဲ့ နိုင်ငံတော်ဗိသုကာကြီးနဲ့ တတိယမြောက် သမ္မတ သော်မတ်စ် ဂျက်ဖာဆန်ကတော့ သူ့ကိုယ်ပိုင် ကိုရန်ကျမ်းကတဆင့် အစ္စလာမ်ကို လေ့လာခဲ့ပါတယ်။ (http://www.washingtonpost.com/wp-dyn/content/article/2007/01/03/AR2007010300075.html)

သမ္မတ ဘုရှ်နဲ့ အိုဘားမားတို့ကလည်း ကိုရန်ကျမ်းစာတစ်အုပ်ဆီ လက်ဝယ်ပိုင်ပိုင် ရှိကြသလို ဖတ်မှတ် လေ့လာတာမျိုး လုပ်လေ့ရှိပါသတဲ့။ (http://www.faithstreet.com/onfaith/2011/08/08/do-critics-actually-read-the-koran/11770)

မွတ်စလင်အမည်ခံပြီး အစွန်းရောက်အကြမ်းဖက်လုပ်ရပ်ကို လုပ်နေကြတဲ့အုပ်စုက Minority ခေါ် ရာနှုန်းအနည်းငယ်ခန့်သာဖြစ်ပြီး မွတ်စလင်အများစုကတော့ ငြိမ်းချမ်းရေးကို မြတ်နို်းတန် ဖိုးထားတတ်သူတွေဖြစ်တယ်လို့ Pew Research Center ရဲ့ စစ်တမ်းတစ်ခုက ဖော်ပြခဲ့ဖူးပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးတက္ကသိုလ်ရဲ့ ပရောဖက်ဆာတွေ ဦးဆောင်တဲ့ origins.osu.edu ကတော့ အစ္စလာမ်အပါအ၀င် ဘယ်သာသနာကမှ အသေခံဗုံးခွဲတဲ့ အကြမ်းဖက်နည်းလမ်းကို တီထွင်ခဲ့တာမဟုတ်ဘူးလို့ သုတေသနပြု ဖော်ပြခဲ့ပါတယ်။ (http://origins.osu.edu/article/human-use-human-beings-brief-history-suicide-bombing)

ဗြိတိသျှ-အမေရိကန် ကမ္ဘာကျော် သမိုင်းပညာရှင်ကြီး Bernard Lewis (http://en.wikipedia.org/wiki/Bernard_Lewis) ကတော့ အသေခံဗုံးခွဲ ခြင်းက ၂၁ ရာစုရဲ့ တွီထွင်မှုအသစ်ဖြစ်ပြီး အစ္စလမ်သာသနာက အဲဒါမျိုးကို အထောက်အပံ့ပေး မထားတဲ့အကြောင်း ရေးသားခဲ့ပါတယ်။ (Bernard Lewis and Buntzie Ellis Churchill, Islam:The Religion and the People, Wharton School Publishing, 2008, စာမျက်နှာ ၁၅၃)

ဒီတော့ မွတ်စလင်ထုဆီကတဆင့် အစ္စလာမ်အကြောင်းလေ့လာကြမှာလား၊ လူနည်းစု မွတ်စလင်အမည်ခံ အကြမ်းဖက် ISIL သို့မဟုတ် အလ်ကိုင်ဒါတွေဆီက အစ္စလာမ်ဆိုတာကို သိရှိနားလည်ဖို့ ကြိုးစားကြမှာလား။ ဒါမှမဟုတ် ဂျက်ဖာဆန်၊ အိုဘားမားနဲ့ဘုရှ်တို့လို ကိုရန်ကျမ်းစာ တစ်အုပ် လက်ဝယ်ထားပြီး ကိုယ်တိုင်ကိုယ်ကျ လေ့လာကြမှာလား။ လေ့လာဖတ်ရှုချင်ပါတယ်ဆိုရင်တော့ ဟောဒီမှာ အရံသင့် လေ့လာနိုင်ပါပြီ။ (http://www.alislam.org/quran/Holy-Quran-Short-Commentary.pdf )

အစ္စလာမ်မစ်အကြမ်းဖက်ကို ကြောက်ရွံ့စိုးရိမ်နေကြရပါတယ်ဆိုတဲ့ မွတ်စလင်တွေရော၊ ဘာသာခြားတွေ အတွက်ပါ အရေးတကြီး နားလည်မှတ်ပိုက်ဖို့ လိုတာက အဲဒီအကြမ်းဖက်တွေ တွင်ကျယ်စွာ ပြောဆိုနေကြတဲ့ “အစ္စလာမ်သည် ဂျီဟတ်ဆိုတဲ့ စစ်ပွဲတွေကို ဆင်နွှဲပြီး ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်မယ်” ဆိုတဲ့ ကိစ္စက ဘယ်လိုရှိပါသေးသလဲ။ ကိုရန်ကျမ်းစာကို ဖတ်ရှုပါ။

နေရာပေါင်း ၃၄ နေရာတိတိမှာ ဂျီဟတ်ရဲ့အဓိပ္ဗါယ်သည် မိမိကိုယ်တိုင်ရဲ့  အဇ္ဈတ္တသန့်ရှင်းဖြူစင်စေဖို့ လူးလွန့်ကြိုးပမ်းခြင်းဖြစ်တဲ့အကြောင်း ဒါမှမဟုတ် မိမိရဲ့ လူ့အသိုက်အ၀ိုင်းကြီး တိုးတက်ဖွံ့ဖြိုးစေရန် ကူညီလုပ်ဆောင်ခြင်းဖြစ်တဲ့အကြောင်း ဒါမှမဟုတ် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ်ပြုခြင်းဖြစ်တဲ့အကြောင်း စသဖြင့် ဖော်ပြထားပါတယ်။ (ကိုရန်ကျမ်း အညွှန်း - ၂း၂၁၉ ၊ ၃း၁၄၃၊ ၄း၉ ၆၊ ၅း၃၆၊ ၅း၅၅၊ ၈း၇၃၊ ၈း၇၆၊ ၉း၁၆၊ ၉း၁၉ ၊ ၉း၂၀၊ ၉း၂၄၊ ၉း၄၁၊ ၉း၄၄၊ ၉း၇၉ ၊ ၉း၈၁၊ ၉း၈၆၊ ၉း၈၈၊ ၁၆း၁၁၁၊ ၂၂း၇၉ ၊ ၂၅း၅၃၊ ၂၉း၇၊ ၂၉း၇၀၊ ၄၇း၃၂၊၄၉း၁၆၊ ၆၀း၂၊ ၆၁း၁၂)

(မှတ်ချက် - ပထမနံပါတ်သည် ကိုရန်ကျမ်းစာ အခန်းနံပါတ်ဖြစ်ပြီး ဒုတိယနံပါတ်သည် မုက္ခပါတ် အမှတ်စဉ် ဖြစ်ပါသည်။ )

တမန်တော်မုဟမ္မဒ်က ဂျီဟတ်ဆိုတာဟာ မိမိရဲ့မိဘများကို အလုပ်အကျွေးပြုခြင်းလည်း မည်ကြောင်း သွန်သင်ထားပြန်ပါတယ်။ (Sahih Jami’ Bukhari, Vol 4, Book 52, #248)

ကမ္ဘာကျော်ပညာရှင်ကြီးတွေကရော အစ္စလာမ်သာသနာကို ဘယ်သူတွေဆီက လေ့လာခဲ့ပါသလဲ။ နံပါတ် ၁ ကတော့ အစ္စလာမ်သာသနာကို အုတ်မြစ်ချတည်ထောင်ခဲ့တဲ့ တမန်တော် မုဟမ္မဒ်ဆီက ဖြစ်ပါလိမ့်မယ်။ ပြီးရင်တော့ စစ်မှန်တဲ့ မွတ်စလင်တွေဆီက လေ့လာကြပါလိမ့်မယ်။ လေ့လာအပြီးမှာ သူတို့တွေက ဘယ်လိုများ မှတ်ချက်ပေးကြပါသလဲ။ အောက်ပါအတိုင်း စိတ်ဝင်စားဖွယ် တွေ့ရှိရပါတယ်။

၁။ ပြင်သစ်လူမျိုး ကဗျာဆရာနဲ့ နိုင်ငံရေးသမားကြီး အဖြစ်သာမက၊ ပြင်သစ် ဒုတိယမပ္ဗိ ရီပတ်ဘလစ်နိုင်ငံတည်ထောင်ရာမှာ အက္ခရာအကျဆုံးနေရာက ပါဝင်ခဲ့သူ လမာတင် (Alphonse de Larmartine) (http://en.wikipedia.org/wiki/Alphonse_de_Lamartine) က အစ္စလာမ်သာသနာကို အကောင်းဆုံးစံအဖြစ် သရုပ်ဖော်ပြနိုင်တဲ့ တမန်တော်မုဟမ္မဒ်နဲ့ ပတ်သတ်ပြီး အခုလို ရေးသားခဲ့ပါတယ်။

“……, that is Muhammad. As regards all standards by which human greatness may be measured, we may well ask, is there any man greater than he?

လူတစ်ယောက်ရဲ့ ကြီးကျယ်ခမ်းနားခြင်းကို တိုင်းတာတဲ့ နည်းလမ်းတွေအားလုံးကို သုံးပြီး သူ(မုဟမ္မဒ်) တိုင်းတာခဲ့မယ်ဆိုရင် ကျွန်ုပ်တို့အတွက် မေးခွန်းတစ်ခု ထွက်လာပါလိမ့်မယ်။ သူ(မုဟမ္မဒ်) ထက် ပိုပြီး ကြီးကျယ်ခမ်းနားသူ ရှိပါသေးသလား? (Alphonse de Lamartine, Historie de la Turquie, vol 2)”


၂။ ဗြိတိသျှလူမျိုး၊ သီယိုဆိုဖစ်ခေါ် ဘာသာရေးလေ့လာသူနဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ အန္နီဗင်းဆင့် (Annie Besant) (http://en.wikipedia.org/wiki/Annie_Besant) က အစ္စလာမ်သာသနာရဲ့ စံပြသရုပ်မှန် တမန်တော် မုဟမ္မဒ်အကြောင်း လေ့လာအပြီး အခုလို ရေးသားခဲ့ပါတယ်။

“It is impossible for anyone who studies the life and character of the great Prophet of Arabia (Muhammad) ………. to feel anything but reverence for that mighty Prophet, one of the great messengers of the Supreme. And although in what I put to you I shall say many things which may be familiar to many, yet I myself feel, whenever I reread them, a new way of admiration, a new sense of reverence for that mighty Arabian teacher.”

“အာရေဗျ တမန်တော် (မုဟမ္မဒ်) အကြောင်းကို လေ့လာသူမှန်သမျှ နက်ရှိုင်းတဲ့ လေးစားမှုကလွဲပြီး တခြားဘာကိုမှ ခံစားလို့ရတော့မှာ မဟုတ်ဘူး။ ကျွန်မက သူ့အကြောင်းကို ပြန်ဖတ်တိုင်း အထင်ကြီးလေးစားမှုအာရုံ အသစ်တွေကိုသာ ခံစားရရှိနေရပါတယ်။ (Annie Besant, The life and Teachings of Mohammad, Madras 193, စာမျက်နှာ ၄)”


၃။ ကမ္ဘာကျော်စာရေးဆရာ၊ လန်ဒန်စီးပွားရေးတက္ကသိုလ်ကို တည်ထောင်ခဲ့သူနဲ့၊ နိုဗယ်ဆုရ ပညာရှင်ကြီး ဆာဂျော့ဗားနတ်ရှော (Sir George Benard Shaw) (http://en.wikipedia.org/wiki/George_Bernard_Shaw) က သူလေ့လာခဲ့တဲ့ အစ္စလာမ်သာသနာကို ကြောက်စရာကောင်းတယ်လို့ လည်း မဆိုခဲ့ပါ၊ သူကိုယ်တိုင်ကြောက်ရွံ့ထိတ်လန့်နေရပါတယ်လို့လည်း မှတ်ချက်မပေးခဲ့ရုံမက အခုလို ရေးသား မှတ်တမ်းတင်ခဲ့ပါသေးတယ်။

“I have always held the religion of Muhammad in high estimation because of its wonderful vitality. It is the only religion, which appears to me to possess that assimilating capacity to the changing phase of existence, which can make itself appeal to every age. I have studied him_ the wonderful man and in my opinion far from being an anti-Christ, he must be called the Saviour of Humanity.”

“အလွန်အင်မတန်မှ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကြောင့် မုဟမ္မဒ်ရဲ့ သာသနာကို ကျွန်တော်အမြဲတမ်း စွင့်မြင့်စွာ လေးစားတန်ဖိုးထားပါတယ်။ ခေတ်ကာလတွေ ပြောင်းလဲသွား ပေမယ့် လိုက်လျောညီထွေဖြစ်နိုင်တဲ့ အစွမ်းသတ္တိမျိုးရှိတဲ့ တစ်ခုတည်းသော သာသနာဖြစ်တယ်လို့ (ထင်ပါတယ်။) ကျွန်တော် မုဟမ္မဒ်အကြောင်း လေ့လာပြီးပါပြီ။ တကယ့်ကို အံဘနန်းပါပဲ။ သူ့က အန္တီခရိုက်ခေါ် ခရစ်ယာန်ဆန့်ကျင်သူဖြစ်မယ့် နေနေသာသာ၊ သူ့ကို လူ့အသိုက်အ၀န်းကြီးတစ်ခုလုံးကို ကယ်တင်ခဲ့တဲ့ ကယ်တင်ရှင်လို့ ခေါ်ရလိမ့်မယ်။  (Sir George Benard Shaw, The Genuine Islam 1, no. 8, 1936)”

၎။ မဂိုမင်းဆက်များရဲ့လက်အောက်မှာ ဘာသာခြားများအကြား ချစ်ကြည်ရင်းနှီး လိုက်လျောညီထွေရှိပြီး မွတ်စလင်မဟုတ်တဲ့ ဘာသာခြားအမတ်များကို ထူးခြားစွာမြင်တွေ့နိုင်တဲ့ အိန္ဒိယနိုင်ငံ မဂိုအင်ပါယာကြီး ပျက်သုဉ်းပြီး အင်္ဂလိပ်လက် အောက်ကျရောက်ခဲ့စဉ် အကြမ်းမဖက် အနုနည်းနဲ့ တွန်းလှန်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ ဥသျှောင် ဖခင်ကြီး မဟတ္တမဂန္ဒီက အခုလို ဆိုထားပါတယ်။

"...I became more than ever convinced that it was not the sword that won a place for Islam in those days in the scheme of life. It was the rigid simplicity, the utter self-effacement of the prophet, the scrupulous regard for his pledges, his intense devotion to his friends and followers, his intrepidity, his fearlessness, his absolute trust in God and his own mission. These, and not the sword carried everything before them and surmounted every trouble." YOUNG INDIA, 1924

အစ္စလာမ်သာသနာက ဓါးကိုသုံးပြီး အောင်နိုင်ခဲ့တာမဟုတ်ဘူးဆိုတာကို ကျွန်တော်အနေနဲ့ လိုတာ ထက်တောင်ပိုပြီး နားလည်ခဲ့ပါပြီ။ (Young India 1924)

၅။ စကော့တလန်လူမျိုး ကမ္ဘာကျော်သမိုင်းပညာရှင်ကြီး သောမတ်စ်ကာလိုင်း (SIR THOMAS CARLYLE) (http://en.wikipedia.org/wiki/Thomas_Carlyle) က ဘီဒိုအင်လူရိုင်းတွေကို သွန်သင်လမ်းပြပြီး နှစ် ၂၀ အတွင်း လူ့အသိုင်းအ၀ိုင်းက လက်ခံနိုင်တဲ့ မြို့ပြကို တည်ထောင်ပေးခဲ့တဲ့ အစ္စလာမ့်ဥသျှောင် တမန်တော်မုဟမ္မဒ်ကို ချီးကျူးထောမနာ ပြုခဲ့ဖူးပါတယ်။

၆။ ဒလိုင်လားမားက အစ္စလာမ်သာသနာကို ကြောက်ရွံ့ဖွယ်သာသနာ သို့မဟုတ် အကြမ်းဖက်မှုအသားပေး တဲ့ သာသနာလို့ ခေါ်ဆိုခြင်းဟာ လုံးဝမှားယွင်းပြီး မဇ္ဈိမပဋိပဒါမကျလှတဲ့အကြောင်း ထောက်ပြပြောခဲ့ဖူးပါတယ်။ (http://www.dalailama.com/news/post/247-dalai-lama-defends-islam-as-peaceful-religion)

၇။ ဗုဒ္ဓဘာသာထွန်းကားခဲ့ဖူးတဲ့ ဘင်္ဂါလီပြည်ကြီးက ကမ္ဘာကျော် နိုဗယ်ဆုရ ဘင်္ဂလီလူမျိုး စာပေပညာရှင် ရာဗင်ဒြာနတ်တဂိုးက အစ္စလာမ်သာသနာ၊ အိန္ဒိယ (သို့မဟုတ်) ဘင်္ဂါလားဒေ့ရှ်ကို ရောက်ခဲ့တဲ့အကြောင်းနဲ့ စပ်လျဉ်းပြီး သူလေ့လာဖူးတဲ့ အစ္စလာမ်အကြောင်း အခုလို ဖောက်သည်ချခဲ့ဖူးပါတယ်။ (http://en.wikipedia.org/wiki/Rabindranath_Tagore)
“We must take into consideration the fact that a large number of devout Muslims on the Subcontinent cannot be ‘a herd of public’, converted by the invaders who came from Persia and Arab Peninsula. It was the all-embracing and simple philosophy of Islam that endeared them to it (Islam) and the people from the Sub-continent wholeheartedly embraced this great faith.”

“အာရေဗျဒါမှမဟုတ် ပါရှားကလာတဲ့ မွတ်စလင်ကျူးကျော်သူတွေကြောင့် (အိန္ဒိယ) ကျွန်းဆွယ်ကြီးမှာ စွဲမြဲသစ္စာရှိတဲ့ မွတ်စလင်တွေ ဖြစ်လာတယ်လို့ ဆိုရအောင် (အိန္ဒိယ) ကျွန်းဆွယ်က လူတွေက တိရစ္ဆာန်တွေမှ မဟုတ်ဘဲ။ ချစ်ခင်ပျူငှာပြီး ရိုးရှင်းတဲ့ ဒဿနကို ပိုင်ဆိုင်တဲ့ အစ္စလာမ်သာသနာကို သူတို့ ကြိုက်နှစ်သက်သွားပြီး (အိန္ဒိယ) ကျွန်းဆွယ်က လူတွေဟာ ဒီကြီးကျယ်တဲ့ သာသနာကို နှလုံးသားကနေ နှစ်သက်လက်ခံခဲ့ကြတာပဲ။ (
Rabindranath Tagore in a letter to French indologist Romain Rolland, 1928, courtesy: Desh magazine, July 19 တွင် ဖော်ပြခံခဲ့ရ။)”

အခုလိုမျိုးု ကမ္ဘာကျော် မွတ်စလင်မဟုတ်တဲ့ ပညာရှင်ကြီးတွေက အစ္စလာမ်ကို ဘယ်သူတွေဆီကနေ လေ့လာပြီး ဒီလိုမျိုး မှတ်ချက်တွေ ပေးခဲ့တာပါလဲ။ ISIL ဆီကလား၊ ဒါမှမဟုတ် အလ်ကိုင်ဒါဆီကလား ဒါမှမဟုတ် တာလီဘန်တွေ ဆီကများလား။ တစ်ခုမှမဖြစ်နိုင်တာသေချာပါတယ်။

ယနေ့ကမ္ဘာပေါ်မှာ အစ္စလာမ်သာသနာကို အဝေဖန်ဆုံးလို့ ပြောနိုင်တဲ့ အမေရိကန်နိုင်ငံသား တွေထဲမှာ ၅၅ ရာခိုင်နှုန်းက အစ္စလာမ်အကြောင်း များများစားစားမသိဘူးလို့ ဆိုပါပြီး ၂၅ ရာခိုင်နှုန်းက  နကန်းတလုံးတောင် မသိဘူး  Pew Research Center ရဲ့ ၂၀၁၀ ခုနှစ် စစ်တမ်းက ဆိုပါတယ်။ (http://www.people-press.org/2010/08/24/public-remains-conflicted-over-islam/)

မသိရခြင်းအကြောင်းကို ဆန်းစစ်လိုက်တော့ သူတို့တွေကိုယ်တိုင် အနီးကပ်လေ့လာနိုင်မယ့် မွတ်စလင်မိတ်ဆွေတွေ သူတို့မှာ မရှိကြဘူးဆိုတာကို တွေ့ရှိရပါတယ်။ ဒါဆို သူတို့တွေ အစ္စလာမ်အကြောင်း ဘယ်သူတွေဆီကများသိရှိကြရလို့ အစ္စလာမ်ကို ဝေဖန်ကြတာပါလဲ။ ISIL သို့မဟုတ် အလ်ကိုင်ဒါတွေဆီကများလား။ ဒါမှမဟုတ် အစွန်းရောက် အစ္စလာမ်မစ် ဂျီဟတ်ဝါဒီတွေဆီကများလား။

အခုစာရှုသူအနေနဲ့ရော၊ အစ္စလာမ်သာသနာကြောင်းကို စစ်မှန်တဲ့ မွတ်စလင်တွေဆီက လေ့လာလိုပါသလား၊ ဒါဆိုရင်တော့ မွတ်စလင်မိတ်ဆွေသူငယ်ချင်းတစ်ယောက် ရဖို့ လိုအပ်နေပါပြီ။ စစ်မှန်ရိုးသားမှုရှိတဲ့ မွတ်စလင်မိတ်ဆွေဆီကနေ အစ္စလာမ်အကြောင်း လေ့လာသင်ယူရင်း အထက်မှာဖော်ပြထားတဲ့ ကမ္ဘာကျော်ပညာရှင်ကြီး တွေ ဘာကြောင့် အစ္စလာမ်ကို လေးစားအသိအမှတ်ပြုခဲ့ကြသလဲဆိုတာ မှတ်ကျောက်တင် ဆန်းစစ်နိုင်ပါပြီ။

ဒါမှမဟုတ် ကိုရန်ကျမ်းစာရဲ့ ပထမစာမျက်နှာကို လှန်ပြီး ဖတ်ရှုလိုက်ပါ။ အစဦးဆုံးစကားလုံး စကားလုံး ၃ လုံးထဲမှာတင် “လူသားတိုင်းအတွက် ကရုဏာတရား (Al Rahman)” ဆိုတဲ့စကားလုံး ပါဝင်နေတာ တွေ့ရပါလိမ့်မယ်လို့ အာမခံလိုက်ပါရစေ။