ဒေါက်တာခင်မောင်ဝင်း (သချာင်္) - မေးခဲ့သော မေးခွန်းတစ်ပုဒ်


 ဒေါက်တာခင်မောင်ဝင်း (သချာင်္) - မေးခဲ့သော မေးခွန်းတစ်ပုဒ်
သြဂုတ် ၂၆၊ ၂၀၁၄

ကမ္ဘာကျော် သိပ္ဗံပညာရှင် Steven Hawkin ကသူ့ရဲ့ ကိုယ်ရေးအထုပ္ဗတ္တိ My Brief History ထဲမှာ သူတက်ခဲ့တဲ့ Oxford တက္ကသိုလ် အကြောင်းပြောတာကို သတိရမိတယ်။
သူက Oxford တက္ကသိုလ်ရဲ့မူဝါဒ ကို “anti-work attitude” လို့ခေါ်ပါတယ်။ ဆိုလိုတာက ကြိုးစားလို့တော်တာမျူိးကို လက်မခံဘူး။ တော်တဲ့လူဟာ ပင်ကိုယ်ကတည်းက တော်ရမှာဖြစ် တယ်။ ကြိုးစားလို့တော်တာ မဖြစ်ရဘူးလို့ဆိုတာပဲ။
သူပြောမသွားတာတစ်ခုက - လူတစ်ယောက်ဟာ မကြိုးစားဘဲ အလိုလိုတော်တာနဲ့ ကြိုးစားလို့တော်တာကို ဘယ်လိုခွဲခြား သိသလဲ? ဆိုတာပါဘဲ။
Oxford တက္ကသိုလ်နဲ့ ပတ်သက်လို့ ဒါဟာ ကျွန်တော်ပထမဦးဆုံး ကြားဖူးတာပါဘဲ။ ဒါကြောင့် အဲဒီတက္ကသိုလ်မှာတက်ဖူးတဲ့လူတွေနဲ့ ဒီအကြောင်းကိုဆွေးနွေးကြည့်ခွင့် ရချင်ပါတယ်။ အထင်ရှားဆုံး ဥပမာတစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည် ပေါ့ဗျာ။ သူ့ကိုဒီကိစ္စ မေးခွင့်ရရင် မေးကြည့်ချင်ခဲ့ပါတယ်။
နောက်သတိရတာတစ်ခုက - ရှေးက ဂရိဒသနပညာရှင်ကြီး ပလေတို (Plato) ဖွင့်ခဲ့တဲ့ တက္ကသိုလ်ရဲ့မူဝါဒနဲ့ ပတ်သက်လို့ဖြစ်ပါတယ်။ မူဝါဒလို့မသုံးဘဲ လုပ်ပုံလုပ်နည်းလို့ ပြောရင် ပိုမှန်မယ်ထင်ပါရဲ့။ သူက သူ့တက္ကသိုလ်ကကျောင်းသားတွေကို ဘာမှသင်ပေးတာ မဟုတ်ဘူးတဲ့။ အခန်းထဲမှာ စုဝေးပြီး စကားပြောခိုင်းတာဘဲ။ အဲဒါဘဲ။ စကားပြောတဲ့လူက ပြော၊ မပြောတဲ့လူက နားထောင်တာဘဲ။
သူ့တက္ကသို်လ်က မွေးထုတ်လိုက်တဲ့ ပညာရှင်တစ်ဦးကတော့ အာရစ္စတိုတယ် (Aritotle) လို့ကြားဖူးပါတယ်။
နောက်သတိရတာတစ်ခုက တက္ကသိုလ်ဆိုတာဘာလဲ ဆိုတာကို ပညာရှင်တစ်ဦးက အခုလိုပြောတာ ကြားဖူးပါတယ်။ ဘယ်သူက ပြောသလဲ၊ ဘယ်မှာ ပြောသလဲ - ပြောတဲ့ ပုဂ္ဂိုလ်က စာရေးဆရာမ Stella Center ဖြစ်တယ်။ သူပြောတာက The Art Of Book Reading ဆိုတဲ့ စာအုပ်ထဲမှာ ဖြစ်ပါတယ်။
သူပြောတာက ဒီလိုပါ -
“တက္ကသိုလ် ဟူသည်မှာ စာအုပ်တွေ စုထားတာဘဲ ဖြစ်ပါတယ်။”
ဒီအဆိုကိုလေ့လာကြည့်ရင် စာအုပ်တွေပေါ်ပေါက်ပြီးမှ ပြောတဲ့အဆိုဖြစ်တယ် ဆိုတာကို သိနိုင်ပါတယ်။
Oxford တက္ကသိုလ်နှင့်ပတ်သက်၍ Oxford တက္ကသိုလ်တွင် ပညာသင်ယူခဲ့သော အထင်ရှားဆုံး မြန်မာလူမျိုးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို (၂၅-၈-၂၀၁၄) နေ့ စာရေးဆရာများနှင့်တွေ့ဆုံပွဲတွင် မေးခွင့် ရခဲ့ပါသည်။ တော်ဝင်နှင်းဆီသီရိခန်းမ တွင်ဖြစ်ပါသည်။
ကျွန်တော်က Steven Hawkin ရေးသော စာကြောင်းကို ကူးရေးထားသည့်အတိုင်း ဖတ်ပြပါသည်။ ထိုစာကြောင်းမှာ -
“The Prevailing attitude at Oxford at that time was very anti-work.“ ဟု ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က Oxford တက္ကသိုလ်၏ ယခုအခြေအနေကိုတော့ သူမသိကြောင်း။ သို့သော် သူတက်ခဲ့စဉ်အခါက Steven Hawkin ပြောသလိုမဟုတ်ကြောင်း ပြောသည်။ သူသည် အလွန်ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရကြောင်း၊ ကြိုးစားခဲ့ရကြောင်း ကိုပြောသည်။
နောက် သူက ဆက်ပြောသေးသည်။
“Steven Hawkinက လူတစ်မျိုးပါ။ သူပြောတိုင်း ဟုတ်ချင်မှဟုတ်မှာပေါ့။ သူပြောတိုင်း မယုံပါနဲ့ …” တဲ့။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကိုမေးခွင့်ရတုန်း မေးခဲ့တာပါဘဲ။
 
(ဓာတ်ပုံ - ဂျူနီယာဝင်း၊ ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ)